Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁၆.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရတို့၏ သဘောတူချက်အရ ချင်းအမျိုးသားနေ့ ပြန်လည်ကျင်းပတော့မည်
  2. တောင်သူများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် သင့်တင့်သောအကျိုးအမြတ်ရရှိရန် ကုန်စည်ဒိုင်များမှ ဖြေရှင်းရမည်
  3. မြန်မာ-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးမည်
  4. ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ကျပ်ဘီလီယံ ငါးထောင်ကျော်သုံးစွဲသွားမည်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရတို့၏ သဘောတူချက်အရ ချင်းအမျိုးသားနေ့ ပြန်လည်ကျင်းပတော့မည်

ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာလအတွင်း အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF)တို့၏ ဆွေးနွေးသဘောတူညီချက်အရ ချင်းအမျိုးသားနေ့ကို တရားဝင်ပြန်လည် ကျင်းပပြုလုပ် သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ယခင် အစိုးရများလက်ထက် နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ချင်းအမျိုးသားနေ့ကို တရားဝင်ကျင်းပပြုလုပ်ခွင့် မရရှိခဲ့ဘဲ ပြည်နယ်နေ့အဖြစ်သာ ကျင်းပခွင့်ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦးတို့မှ ပြီးခဲ့သည့် ၂၀၁၂ ဇန်နဝါရီလ ၆ ရက်နေ့တွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ ချင်းအမျိုးသားတို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေး၊  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပါအဝင် အချက်(၅၁)ချက်ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့ထိတိုင်ကျင်းပမည့် ချင်းအမျိုးသားနေ့တွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ နပန်းအားကစား ပြိုင်ပွဲများကို စမ်းမြို့ရပ်ကွက်ရှိ စတော်မ်းအားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည့်အပြင် ချင်းပြည်နယ်၊ ပာားခါးမြို့တွင်လည်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ချင်းအမျိုးသားပွဲတော်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိအစိုးရသစ်လက်တွင် ချင်းပြည်နယ်နေ့ကို တရားဝင်ကျင်းပပြုလုပ်ခွင့် ပြန်လည်ရရှိသကဲ့သို့ ချင်းအမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်နိုင်ရေးကိုလည်း ချင်းအမျိုးသားတပ်ဦးအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုစသည့် ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ချင်းအမျိုးသားအောင်ပွဲနေ့၊ သွေးစည်းညီညွှတ်သောနေ့၊ ပြည်သူလူထုဆန္ဒကိုလေးစားသည့် ဒီမိုကရေစီစနစ်အား ထိန်းသိမ်းကာကွယ်မြှင့်တင်သွားမည် ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)မှ သတင်းထုတ်ပြန် ကြေညာခဲ့သည်။

YC

*********************************************

တောင်သူများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် သင့်တင့်သောအကျိုးအမြတ်ရရှိရန် ကုန်စည်ဒိုင်များမှ ဖြေရှင်းရမည်

တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်ရာတွင်ကုန်ကျသည့် ကုန်ကျစရိတ်နှင့် ထုတ်လုပ်မှုများအားရောင်းချရာတွင် သင့်တင့်သောအကျိုးအမြတ် ရရှိမည့်ဈေးနှုန်းများ ဖြစ်ပေါ်လာနိုင်စေရန် ကုန်စည်ဒိုင်များက ထိန်းကျောင်းဖြေရှင်းပေးရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြား သည်။

တောင်သူများမှ ဈေးကွက်အတွင်း ၎င်းတို့၏ကုန်စည်များအားရောင်းချရာတွင် ဈေးနှုန်းအမှန်သိရှိရခြင်း မရှိသည့်အတွက် ကုန်စည်ဒိုင်များမှ ဈေးကွက် ပေါက်ဈေးအမှန် သတင်းအချက်အလက်များကို တောင်သူများထံသို့ ရောက်ရှိနိုင်စေရန် ပညာပေးဆောင်ရွက်ခြင်းနှင့် ဖြန့်ဖြူးခြင်းများကို ပြုလုပ် သွားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကုန်စည်ဒိုင်များအနေဖြင့် ပြည်တွင်းထွက်ကုန်များကို တောင်သူများနှင့်တိုက်ရိုက် ရောင်းဝယ်ခြင်း(သို့) ပြန်လည်ဖြန့်ဖြူး ရောင်းဝယ် ခြင်းများပြုလုပ်ရာတွင် အရည်အသွေးမှန်ကန်ရေးနှင့် စီးပွားရေးကျင့်ဝတ်များကို အပြည့်အဝလိုက်နာ ဆောင်ရွက်သွားရမည် ဖြစ်သည့်အပြင် တောင်သူများ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများကိုလည်း ကုန်စည်ဒိုင်များက ပူးပေါင်းအင်အားဖြင့် ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။

လက်ရှိ မြန်မာ့လယ်ယာကဏ္ဍတွင် တောင်သူများ၏ ထုတ်လုပ်ကုန်များအား ကုန်သည်များလက်သို့ ရောင်းချပြီးချိန်တွင် ကုန်သည်များမှ ဈေး ကစားခြင်း၊ နည်းပညာ နိမ့်ကျမှုကြောင့် တောင်သူများထံသို့ ကုန်စည်သတင်းအချက်အလက် ရောက်ရှိမှုနောက်ကျခြင်း၊ အရင်းအနှီး နည်းပါးသည့်အတွက် တောင်သူတို့၏ စိုက်ပျိုးထုတ်လုပ်ရေးတွင် များစွာအခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

YC

*********************************************************

မြန်မာ-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးမည်

မြန်မာ-အမေရိကန်နှစ်နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံရေးဖွံ့ဖြိုးမှု ဆိုင်ရာများတွင် ဦးစားပေးကူညီ ဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြှင့်တင်ရေးနှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း တွင် အမေရိကန် ပါဝင်ဆောင်ရွက်လာနိုင်ရေးတို့အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်ကုန်သည်အသင်း၊ ဝါရှင်တန်ဒီစီမြို့ အမေရိကန် ကုန်သည်အသင်းများ၊ အမေရိကန်ကုမ္ပဏီများမှ လုပ်ငန်းရှင်များ တက်ရောက်မည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လိုသူ ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးဌာနသို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံသည် မြန်မာအစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြေလျော့မှုအများအပြား ပြုလုပ်ခဲ့သည့်အပြင် နိုင်ငံတွင်းသို့ အမေရိကန်သမ္မတအပါအဝင် အစိုးရအရာရှိများ လာရောက် လည်ပတ်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

YC

********************************************************************

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ကျပ်ဘီလီယံ ငါးထောင်ကျော်သုံးစွဲသွားမည်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကျပ်ဘီလီယံငါးထောင်ကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြုလုပ်ကျင်းပ ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားသည်။

ထို့ပြင် အဆိုပါဘဏ္ဍာနှစ်၏ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများအတွက်မူ ကျပ်ဘီလီယံ တစ်သောင်းသုံးထောင်ကျော်နှင့် သမဝါယမစီးပွားရေး လုပ်ငန်းများအတွက် ကျပ်သန်းတစ်ထောင့် ခြောက်ရာကျော် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍနှစ်အတွက် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၏ သုံးစွဲငွေကို ယခင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်သုံးစွဲငွေထက် ကျပ်ဘီလီယံ တစ်ထောင်ကျော်ခန့် တိုးမြှင့်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်မည့် စီမံကိန်းများအတွက် ဘဏ္ဍာငွေလျာထားချက်မှာ အမြင့်ဆုံးဖြစ်ပြီး ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အတွက်သုံးစွဲမည့် ဘဏ္ဍာငွေလျာထားချက်များမှာ အနိမ့်ဆုံးဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကြာသေးမီ ကာလအတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေများကို အတည်ပြုပြဋ္ဌာန်းလိုက်ပြီး ဖြစ်သည့်အတွက် ပြည်တွင်းသို့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတရှိန်ထိုး ဝင်ရောက်လာမည့်နည်းတူ ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေလိုအပ်ချက်များကို အချိန်မီပြန်လည်ဖြည့်ဆည်းနိုင်ရန် နိုင်ငံတော်အနေဖြင့်အခွန်စနစ်ကို ပြန်လည်ပြုပြင်ပြောင်းလဲခြင်း မျိုး ပြုလုပ်ရမည်ဖြစ်သည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် အခွန်ကင်းလွတ်ခွင့် ပေးထားခြင်းများကိုလည်း ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

YC

*************************************************************************************************************************************

                

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment