Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. တရုတ်နိုင်ငံမှ သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းများအတွက် တာဝန်ခံရန်လိုအပ်
  2. နိုင်ငံတော်အစိုးရနှင့်ပတ်သက်သည့်သတင်းများအား ပြန်ကြားရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကသတင်းစာများအား ပြန်ရောင်းမည်
  3. မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၌ ချက်လက်မှတ်များ ပိတ်သိမ်းပြီ
  4. ဖက်ဒရယ်စနစ် အာဏာခွဲဝေရေး ဖော်ဆောင်မည်
  5. လုံခြုံရေးအခြေအနေကြောင့် ဧရာဝတီတိုင်းဒေသကြီးလွတ်တော်အစည်းအဝေး ရက်အကန့် အသတ်မရှိ ရွေ့ဆိုင်း

တရုတ်နိုင်ငံမှ သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းများအတွက် တာဝန်ခံရန်လိုအပ်

အပြည်ပြည်ဆိုင်ရာ မြစ်တစ်စင်းဖြစ်သည့် သံလွင်မြစ်ပေါ်တွင် တရုတ်နိုင်ငံမှတည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများကြောင့် နိုင်ငံတကာတွင် ဖြစ်ပေါ်လာနိုင်မည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှုများအား ကာကွယ်နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် စီမံကိန်းတည်ဆောက်ခြင်းများအပေါ် နယ်စပ်ဖြတ်ကျော် ထိခိုက်မှု တာဝန်ယူမှု ဆိုင်ရာ ပဋိဉာဉ်စာချုပ်တစ်ခုကို ချုပ်ဆို ထားရန်လိုအပ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သံလွင်မြစ်ပေါ်တွင် တရုတ်နိုင်ငံမှ ရေအားလျှပ်စစ်စီမံကိန်းငါးခုကို လာမည့် ၂၀၁၅ ခုနှစ်အပြီး အကောင်အထည် ဖော်တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံတကာ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများနှင့် ထိခိုက်နစ်နာမှုများအပေါ် တာဝန်ခံမှုဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း၊  လက်မှတ်ရေးထိုးခြင်းမျိုး မရှိသည့်အတွက် တစ်ချိန်ချိန်တွင် ဖြစ်ပေါ်လာမည့် ပြဿနာများအတွက် ခေါင်းရှောင်ခြင်းမျိုးဖြစ်ပွားနိုင်ကြောင်း ပတ်ဝန်းကျင်ထိခိုက်မှုကာကွယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကမ္ဘာ့ အရှည်ဆုံးမြစ် ၂၆ စင်းတွင် တစ်စင်းအပါအဝင်ဖြစ်သော သံလွင်မြစ်အား မြန်မာနိုင်ငံမှ ၄၂ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံမှ ၅၃ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံမှ ၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အဆိုပါမြစ်နှင့်ပတ်သက်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုထားခြင်းလုံးဝမရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း မဲခေါင်မြစ်ပေါ်တွင် တရုတ်နိုင်ငံမှ ဆည်များတည်ဆောက်လိုက်သည့်အတွက် အောက်နိုင်ငံများတွင် မြစ်ရေပြောင်းခြင်းများ၊ စိုက်ပျိုးထုတ်လုပ်နိုင်မှု နည်းပါးသွားခြင်းများဖြစ်ပွားခဲ့ရပြီး ယခု သံလွင်မြစ် ပေါ်တွင် တရုတ်နိုင်ငံမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် ဆည်တည်ဆောက်လိုက်ပါက တရုတ်၏အောက်ဖက်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း အထက်ပါကဲသို့ ဆုံးရှုံးထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့် နယ်စပ်ဖြတ်ကျော်ထိခိုက်ခြင်းများ အပေါ် ထိခိုက်နစ်နာမှုဆိုင်ရာ ပဋိဉာဉ်စာချုပ် ချုပ်ဆိုထားသင့်ကြောင်း သိရသည်။

YC


နိုင်ငံတော်အစိုးရနှင့်ပတ်သက်သည့်သတင်းများအား ပြန်ကြားရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကသတင်းစာများအား ပြန်ရောင်းမည်

နိုင်ငံတော်အစိုးရနှင့်ပတ်သက်သည့် သတင်များအား ပြန်ကြားရေးဝန်ကြီးဌာနမှ လက်ရှိနိုင်ငံတွင်း ထုတ်ဝေလျက် ရှိသော ပုဂ္ဂလိကသတင်းစာများကို ပြန်လည်ရောင်းချပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးဦးရဲထွဋ်က ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရနှင့်ပတ်သက်သည့် သတင်းများနှင့် ဓာတ်ပုံများအား ပုဂ္ဂလိက သတင်းစာများသို့ ပြန်လည်ရောင်းချရာတွင် နိုင်ငံတကာသတင်းဌာနများမှ သတင်းရောင်းချလျက်ရှိသည့် လပေးစနစ်၊ နေ့အလိုက်စနစ် ပုံစံဖြင့် ပြန်လည်ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချမည့်နေ့ရက်နှင့် ပုံစံအတိအကျကို ဧပြီလအတွင်း ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများကို ပြန်လည်ထုတ်ဝေခွင့် ပြုခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှစတင်၍ The Voice Daily၊ ရွှေနိုင်ငံသစ်၊ စံတော်ချိန်နှင့် ပြည်ထောင်စု နေ့စဉ်သတင်းစာများမှာ ဈေးကွက်အတွင်း စတင်ထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ခေတ်မိုး၊ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စုနေ့စဉ်၊ အင်ပါယာ၊ The Messenger၊ နောက်ဆုံးရနေ့စဉ်သတင်းစာ၊ မြန်မာနယူးဝိခ်နေ့စဉ်၊ မဇ္ဈိမ သတင်းဂျာနယ်ရှစ်စောင်အား ပုဂ္ဂလိကနေ့စဉ်သတင်းစာထုတ်ဝေခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် သတင်းစာ ၆ စောင်အား လျှောက်လွှာတွင် လိုအပ်ချက်များ ရှိသောကြောင့် လိုအပ်ချက်များပြန်ဖြည့်၍ ပြန်လည်လျှောက်ထားရန် အကြောင်းကြားခဲ့သည့်အပြင် စိစစ်ဆဲလျှောက်လွှာ ၃ စောင်နှင့် ထပ်မံလျှောက်ထားမည့် လျှောက်လွှာများကို မတ်လနောက်ဆုံးပတ်တွင် ကျင်းပမည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ကြီးကြပ်မှုဗပာိုအဖွဲ့အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

YC


မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၌ ချက်လက်မှတ်များ ပိတ်သိမ်းပြီ

မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၌ ငွေလာရောက်ထုတ်ယူရာတွင် ချက်လက်မှတ်နှင့် ထုတ်ယူနေမှုများကို လက်ခံမည်မပာုတ်တော့ဘဲ ၎င်းတို့ထံမှ ဖောင်တစ်စောင်လျှင် ၂၀၀ ကျပ်ဖြင့်ဝယ်ယူ၍ တစ်နေ့လျှင် ဒေါ်လာတစ်သောင်းနှုန်း ကိုသာ ထုတ်ယူနိုင်တော့ကြောင်း အဆိုပါဘဏ်၌ ငွေသွားရောက်ထုတ်ယူခဲ့သူတစ်ဦးက ဆိုသည်။

“ချက်နဲ့လာထုတ်ရင်လုံးဝလက်မခံတော့ဘူး။ သူတို့ဆီကနေ ဖောင်တစ်စောင်ကို ၂၀၀ ကျပ်နဲ့ဝယ်ရတယ်။ ဒါနဲ့ ကျွန်မတို့ ချက်လက်မှတ်တွေ ဘာလုပ်ရမလဲဆိုတော့ ချက်လက်မှတ်အကုန်လုံးကို လွှင့်ပစ်လိုက်တော့လို့ အဲ့ဒီက တာဝန်ရှိသူ က ပြောတယ်။ အဲ့ဒီဖောင်မှာဖြည့်ပြီးတော့ FEC နဲ့လိုချင်တယ်ဆိုတော့ FEC နဲ့မပေးဘူး ဒေါ်လာနဲ့ပဲပေးတယ်”ပာု ၎င်းက ပြောကြားသည်။

ယခင် အဆိုပါဘဏ်၌ ငွေထုတ်ယူမှုများပြုလုပ်ရာတွင် ချက်လက်မှတ်၌ ဘဏ်မှခွင့်ပြုထားသည့် တာဝန်ရှိသူနှစ်ဦး၏ လက်မှတ်ပါရှိမှသာ ငွေထုတ်ယူခွင့်ရှိပြီး FEC ဖြင့်သာ ငွေထုတ်ပေးလေ့ရှိသော်လည်း ယခုအခါ ချက်လက်မှတ်နှင့် လက်မခံတော့ဘဲ ငွေထုတ်ယူရန်ဖောင်၌ဖြည့်၍ တစ်ကြိမ်လျှင် ဒေါ်လာတစ်သောင်းသာ ထုတ်ယူခွင့်ရှိတော့ကြောင်း သိရသည်။

“တစ်နေ့ကို ဒေါ်လာတစ်သောင်းပဲထုတ်ပေးတယ်။ တစ်သောင်းထက် ပိုထုတ်ချင်တဲ့သူတွေကတော့ နောက်နေ တွေမှာပါ တစ်နေ့ကိုတစ်သောင်းစီ လာထုတ်လို့ရတယ်လို့ပြောတယ်”ပာု ၎င်းကဆက်လက်ပြောကြားသည်။

YC


 ဖက်ဒရယ်စနစ် အာဏာခွဲဝေရေး ဖော်ဆောင်မည်

တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရာတွင် ဖက်ဒရယ်စနစ်ဖြင့် အာဏာခွဲဝေ ကျင့်သုံးနိုင်မည့်အချက်များကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကနဦးအနေဖြင့် ဆွေးနွေးရမည့် အခြေခံအချက်အလက်များကို သတ်မှတ်နိုင်ရန်အတွက် ဖက်ဒရယ် စနစ်အာဏာ ခွဲဝေကျင့်သုံးရေးနှင့် သယံဇာတခွဲဝေကျင့်သုံးရေး အချက်နှစ်ချက်ကို အဖွဲ့အစည်းအသီးသီးမှ လက်ခံနိုင်သော အဓိပ္ပာယ် ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း က ထပ်မံပြောကြားခဲ့သည်။

တစ်မျိုးသားလုံးစည်းလုံး ညီညွတ်မှုရှိမှသာလျှင် အမှီအခိုကင်းကင်းဖြင့် မိမိကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်မည် ဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် ကရင်တစ်အမျိုးသားလုံးမျှော်လင့်ခဲ့ရသော အပြန်အလှန် လေးစားမှုရှိသော တန်းတူ ညီမျှဆက်ဆံရေး၊ ဂုဏ်သိက္ခာရှိသော ဆွေးနွေးညှိနှိုင်းမှုများကို နိုင်ငံရေး စားပွဲဝိုင်းတွင် ဆွေးနွေးခွင့်ရရှိတော့မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဖဒိုမန်းငြိမ်းမောင် ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ထွက်ပေါ်လာမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သက်ဆိုင်သည့် ခိုင်မာသော Institution များပေါ်ပေါက်လာနိုင်စေရေးအတွက် အဓိက ဆောင်ရွက်ရမည် ဖြစ်ပြီး နိုင်ငံသားအားလုံးသည် မိမိတို့၏ မျိုးနွယ်စုနေရာဒေသ၊ ကိုးကွယ်သည့်ဘာသာ၊ ဓလေ့ထုံးတမ်းစဉ်လာ ဓလေ့များပါဝင်သော ကိုယ်ပိုင် Indentity များနှင့် မျိုးနွယ်စုအားလုံးမှ ဘုံသဘောတူ ကျင့်သုံးနိုင်သော Common National Identity များပါဝင်သည့် အမျိုးသားသွေးစည်းညီညွတ်ရေး လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားကြရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများအတွက် ပေးအပ်ထားသော အချက်များ အမှန်တကယ် ပေါ်ထွက်လာနိုင်စေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ဖက်ဒရယ်စနစ် ဆိုသော်ငြားလည်း ဗဟိုအစိုးရမှ ချုပ်ကိုင်ထားသော စနစ်သာဖြစ်နေပါက အသုံးဝင်မည်မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် စောသမိန်ထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။

YC


လုံခြုံရေးအခြေအနေကြောင့် ဧရာဝတီတိုင်းဒေသကြီးလွတ်တော်အစည်းအဝေး ရက်အကန့် အသတ်မရှိ ရွေ့ဆိုင်း

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အချို့တွင်ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးဆူပူ အကြမ်းဖက်ဖျက်ဆီးမှုများ ကြောင့် ပြည်တွင်းမတည်ငြိမ်မှုများဖြစ်ပေါ်နေသည့်အတွက် ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးကို ယခင် ငါးရက်ကျင်းပရန် သတ်မှတ်ထားရာမှ ယခုအခါ နှစ်ရက်သာ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။

ယခင် မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကျင်းပရန်  သတ်မှတ်ထားသော်လည်း မြို့နယ်အချို့တွင် ဖြစ်ပေါ်လျက်ရှိသော ဆူပူအကြမ်းဖက်မှုများ ကူးစက်လာမည်ကို စိုးရိမ်သည့် အတွက် ကျန်သုံးရက်ကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက ပြောကြားခဲ့သည်။

နိုင်ငံတော် လုံခြုံရေးအခြေအနေအရ လွှတ်တော်အစည်းအဝေးကို နှစ်ရက်ထက် ပိုမိုကာကျင်းပရန် မသင့်တော် သကဲ့သို့ လုံခြုံရေးမှာလည်း ၎င်းတို့တိုင်းဒေသကြီးအတွက် အရေးကြီးပြီး သက်ဆိုင်ရာဝန်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များက ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး ဆဋ္ဌမအကြိမ် လွှတ်တော်အစည်းအဝေးကို မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့ နှစ်ရက်တွင်သာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် လူမှုရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် ဒေါ်ခင်စောမူက ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ဒေသဖွံဖြိုးရေးအတွက် မေးခွန်းများမေးမြန်းခြင်းနှင့် အဆို (၃) ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွေ့ဆိုင်းလိုက်သည့် လွှတ်တော်အစည်းအဝေးကို သင်္ကြန်ကာလအပြီးတွင် ပြန်လည်ကျင်းပနိုင်ဖွယ် ရှိကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက ထပ်မံပြောကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                       YC


 

 

 

        

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment