Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

 “အရေအတွက်ဘယ်လောက်ရမယ်ဆိုတာ မသိရသေးပါဘူး။ အစည်းအဝေးမှာတုန်းကတော့ လူဦးရေ အချိုးအစားအလိုက် ပေးမယ်ပြောပါတယ်။ ရလာမယ့်ခွဲတမ်းရဲ့ သုံးပုံတစ်ပုံကို ဝန်ထမ်းတွေနဲ့ ကျန်နှစ်ပုံကို ပြည်သူလူထုကိုရောင်းချပေးဖို့ နေပြည်တော်အစည်းအဝေးတုန်းကတော့ သမ္မတကြီးက ညွှန်ကြားထားတာ ရှိပါတယ်။ လက်ရှိတော့ ကျွန်တော်တို့မြို့နယ် အလိုက် လူဦးရေစာရင်းကောက်နေပါတယ်။ ရောင်းချရေး အစီအစဉ်ကတော့ အတိအကျမသိသေးပါဘူး”

ဧပြီလ ၁၂ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၆) တွင်ပါရှိသော “တန်ဖိုးနည်းဖုန်း ရောင်းချရေး ဒေသဆိုင်ရာ အစိုးရအဖွဲ့များ အစီအစဉ်အတိအကျမသိ” သတင်းမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်မတို့ (KOICA) ကအရင်ကတည်းက မြန်မာနဲ့နိုင်ငံအတွက် စီမံကိန်းတွေအများကြီး လုပ်ဖူးပါတယ်။ ဒီစီမံကိန်းကတော့ ၂၀၁၃ ခုနှစ် အတွက် ပထမဦးဆုံးပါ။ ပထမဦးဆုံးစီမံကိန်းကို အခုအချိန်ကနေ စတင်လုပ် ကိုင်သွားမှာဖြစ်ပြီး စီမံကိန်း ကာလကတော့ တစ်နှစ်ကျော်ကြာမြင့်မှာပါ။ ဒီစီမံကိန်းကတော့ မြန်မာနိုင်ငံက အဝေးပြေးလမ်းမကြီးတွေအတွက် Master Plan ကို ကိုးရီးယားပညာရှင်တွေနဲ့ မြန်မာပြည်က ပညာရှင်တွေ ပူးပေါင်းရေးဆွဲသွားမှာပါ။ နောက်ပြီး မုံရွာ၊ ပုလဲ နဲ့ဂန့်ဂေါ ဘက်ကိုတော့ ဆက်ပြီးတိုးချဲ့နိုင်မလားဆိုတာကို လေ့လာမှုတွေလုပ်ဖို့ရှိတယ်”

ဧပြီလ ၁၂ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၆) တွင်ပါရှိသော “အဝေးပြေးလမ်းကြီး များစီမံကိန်းအား ကိုရီးယားက ရေးဆွဲမည်” သတင်းမှ KOICA မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မခင်သက်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခုထုတ်ချေးမယ့်ချေးငွေတွေက တောင်သူတွေအတွက် တစ်ဝက်က အကြွေးပြန်ဆပ်ဖို့ဖြစ်မယ်။ ဒီတော့ မှတ်ပုံမတင်ရ သေးလည်း  ချေးငွေရရှိအောင် လုပ်ဖို့လိုတယ်။ စိုက်ပျိုးရေးချေးငွေ ထုတ်ပေးတဲ့ ဘဏ်တွေနဲ့ လည်း ဟိုဘဏ်ကထုတ်ချေး ပေးမယ်၊ ဒီဘဏ်ကထုတ်ချေးပေးမယ်လို့ သဘောမထားနဲ့။ လယ်ယာကဏ္ဍကို ရင်းနှီးမြှုပ်နှံတယ်လို့ သဘောထားရမယ်။ ဒီငွေကြေးတွေဟာ ပြည်သူ့ဘဏ္ဍာဖြစ်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေအကျိုးအတွက်ပဲ ပြန်အသုံးပြုပေးသွားမှာပါ”

ဧပြီလ ၁၁ ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “လယ်ယာမြေမှတ်ပုံတင် မပြီးပေမယ့် မေလမှာ ငွေချေးမယ် ဟိုဘက်ဒီဘက် သဘောမထားနဲ့ ရင်းနှီးမြှုပ်နှံတာ” သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်ဘက်ကသူ့ကိုပေးထားချက်ကို ပြန်ပြီးသုံးသပ်သင့်တယ်။ လူ့အခွင့်အရေးကော်မရှင်အဖြစ် လက်ခံ သင့် မသင့်၊ ဘာကြောင့်လဲဆိုရင် နှစ်ဖက်အမြင်ကိုမပြောဘဲ တစ်ဖက်အမြင်ပဲ လုပ်တဲ့အတွက် သူ့ကို ကျွန်တော်တို့တိုင်းပြည်ထဲ နောက်ထပ်လာပြီးတော့ လူ့အခွင့်အရေးစုံစမ်းမှု ပြုတဲ့အခါတွေမှာ သံတမန်အရရော အပ်စပ်ရဲ့လားဆိုတာ မေးခွန်းထုတ်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ သူ့ကို အခုအချိန်မှာ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးအဖြစ် ခွင့်မပြုသင့် တော့ဘူး”

ဧပြီလ ၁၆ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၃) တွင်ပါရှိသော “မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ခွင့်မပြုသင့်တော့ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ပြော” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သမ္မတ Tony Tan ကတိပေးခဲ့တဲ့အတိုင်း မြန်မာလုပ်သားတွေ၊ ဝန်ထမ်းတွေကို ကျွမ်းကျင်အဆင့်ရောက် အောင် ပြုစုပျိုးထောင်ပေးဖို့ရန်ကုန်မှာ အသက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းတည်ထောင် သွားမှာပါ”

ဧပြီလ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “စင်ကာပူက လူ့စွမ်းအားရင်းမြစ် အရည်အသွေး တိုးတက်ရေး ကူညီမည်” သတင်းမှ စင်ကာပူ ဖွံ့ဖြိုးရေးဝန်ကြီး Khaw Boon Wan ၏ ပြော ကြားချက်အား ကောက်နှုတ်ချက်။


 သတင်းတိုများ

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြရန် သက်ဆိုင်ရာအစိုးရမှ ခွင့်ပြု

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တရုတ်နိုင်ငံ (CNPC)ကုမ္ပဏီမှတည်ဆောက်လျက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း ရပ်ဆိုင်းရေး၊ ဆုံးရှုံးလယ်ယာမြေများ လျော်ကြေးငွေအပြည့်အဝရရှိရေးနှင့် ကျေးရွာများအား လျှပ်စစ်မီးအပြည့်အဝ ပေးရေးတို့အတွက် အဆိုပါဒေသရှိ ဒေသခံများက ဆန္ဒပြရန်လျှောက်ထားမှုအား သက်ဆိုင်ရာပြည်နယ်အစိုးရမှ ခွင့်ပြုပေး လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

၄၈ လမ်း၊ ဗလီမီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာထုတ်ပြန်

ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်း ဗလီမီးလောင်ရာတွင် လူ ၁၃ ဦးသေဆုံးခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရာတွင် ဗလီဆရာနှစ်ဦး၏ ပေါ့လျော့အားနည်းမှုများကြောင့် မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါမီးလောင်မှု၏ အဓိကတရားခံများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

၄၈ လမ်းဗလီမီးလောင်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧပြီလ ၂ ရက်နေ့တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ပြုလုပ်ခဲ့သော သတင်းမီဒီယာတွေ့ဆုံရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ရှမ်းပြည်နယ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အစိုးရအကာအကွယ်ပေးနေပာု PWO စွပ်စွဲ

လက်ရှိအချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ မြန်မာအစိုးရမှ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုများအပေါ် အရေးယူ ဆောင်ရွက်ခြင်းမရှိသည့်အပြင် အကာအကွယ်ပေးမှုများပါ ပြုလုပ်လျက်ရှိသည့်အတွက် အဆိုပါဒေသ၌ ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ ပိုမိုများပြားလာလျက်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် PWO မှ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ပန်းဆေးဒေသရှိ ဘိန်းချက်စခန်း ၃ ခုကို တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရအဖွဲ့နှင့် ပန်းဆေးပြည်သူ့ စစ်များက ပူးပေါင်း၍ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး ဧပြီလ ၉ ရက်နေ့ထိတိုင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

 

ယခုနှစ်သင်္ကြန် အမျိုးသမီးများဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကြောညာချက် ထုတ်ပြန်

၂၀၁၃ မြန်မာ့သင်္ကြန်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ဝတ်စားဆင်ယင်မှုများ၊ မဖွယ်မရာ ပြုမှုများကိုတွေ့ရှိပါက ဒဏ်ငွေ ၂၀၀ ကျပ်ဖြစ်စေ၊ ထောင်ဒဏ်သုံးလဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြစ်မှုပုဒ်မ ၂၉၀/၂၉၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယခင် သင်္ကြန်ပွဲတော်ကာလများအတွင်း အမျိုးသမီးများ၏ အဆင်မခြင်ဝတ်ဆင်မှုများ၊ မဖွယ်မရာပြုမူသည့် ပုံနှင့် စာများမှာ အင်တာနက်နှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ပျံ့နှံ့ခဲ့သည့်အတွက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်၍ တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွက် ဘတ်ဂျက်လိုငွေပြ

မတ်လနောက်ဆုံးပတ်၌ ကျင်းပခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အသုံးစရိတ်အတွက် လျာထားချက်တွင် ကျပ်ငွေ ၄၈ ဘီလီယံ(ကျပ်သန်းပေါင်း ၄၈,၁၇၅.၈ သန်း) လိုငွေပြလျက်ရှိကြောင်း တင်ပြခဲ့သည်။

လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းတံတားများ တိုးချဲ့ဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လျာထားသည့် ယခုကဲ့သို့ လိုငွေပြရခြင်းဖြစ်ကြောင်း ဝန်ကြီးတစ်ဦးက ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment