Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မြန်မာနိုင်ငံတွင်အကောင်အထည်ဖော်မည့် လူမှုရေး၊ စီးပွားရေး အထောက်အကူပြု စီမံချက်များနှင့် ပတ်သက်ပြီး ILO ရှင်း လင်းမည်
  2. ပြည်တွင်း ပဋိပက္ခများကို ပျော့ပျောင်းထိရောက်စွာကိုင်တွယ်ရန် ဦးသိန်းစိန်အား ဗြိတိန်ဝန်ကြီးချုပ်တိုက်တွန်း
  3. နိုင်ငံတကာအကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများ တားဆီးနိုင်ရန် အီးယူ ပူးပေါင်း ကူညီမည်


 

မြန်မာနိုင်ငံတွင်အကောင်အထည်ဖော်မည့် လူမှုရေး၊ စီးပွားရေး အထောက်အကူပြု စီမံချက်များနှင့် ပတ်သက်ပြီး ILO ရှင်းလင်းမည်

ILO ၏ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် လူမှုရေး၊ စီးပွားရေးအထောက်အ ကူပြုစီမံချက်များနှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် သစ္စာလမ်း အမှတ် ၁ (က)ရှိ ILO ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားမည်ဖြစ်ကြောင်း ILO ရန်ကုန်ရုံးမှ သိရှိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇွန် ၅ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၏ ရလာဒ်များ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ တိုးတက်မှုနှင့် မြန်မာနိုင်ငံအပေါ် ILO ၏ အရေးယူပိတ်ဆို့မှုများအားလုံး ရုတ်သိမ်းသည့် ဆုံးဖြတ်ချက်စသည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက်အလုံးစုံကို ရုတ်သိမ်းပေးခဲ့ ပြီး အဓမ္မစေခိုင်းမှု အလုံးစုံပ ပျောက်ရေးလုပ်ငန်းစီမံချက်များကို ဆက်လက်လုပ်ဆောင် ရန် ILO ရုံးနှင့် မြန်မာနိုင်ငံအစိုးရတို့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံမှ တိုက်တွန်းခဲ့ကြောင်း အလုပ်သမား၊ အလုပ်ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဇွန်လ ၁၈ ရက်က သတင်းထုတ်ပြန် ထားခဲ့သည်။

မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ် များတွင် ပြုလုပ်ခဲ့သည့် (၈၇)ကြိမ်မြောက်နှင့် (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတို့မှ မြန်မာနိုင်ငံ အပေါ် တားမြစ်ကန့်သတ်သော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဇွန်လအတွင်းပြုလုပ်သည့် (၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာညီလာခံတွင် တားမြစ်ကန့်သတ်ချက်အချို့ကို ရုတ်သိမ်းပေးခဲ့ပြီး ယခုနှစ် ညီလာခံ တွင်မူ တားမြစ်ကန့်သတ်ချက်အားလုံးကို ရုတ်သိမ်းပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် ညီလာခံမျက်နှာစုံညီအစည်းအဝေးဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံတွင် အဓမ္မစေခိုင်းမှု ပပျောက်သည့်အချိန်ထိ ILO ညွှန်ကြားရေးမှူးချုပ်မှ မတ်လ အုပ်ချုပ်မှု အဖွဲ့အစည်းအဝေးများသို့ အစီရင်ခံစာတစ်စောင်တင်သွင်းရန်နှင့် မြန်မာနိုင်ငံတွင် အဓမ္မစေခိုင်းမှုပပျောက်ရေးနှင့် လူမှုရေးညီညွှတ်မှုပိုမိုဖြစ်ထွန်းရေးအတွက် ILO ၏ အကူအညီဖြင့် မြန်မာနိုင်ငံအစိုးရ၏  ကြိုးပမ်းအား ထုတ်မှုများအတွက် ငွေကြေးအထောက်အပံ့နှင့် အကူအညီများကို အလုပ်သမားနှင့် အလုပ်ရှင်အဖွဲ့အစည်း များအပါအဝင် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်တို့ဖြင့် ဖွဲ့စည်းထားသည့် ILO အဖွဲ့ဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ပံပိုးပေးကြရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။


ပြည်တွင်း ပဋိပက္ခများကို ပျော့ပျောင်းထိရောက်စွာကိုင်တွယ်ရန် ဦးသိန်းစိန်အား ဗြိတိန်ဝန်ကြီးချုပ်တိုက်တွန်း

မြန်မာနိုင်ငံပြည်တွင်း၌ ဖြစ်ပွားခဲ့သော လူမျိုးဘာသာရေးဆိုင်ရာ ပဋိပက္ခများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံပြည်ထောင်စုအစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းရာ၌ သွေးထွက်သံယိုဖြစ်မှုအနည်း ဆုံးဖြင့် ထိထိရောက်ရောက် ဖြေရှင်း သွားရန် ဗြိတိန်နိုင်ငံမှ မြင်တွေ့လိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက တိုက်တွန်း ပြောကြားလိုက်သည်။ ဗြိတိန်ဝန်ကြီးချုပ်၏ ဖိတ်ကြား ချက်အရ ဗြိတိန်နိုင်ငံသို့ နှစ်ရက်တာ တရားဝင်ခရီးရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ ဇူလိုင်လ ၁၅ ရက်က အမှတ် ၁၀၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့ရှိ ဗြိတိန် ၀န်ကြီး ချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးစဉ် အိမ်ရှင်ဝန်ကြီချုပ်က ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ပြည်တွင်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းများ ကိုကူညီပံ့ပိုး သွားမည်ဖြစ်သည့်အပြင် စစ်ရေးလေ့ကျင့်မှုများကိုလည်း တရားဝင်ကူညီနိုင်ရန်အတွက် ကမ်းလှမ်း သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ၏ တယ်လီဂရပ်ဖ်သတင်းစာတွင် ဖော်ပြထားချက်မှ သိရသည်။ ထို့အတွက် ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ယင်း၏ ကာကွယ်ရေး ကောင်စစ်ဝန် (Defense Attaché) ကိုလည်း မကြာမီ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အစောပိုင်းကာလများတွင် မြန်မာ နိုင်ငံ၌ ဗြိတိန်သံအမတ်တစ်ဦးထား ရှိရေး ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်မှ တောင်းဆိုခဲ့ရာတွင် ဗြိတိန်နိုင်ငံ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး ဆာဒေးဗစ်ရစ်ချက်ကလည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ဆွေးနွေးခဲ့ပြီးဖြစ်သည်။

ဗြိတိန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီယန္တယား ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အဓိကထားကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေးတင်းမာမှုများ လျှော့ချခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပြည် တွင်းပဋိပက္ခများကို ကိုင်တွယ် ဖြေရှင်းရာတွင် နည်းစနစ်ကျနစေရန်အတွက် အကူအညီများပေးအပ်သွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးမှ အငယ်တန်း ၀န်ကြီး ဟူဂိုဆွိုင်ယာမှဆိုသည်။

“မြန်မာနိုင်ငံမှာ ဘယ်လောက်တောင်လုပ်စရာတွေရှိတယ်ဆိုတာ ကျွန်တော်တို့ လျှော့မတွက်ပါဘူး။ ဒါပေမယ့် လည်း မြန်မာပြည်သူတွေ အပြောင်းအလဲတွေ လုပ်ဆောင်နိုင်ဖို့ ကူညီရာမှာ ကျွန်တော်တို့ပါဝင်ပေးဖို့ အရေးကြီးပါတယ်”ဟု မစ္စတာဆွိုင်ယာ မှမှတ်ချက်ပြုသည်။ ထို့အတွက် မှန်ကန်သောနည်းလမ်းမှာ မြန်မာနိုင်ငံ တွင်လက်ရှိ တာဝန်ထမ်းဆောင်နေသော အစိုးရအရာရှိများ ကို ဗြိတိန်တွင် လက်ခံခြင်းဖြင့်သော်လည်းကောင်း ဗြိတိန်မှ အရာရှိ များအား မြန်မာနိုင်ငံသို့စေလွှတ်ခြင်းဖြင့်သော်လည်းကောင်း နှစ်နိုင်ငံပူးပေါင်းခြင်းဖြင့် အခက် အခဲများကို ကျော်လွှားနိုင်ကြောင်း ၎င်းမှထပ်လောင်းပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ ဗြိတိန်ခရီးစဉ်နှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေးရုံးမှ ပြောရေးဆိုခွင့်ရ ပိုတစ်ဦးမှလည်း “မြန်မာနိုင်ငံရဲ့လွန်ခဲ့တဲ့ ၁၈ တာကာလအတွင်း ထင်ရှားတဲ့ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ အသိအမှတ်ပြုလို ပါတယ်။ တစ်ဆက်တည်းမှာပဲ လူမျိုးရေးပဋိပက္ခတွေနဲ့ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု တွေအပေါ်မှာလည်း ကျွန်တော်တို့ အလွန်ပဲ စိုးရိမ်ပူပန်နေပါတယ်”ဟု ဆိုသည်။

သို့သော် လန်ဒန်အခြေစိုက် Burma Campaign (UK) အဖွဲ့ကမူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဇူလိုင် ၁၅ ဗြိတိန် ခရီးစဉ်ကို ကန့်ကွက်မှုများပြုလုပ်ခဲ့သည်။ ယင်းအဖွဲ့က လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ရာတွင် ဦးဆောင်သင့်သူမဟုတ် ကြောင်းနှင့် ဗြိတိန်အစိုးရမှာလည်း မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ပဋိပက္ခများကို ဗန်းပြပြီး ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေးကဏ္ဍများကို ဦးတည်နေခြင်းသာဖြစ်ကြောင်း ဝေဖန်ပြောဆိုလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ဗြိတိန်ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်၊ စီးပွား ရေး၊ ကုန်သွယ်ရေးဆိုင်ရာ ၀န်ကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒီအေပီသတင်းဌာန ၏ဖော်ပြချက်မှ သိရသည်။

အီးယူသည်လက်ရှိအချိန်၌ မြန်မာနိုင်ငံအပေါ်တွင် လက်နက်ရောင်းချမှုမှအပ အခြားပိတ်ဆို့မှုများအားလုံး ရုတ်သိမ်းပြီးဖြစ်သည်။ မြန်မာ့ခေါင်းဆောင်များအနေဖြင့် ယခုနိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ် သည် ၁၉၈၆ ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဗြိတိန်သို့ လာရောက်ပြီးသည့်နောက် ၂၇ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ်တရားဝင် သွားရောက်ခြင်းဖြစ်သည်။


 

နိုင်ငံတကာအကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများ တားဆီးနိုင်ရန် အီးယူ ပူးပေါင်းကူညီမည်

အာဆီယံနိုင်ငံများရှိ ကားလမ်း၊ ရထားလမ်းများတွင် ဖြတ်သန်းသွားလာ ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော နိုင်ငံဖြတ်ကျော် မှုခင်းပြစ်မှုများကို တားဆီး နှိမ်နင်းရန် ဥရောပသမဂ္ဂ အကူအညီဖြင့် နယ်စပ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တစ်ခုကို ပြုလုပ်လျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာန ဒုတိယ ညွှန်ကြားရေးမှူးဦးမြတ်သူ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါစနစ်ကို အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) စတင်အသက်ဝင် သည့်အချိန်တွင်  အာဆီယံနိုင်ငံများသို့ ဆက်သွယ်ထားသည့် ကားလမ်း၊ ရထားလမ်း များမှတစ်ဆင့် ဖြတ်သန်းသွားလာဆက်ဆံမှုများ၌ အခြားနောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပေါ် လာစေရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်။

“အာဆီယံ အသိုက်အ၀န်း စတင်ချိန်မှာ ဖြစ်လာနိုင်တဲ့ Negative Impacts အတွက် Bordering Management လုပ်နေတာ ပါ။ လက်ရှိမှာ EU နဲ့ ပူးပေါင်းပြီး အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်နေပါတယ်။ ပညာပေးမြှင့်တင်မှုတွေ လုပ်နေပါတယ်။ အာဆီယံမှာ ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေ၊ အကောက်ခွန်ဦးစီးဌာနတွေ လိုမျိုး အဓိက ထိတွေ့ရတဲ့ ဌာနတွေ ပေါင်းပြီး ဖြစ်လာနိုင်တဲ့ မှုခင်း တွေကို တားဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ဦးမြင့်သူက ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၀၇ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေး၏ အကြမ်းဖက်မှုတိုက် ဖျက်ရေး သဘောတူညီချက်အရ အကြမ်းဖက်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်ရေး နှင့် အပြန်အလှန် ဥပဒေရေးရာ အထောက်အကူပြုရေး နိုင်ငံစုံသဘောတူညီချက်တို့အား အာဆီယံနိုင်ငံများနှင့် သဘောတူညီမှု ရယူနိုင်ခဲ့သည့် အပြင် ယခုလက်ရှိ အာဆီယံနိုင်ငံများအကြားတွင် ဖြစ်ပေါ်လျှက်ရှိသော တရားမ၀င် မူးယစ်ဆေးဝါး ပြဿနာများကို စုပေါင်း ကိုင်တွယ် ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ အပါအဝင် မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ ကုလသမဂ္ဂရုံးများနှင့် လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိနေကြောင်း သိရှိရသည်။

“နိုင်ငံတကာ ရဲတပ်ဖွဲ့အကူအညီနဲ့ ဒုစရိုက်သမားတွေရဲ့ သတင်းအချက်အလက်တွေ ရမယ်ဆိုရင် နိုင်ငံဖြတ်ကျော် မှုခင်းတွေကို အလွယ်တကူ တားဆီးဖော်ထုတ်နိုင်ပါမယ်။ ဒါ့အပြင် တစ်ဖက်နိုင်ငံမှာ မူးယစ်ဆေးဝါးလို ပြဿနာမျိုး၊ အကြမ်းဖက်မှုမျိုး လုပ်ပြီး မြန်မာနိုင်ငံအတွင်းကို နယ်စပ်ကနေ ခိုးဝင်လာတဲ့ တရားခံမျိုးတွေကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်း ဖော်ထုတ်တာ မျိုးတွေ လုပ်နိုင်ပါမယ်” ဟု ဦးမြတ်သူက ဆက်လက်ပြောကြားသည်။

နယ်စပ်ဖြတ်ကျော်မှုခင်းများ နှင့် နိုင်ငံတကာ အကြမ်းဖက်မှုများကို ထိရောက်စွာ အရေးယူနှိမ်နင်းမည့် ယခုစီမံကိန်းကို ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့နှင့် ပြည်ထဲရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဦးစီးဌာန၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ စသည့် အဖွဲ့များ ပါဝင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နှစ်စဉ်ကြိုးပမ်းလျက်ရှိသော်လည်း ကမ္ဘာ့ဘိန်း စိုက်ပျိုးမှု အများဆုံးနိုင်ငံများ စာရင်းတွင် ဒုတိယ စိုက်ပျိုးမှု အများဆုံးနိုင်ငံ အဖြစ် ဆက်လက် ရှိနေဆဲပင်ဖြစ်ပြီး မြန်မာနိုင်ငံမှ ထွက်ရှိနေသော ဘိန်း နှင့် အခြားဆေးဝါး များကို အဓိက ၀ယ်ယူတင်ပို့နေသည့် နိုင်ငံမှာ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

 


        

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment