Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ရန် ၀န်ထမ်းတစ်သိန်းကျော် နေ့စားခန့်မည်
  2. ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ပင်လုံစိတ်ဓါတ်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
  3. စီမံကိန်းများအတွက် မြေနေရာခွဲဝေမှုဆိုင်ရာ မူဝါဒများ ရေးဆွဲရာတွင် USAID မှနည်းပညာကူမည်


ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ရန် ၀န်ထမ်းတစ်သိန်းကျော် နေ့စားခန့်မည်

လာမည့်နှစ်တွင် တစ်နိုင်ငံလုံးသန်းခေါင်စာရင်း ကောက်ယူရေးအတွက် ၀န်ထမ်း အင်အားတစ်သိန်းနှစ်သောင်း လိုအပ်နိုင် မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက ခန့်မှန်းထားပြီး ယင်းဝန်ထမ်းများနေရာတွင် ပညာရေး ၀န်ထမ်း များကို နေ့စားအဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်း၏ အမျိုးသား အဆင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဒေသအလိုက်စာရင်းကောက်ခံမည့် ၀န်ထမ်းတစ်သိန်းနှင့် ကြီးကြပ်စစ်ဆေးမည့် စာရင်းစစ် နှစ်သောင်းခန့်ထားမည်ဖြစ်ပြီး အခြားဝန်ထမ်းများထက် ပညာရေးဝန်ထမ်း များက တစ်နိုင်ငံလုံးအတိုင်းအတာ ရောက်ရှိနိုင်သောကြောင့် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းကာစီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“စာရင်းကောက်တဲ့ ဆရာမလေးတွေကို တစ်နေ့ကျပ်သုံးထောင်နဲ့ ကြီးကြပ်တဲ့ ဆရာမတွေကို ကျပ်လေးထောင် ဆိုပြီးသတ်မှတ်ထားပါတယ်” ဟုလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ သည်။

အဆိုပါသန်းခေါင်စာရင်းကောက်ယူမှုစီမံကိန်းတွင် လက်နက်ကိုင်ပဋိပက္ခဒေသများ အပါအ၀င် မြန်မာနိုင်ငံနယ်နမိတ် အတွင်း အားလုံးကို ကောက်ခံသွားမည်ဖြစ်ပြီး ဒေသ တစ်ခုနှင့်တစ်ခု ကောက်ခံမှုနည်းဗျူဟာများ ကွဲပြားသွားရန်ရှိကြောင်း အမျိုး သားအဆင့် အရာရှိတစ်ဦးက ဖြည့်စွက်ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်က ပဋိပက္ခဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများ တွင် သန်းခေါင်စာရင်း ကောက်ယူ မှုကို အထူးအစီစဉ်ဖြင့် ဆောင်ရွက်သွားရန်ရှိပြီး ယင်းစခန်းများကို စီမံခန့်ခွဲနေသော ကုလသမဂ္ဂနှင့် နိုင်ငံတာအဖွဲ့အစည်းများ၏ အကူအညီ ဖြင့်ကောက်ခံမည်ဖြစ်ကြောင်း သန်းခေါင်စာရင်းကောက်ခံရာတွင် နည်း ပညာပိုင်း ကူညီပံ့ပိုးနေသော ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ထံမှ သိရှိရသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၅ သန်းကုန် ကျမည်ဟု ခန့်မှန်းထားပြီး အစိုးရ ဒေါ်လာ ငါးသန်းနှင့် ကျန်လိုအပ်သည်ကို အလှူရှင် နိုင်ငံများထံမှ ရယူသုံးစွဲမည်ဖြစ် ကြောင်း ဦးခင်ရီ ကပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တည်ရှိရာ ဒေသများတွင် သန်းခေါင်စာရင်းကောက် ယူနိုင်ရန် ငြိမ်းချမ်းရေးအတွက် ဆွေး နွေးစဉ် တစ်ပါတည်းညှိနှိုင်းနေပြီး ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီလူဦးရေစာရင်း ကောက်ယူနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းအကူ အညီဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရှိရသည်။

YC


 

 ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ပင်လုံစိတ်ဓါတ်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဇူလိုင်လ ၂၂ နေ့တွင် ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တောင်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည့် တိုင်းရင်းသားသက်ကြီး၊ ဝါရင့်ခေါင်းဆောင်ကြီးများအား ဂါရဝပြုပွဲသို့တက် ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က တိုင်းရင်းသားပါတီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက နှစ်ပေါင်း ၆၀ ကျော် တောင်းဆိုလာကြသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည့် ပင်လုံစိတ်ဓါတ်မျိုးထားရှိရမည်ဟု တိုက်တွန်း ပြော ကြားခဲ့ကြောင်း သိရသည်။

“ပင်လုံစာချုပ်ထက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ချမှတ်ခဲ့သည့် ပင်လုံစိတ်ဓါတ်မျိုးနှင့် တိုင်းရင်းသားများ အားလုံးလက် တွဲလုပ်ဆောင်သင့်တယ်” ဟုဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့ခြင်းဖြစ်သည်။

“အဓိက ကစိတ်ဓါတ်ကို ဆိုလိုချင်တာပါ။ ညီလာခံနဲ့စာချုပ်ကိုဆိုလိုချင်တာ မဟုတ်ပါဘူး။ တစ်ဦးပေါ်တစ်ဦးတစ်ယောက် အပေါ်တစ်ယောက် ယုံယုံကြည်ကြည် နဲ့ သစ္စထားမယ်ဆိုပြီး ချုပ်လိုက်တဲ့စာချုပ်ပါ။ အဲ့လိုတစ်ဦးနဲ့တစ်ဦး ယုံကြည်မယ် တစ်ယောက်နဲ့ တစ်ယောက် သစ္စာထားမယ်ဆိုတဲ့ စိတ်ဓါတ်က ပင်လုံစိတ်ဓါတ်ကို အခြေခံပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည် ဆက်လက် ပြောကြားခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးပါက တိုင်းရင်းသားညီညွတ်ရေးနှင့် ယခု လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများရပ်ဆိုင်း သွားမည်ဟု ယုံကြည်ပြီး ယင်းဖက်ဒရယ်စနစ် ကသာ ငြိမ်းချမ်းရေးတည်ဆောက်မှုများအတွက် အပြုသဘောဆောင်မည်ဖြစ်ကြောင်း ကချင်အမျိုးသမီးရေးရာ အတိုင်ပင်ခံကောင်စီမှ သဘာပတိဒေါ်အင်ဖန်းဂျာလာ ကပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေးအတွက် အကြိမ်ကြိမ်လက်မှတ်ရေးထိုးခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရခြင်းမှာ တိုင်းရင်းသားများ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်မရှိ ခြင်းကြောင့် ဖြစ်ပြီး ပြည်နယ်များအပေါ်လုပ်ပိုင်ခွင့်အာဏာ ပိုမိုပေးအပ် ထားပါက ယင်းပြဿနာအချို့ပြေလည်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၏နာယကကြီး ဒုတိယဗိုလ်ချုပ်ကြီး ဆေထင် ကပြော ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဇွန်လအတွင်းပြုလုပ်သည့် တိုင်းရင်းသားပါတီငါးခုနှင့် တွေ့ဆုံပွဲတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အချိန်ယူကာ အခြေခံဥပဒေ ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ပါဝင် လာရန်လိုအပ်ကြောင်း ရှမ်းပြည်နယ်ပြန် လည်ထူထောင်ရေးကောင်စီ RCSS နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့က ဇူလိုင်လ ၁၇ ရက်တွင် တိုက်တွန်းတောင်းဆို ခဲ့ကြောင်း သိရသည်။

YC


 စီမံကိန်းများအတွက် မြေနေရာခွဲဝေမှုဆိုင်ရာ မူဝါဒများ ရေးဆွဲရာတွင် USAID မှနည်းပညာကူမည်

မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ရာ၌ ဒေသခံများနှင့် ပဋိပက္ခများ၊ အငြင်းပွား မှုများဖြစ်ပေါ် မှု လျှော့ချနိုင်ရန်အတွက်ရေးဆွဲလျက်ရှိသည့် မြေအသုံးချမှုဆိုင်ရာ မူဝါဒ၏ လမ်းပြမြေပုံ (Road Map) ရေးဆွဲရာတွင် USAID အနေဖြင့် လိုအပ်သောနည်းပညာဆိုင်ရာ အကူအညီများဖြင့် ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သတင်းရရှိသည်။

ထိုသို့ လိုအပ်သောနည်းပညာ အကူအညီများ ပံ့ပိုးပေးနိုင်ရန်အတွက် USAID မှ မြေယာစီမံအုပ်ချုပ်မှုနှင့် ဥပဒေရေးရာ ကျွမ်းကျင် ပညာရှင် မစ္စတာရောဘတ်ဘီအိုဘန်ဒေါ့ဖ် မြန်မာနိုင်ငံသို့လာရောက်သို့လာရောက်ပြီး ဆွေးနွေးမှုများပြုလုပ် လျက်ရှိ ကြောင်း သိရသည်။

မြေအသုံးချမှုဆိုင်ရာ မူဝါဒကောင်းတစ်ရပ်ရေးဆွဲနိုင်ရန်အတွက် ကနဦးလမ်းပြမြေပုံမှာ အရေးကြီးပြီး မည်သို့ ကောင် အထည် ဖော်ဆောင်ရွက်မည်ကို ဇူလိုင်လ ၃၀ ရက်နေ့ နေပြည်တော်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမှ ကျွမ်းကျင် ပညာရှင် များနှင့်ပူးပေါင်းပြီး  အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကျင်းပပြု လုပ်သွားမည် ဖြစ်သည်။ ထိုပြင် အဆိုပါ မြေအသုံးချမှုဆိုင်ရာ မူဝါဒ၏ ကနဦးအစီအစဉ်ဖြစ်သော လမ်းပြမြေပုံ (Road Map) ကိုလာမည့် အောက်တိုဘာလအတွင်း အပြီးသတ်ရေးဆွဲနိုင်ရန် စီစဉ်လျက်ရှိသည်။

“USAID ကငွေကြေးကူညီတာမဟုတ်ပါဘူး။ နည်းပညာပဲကူတာပါ။ အခု USAID ကဥပဒေပညာရှင်က ဌာန အဖွဲ့အစည်း အသီးသီးမှာရှိတဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို လေ့လာနေပါတယ်” ဟု သစ်တော်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသည်။

မြန်မာနိုင်ငံပြည်ထောင်စုအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း စီမံကိန်းဆိုင်ရာ မြေနေရာများကို စီမံခန့်ခွဲရန် အတွက် မြေယာ ခွဲဝေအသုံးချမှုစီစဉ်ဆောင်ရွက်ရေးကော်မတီကို ၂၀၁၂ ခုနှစ်၊ ဇွန်လတွင်ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါကော်မတီ၏ အကြံပေးအဖွဲ့တွင် FAO , UNDP , IMG , USAID , FSWG ၊ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကော်မရှင် တို့ပါဝင်သည်။ ကော်မတီဖွဲ့စည်းပြီး တစ်နှစ်တာကာလအတွင်း မြေယာအသုံးချမှုများကို ကွင်းဆင်းကောက်ယူနိုင်ရန်အတွက် ဝန်ထမ်းများကို အသိပညာပေးသည့် သင်တန်းများ၊ နည်းပညာ ဆိုင်ရာသင်တန်းများနှင့် ဆွေးနွေးပွဲများပြုလုပ်ခဲ့သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment