Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ထားဝယ်ရေနက်စီမံကိန်းအား ထိုင်းနိုင်ငံနှင့်ပူးတွဲလုပ်ဆောင်နေသော်လည်း စီမံကိန်း အလုံးစုံချုပ်ကိုင်ခွင့်အား မြန်မာနိုင်ငံပိုင်ဆိုင်မည်
  2. ၂၀၁၄ ဧပြီမှစ၍ စက်မှုဇုန်များမီးဖြတ်မည်


 

ထားဝယ်ရေနက်စီမံကိန်းအား ထိုင်းနိုင်ငံနှင့်ပူးတွဲလုပ်ဆောင်နေသော်လည်း စီမံကိန်း အလုံးစုံချုပ်ကိုင်ခွင့်အား မြန်မာနိုင်ငံပိုင်ဆိုင်မည်

ထားဝယ်ရေနက်စီမံကိန်းအား ထိုင်းနိုင်ငံအစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေသော် လည်း စီမံကိန်းနှင့် သက်ဆိုင်သည့် လုပ်ပိုင်ခွင့်များအား မြန်မာနိုင်ငံမှသာ အဓိကချုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း များအ ကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ အလုပ်သမားအလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်မှစတင်ခဲ့သည့် ထားဝယ်ရေနက်စီမံကိန်းမှာ လက်ရှိကာလအထိ စီမံကိန်းများ လိုအပ်သည့်အတိုင်းအတာ တစ်ခု အထိ လုပ်ဆောင်နိုင်ခြင်းမရှိသည့် အပြင် စီမံကိန်းအား ဦးဆောင်လုပ်ခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ - ထိုင်းကုမ္ပဏီမှ ငွေစိုက်ထုတ်နိုင်မှု အခက်အခဲကြောင့် နုတ်ထွက်သည့် အနေအထား များနှင့် ရင်ဆိုင်ခဲ့ရကာ စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ် သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပင်မကုမ္ပဏီဖြစ်သည့် Special Purpose Vehicle – 1 အား နှစ်နိုင်ငံ ပူးတွဲတည်ထောင်၍ ကုမ္ပဏီမှတ်ပုံတင်မှုအား ထိုင်းနိုင်ငံတွင် တည်ထောင်မှတ်ပုံတင်ခဲ့ သဖြင့် ထားဝယ်ရေနက်စီမံကိန်းအား ထိုင်းနိုင်ငံမှ အလုံးစုံချုပ်ကိုင် မည်ဟု ပြည်သူများ ယူဆနေမှုများအပေါ် စိုးရိမ်မှုမရှိစေရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ တစ်ချို့လူတွေ ပြောနေသလို ဒီစီမံကိန်းကို ထိုင်းနိုင်ငံက ချုပ်ကိုင်မှာ မဟုတ်ပါဘူး။ Special Purpose Vehicle – 1 ကို ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ခဲ့တာကလည်း စီမံကိန်း အောင်မြင်ဖို့ နိုင်ငံတကာချေးငွေရရေး၊ ထိုင်းနိုင်ငံ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းပြီး ထိုင်း Capital Market မှာ ရှယ်ယာရောင်းချနိုင်ပြီး စီမံကိန်းအတွက် ရင်းနှီးမြှုပ်ဖို့စတဲ့ အချက်တွေကြောင့် ထိုင်းနိုင်ငံမှာလုပ်ခဲ့တာပါ။ Special Purpose Vehicle – 1 ကို ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအဖြစ် သတ်မှတ်ထားသလို Special Vehicle – 2 ကိုလည်း ထိုင်း - မြန်မာ ပူးတွဲပိုင်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ပြီး မြန်မာနိုင်ငံမှာ Capital Market ရှယ်ယာရောင်းချနိုင် အောင် လုပ်ဆောင်မှာပါ” ဟုဦးအေးမြင့်က ပြောကြားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအားအောင်မြင်အောင် လုပ်ဆောင်နိုင်ရေး အတွက် ဂျပန်နိုင်ငံအား မဟာဗျုဟာ မြောက်မိတ်ဖက်နိုင်ငံအဖြစ်ပါဝင် လာစေရန် လုပ်ဆောင်နေပြီး ထိုင်း၊ မြန်မာ၊ ဂျပန်သုံးနိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။

YC


၂၀၁၄ ဧပြီမှစ၍ စက်မှုဇုန်များမီးဖြတ်မည်

လာမည့် ၂၀၁၄ ဧပြီလမှစတင်၍ ပြည်တွင်းစက်မှုဇုန်များသို့ အစိုးရမှ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေမှုများကို ရပ်ဆိုင်း သွားတော့မည်ဖြစ်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံသို့ အစိုးရမှစာပေးပို့အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထိုသို့ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေမှုများကို ရပ်ဆိုင်းတော့မည်ဖြစ်သည့်အတွက် စက်မှုဇုန်များအနေဖြင့် ဇုန်အလိုက်ကိုယ်ပိုင်လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဇုန်အလိုက်လျှပ်စစ် ဓာတ်အား ထုတ်ယူရာတွင်လည်း မည်သည့် ကုမ္ပဏီနှင့်ပူးပေါင်း၍ ဆောင်ရွက်မည့်အကြောင်းကို ဇူလိုင်လ ၃၁ ရက်နေ့တွင် အစိုးရထံ သို့ စာပေးပို့သွားမည်ဖြစ်ကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား မရရှိမှုကြောင့် အက်ဖ်အိုဆီ၊ ဒီဇယ်ဆီများဖြင့်သာ လုပ်ငန်းလည်ပတ် ရမည်ဖြစ် သည့်အတွက် ထုတ်ကုန်ဈေးနှုန်းများ တက်သွားနိုင်မည်ဖြစ်သည့်အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ပြည်တွင်းတွင်လည်း ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်များကို အတားအဆီးဖြစ်သွားစေနိုင်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် စက်မှုဇုန်များအနေဖြင့် ကိုယ်ပိုင်လျှပ်စစ်ဖြင့် လုပ်ငန်းလည်ပတ်ပါက ကုန်ကျနိုင်ဖွယ်ရှိသည့်စာရင်းကို ခန့်မှန်းတွက်ချက်လျက်ရှိပြီး ပုဂ္ဂလိက ကုမ္ပဏီများမှလျှပ်စစ်ထုတ်ပါက တစ်ယူနစ်လျှင် ၂၀၀ ကျပ်မှ ၂၅၀ ကြား ပေး၍ သုံးစွဲရနိုင်ဖွယ် ရှိကြောင်း သိရသည်။

ထိုသို့ ပုဂ္ဂလိက ကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးပါက ကုန်ကျစရိတ်ကြီးမြင့်လာမည်ဖြစ်သော်လည်း စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်မည့် ဓာတ်အားယူနစ်အပြည့်အဝရရှိလာနိုင်သည့်အပြင် ကုန်ထုတ်လုပ်မှုအပိုင်းတွင်လည်း ပိုမိုမြန်ဆန် လာမည်ဖြစ်သည့်အတွက် ကောင်းမွန်နိုင်ကြောင်း သိရသည်။

ထိုသို့ ပြည်တွင်းရှိ စက်မှုဇုန်များ ကိုယ်ပိုင်လျှပ်စစ်ဖြင့် လုပ်ငန်းလည်ပတ်မှုကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန ဦးဥာဏ်ထွန်းက လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံလုံးသို့ လုံလုံလောက်လောက်မပေးနိုင်မီ စက်မှုဇုန်များ တွင် ကိုယ်ပိုင်အစီအစဉ်ဖြင့် လျှပ်စစ်ရရှိအောင် ဆောင်ရွက်နေမှုမှာ ပိုမိုအဆင်ပြေနေကြောင်း ပြောကြားခဲ့သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment