Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ဒေသတွင်းမှာ ကောင်းမွန်တဲ့အုပ်ချုပ်မှုနဲ့ စီမံရေးရာလုပ်ငန်း ဆောင်ရွက်ချက်တွေဟာ အကျင့်သိက္ခာရှိရှိ၊ တာဝန်ယူမှုရှိရှိ သင့်တော်ပြီး စည်းမျဉ်းစည်းကမ်း တည့်မတ်တဲ့ ပတ်ဝန်းကျင်ကောင်း တစ်ရပ်ဖြစ်စေဖို့ အထူး လိုအပ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၁၈ ရက် 7 Day Daily နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ သိက္ခာနှင့် တာဝန်ယူမှုရှိရှိဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတရုံးဝန်ကြီး ပြော”သတင်းမှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမ္မတအရည်အချင်း သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ဒီကိစ္စဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး တစ်ယောက်တည်းက ဆောင်ရွက်ရမဲ့ ကိစ္စမဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆောင်ရွက်ချက်ပဲဖြစ်သလို တချို့ကိစ္စကျတော့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကိစ္စဟာ ပြည်သူများနဲ့လည်း ပတ်သက်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီအတွက်လည်း မိမိ အနေနဲ့ရော အလေးထားဆောက်ရွက်ဖို့ ရှိတယ်လို့ ပြောကြားလိုပါတယ်”

၂၀၁၃ သြဂုတ်လ ၁၈ ရက် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက်နှင့်ပတ်သက်၍ ပြင်ဆင်ရန်အလေးထား ဆောင်ရွက်မည် ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ကျွန်တော်တို့ နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု နှုန်းထားဟာ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရန် မြင့်မားနေဆဲ ဖြစ်ပြီး ဝင်ငွေနည်းတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘက်စုံတိုးတက်လာရေးဟာ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးလုပ်ငန်း တာဝန်တစ်ရပ် ဖြစ် တယ်လို့ နိုင်ငံတော်သမ္မတကလည်း လမ်းညွှန်မှာကြားခဲ့ပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ဆင်းရဲမွဲတေမှု လျှော့ချရေး သည် ကြွေးကြော်နေရုံနဲ့ တိုးတက်လာမှာမဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ NGOs တွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ကျေးလက်ဒေသများ ဖွံ့ဖြိုးလာနိုင်မှာပါ”

၂၀၁၃ သြဂုတ်လ ၁၈ ရက် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးကို ကြွေးကြော်နေရုံနှင့် တိုးတက်မည်မဟုတ်ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောကြား” သတင်းမှ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


မေး။          ။ အခုနိုင်ငံရေးနယ်ပယ်မှာ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဒေါ်စုတို့ကို ကြီးသုံးကြီးဆိုပြီး ပြောဆိုနေကြပါတယ်။ အဲဒီကြီးသုံးကြီးအပြင် အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီအပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စီမံခန့်ခွဲမှုတွေ ရှိတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီအပေါ်ကို နိုင်ငံရေးနယ်ပယ်မှာ ရှိနေတဲ့ ၀ါရင့်တစ်ဦးအနေနဲ့ ဘယ်လို သုံးသပ်ထားလဲ။

ဖြေ။           ။ ကျွန်တော်တို့ စိုးရိမ်တာ အဲဒါပဲ။ ကြီးသုံးကြီးရှိနေတာကို မလိုတာမဟုတ်ဘူး။ ဒီကြီးသုံးကြီးသည် တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုနဲ့ ထူထောင်ပြီး၊ ဆိုလိုတာက သူလည်း လျှော့သင့်သလောက်လျှော့၊ ကိုယ်လည်း လျှော့သင့် သလောက်လျှော့ဆိုပြီး ရှေ့နိုင်ငံရဲ့ အနာဂတ်ကို မျှော်ကိုးပြီး သွားမယ်ဆိုရင် ၂၀၁၅ မှာလည်း ဘာမှ ပြဿနာမရှိဘူး။ အဲလိုမှ မဟုတ်လို့ ၂၀၁၅ ကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲလို သဘောထားပြီး တိုက်ကြမယ်ဆိုရင် နိုင်ငံက ပြည်သူလိုလားတဲ့ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံက နိုင်ငံရေးအကွဲအပြဲ သိပ်ဝါသနာပါတယ်။ ဖ.ဆ.ပ.လ ကွဲတယ်။ သူ့မတိုင်ခင် ကွန်မြူနစ်ကွဲတယ်။ အဲဒါတွေ ကွဲရကောင်းလားဆိုပြီး တော်လှန်ရေးကောင်စီ ပေါ်လာတယ်။ နောက်ပြန်ဆင်း သွားတော့ သူစဖွဲ့တဲ့တစ်ယောက်၊ နှစ်ယောက်ပဲကျန်တယ်။ အခုတစ်ခါလာပြန်ပြီ၊ ဒီ အကွဲသံသရာ ကျွန်တော်တို့ အကြောဖြတ်မှပဲ ကောင်းတော့မယ်။ ဒါဘယ်အပေါ်မှာ မူတည်နေသလဲဆိုတော့ နိုင်ငံကို ဦးဆောင်ဦးရွက် ပြုနေတဲ့ ကြီးသုံးကြီးအပေါ်မှာ မူတည်တယ်။ အဲဒီတော့ ဒီမှာအင်အားချိန်ခွင်လျှာကို ကစားကြတာ တော်ရုံတန်ရုံကစားကြပါ။ သို့သော် အလွန်အကျွံဖြစ်သွားရန် တိုင်းပြည်သာ ဒုက္ခရောက်သွားမယ်”

၂၀၁၃ သြဂုတ်လ ၁၉ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၃) တွင် ပါရှိသော အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီ အပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စီမံခန့်ခွဲမှုများ ရှိနေကြောင်း ဝေဖန်မှုများအပေါ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီအစီအရင်ခံစာ (၃)ပါ မြေသိမ်းမှုမှာ ပါဝင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်တဲ့ အမှုကိစ္စများကိုတော့ လုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်စီစစ် ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ တခြားဝန်ကြီးဌာနများနှင့် ပတ်သက်တဲ့ ကိစ္စများ ကို လည်း ဆက်စပ်ပတ်သက်နေတဲ့ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ပြီးတော့ လယ်ယာမြေဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၀ ရက်နေ့ထုတ် The Flower News Journal အတွဲ (၉) အမှတ် (၃၂) တွင် ပါရှိသော “ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုမှ သိမ်းဆည်းမြေများနှင့် ပတ်သက်၍ ပြည်ထဲရေးက လယ်ယာမြေ ဥပဒေ အတိုင်းဆာင်ရွက်မည်” သတင်းမှ ပြည်ထဲရေးဝန်ကြီးဌာ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment