Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံသို့  ၁၀ရက်ကြာ လာရောက်လေ့လာ

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၌ လူအခွင့်အရေး အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် သြဂုတ် ၁၁ ရက်မှ သြဂုတ် ၂၁ ရက်အထိ ၁၀ ရက်ကြာ လာရောက်ခဲ့သည်။ ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ်သည် ၎င်းခရီးစဉ်အတွင်း  နိုင်ငံတော် သမ္မနှင့် တွေ့ဆုံခွင့် မရခဲ့သော်လည်း ပြည်ထောင်စု ၀န်ကြီးများနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ကင်တားနားသည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မွန်းလွဲပိုင်းတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်တို့နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားတို့ သြဂုတ် ၂၀ ရက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မစ္စတာကင်တားနား၏ ခရီးစဉ်နှင့် နိုင်ငံအတွင်း လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ မိတ္ထီလာ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့သော်လည်း အခြားခရီးစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြား သည်။ ထို့အပြင် နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် ပတ်သက်၍ ပြောကြားခဲ့မှုအပေါ် "အားလုံးလွတ်မယ်လို့ ယုံကြည် ပါတယ်လို့ ပြောလိုက်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကုလလူအခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည်  သြဂုတ် ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့စဉ် စစ်တွေလေယာဉ်ကွင်း ထွက်ပေါက်အနီး၌ ဒေသခံအချို့က ''ကင်တားနား ထွက်သွား၊ အလိုမရှိ'' ဟူသော စာသားများကို ရေးသားထားသည့် ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ထိုနောက် သြဂုတ် ၁၈ရက်နေ့တွင် လူအခွင့်အရေးကိုယ်စားလှယ်သည် ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင် တအောင်းလူငယ် အဖွဲ့ချုပ်၊ တအောင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ နှင့် တအောင်းအမျိုးသမီးများ အဖွဲ့တို့နှင့် ၁ နာရီခန့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ထို့အပြင် သြဂုတ် ၁၉ ရက် ညပိုင်းကမိတ္ထီလာမြို့သို့ ဖြတ်သန်းသွားစဉ် မိတ္ထီလာမြို့ ပြည်ထောင်စု တံတားထိပ်၌ မြို့ခံလူအင်အား ၂၀၀ ခန့်က ကင်တားနား အလိုမရှိဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီး မစ္စတာကင်တားနားသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးအပ်ခဲ့ကြောင်း သိရသည်။ ရခိုင်ခရီးစဉ်မှ အပြန်တွင် မစ္စတာကင်တားနားသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ပြီး စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ကချင်ခရီးစဉ် အပြီးတွင် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ သွားရောက်ခဲ့ပြီး အပြန်ခရီးစဉ်တွင် မိတ္ထီလာမြို့သို့ ခေတ္တ၀င်ရောက်စဉ် ယခုလို ဆန္ဒပြခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာသော်လည်း တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရာတွင် ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေဆဲဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက သြဂုတ် ၂၁ ရက်နေ့၊ မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

YC


ကချင်ပြည်နယ်တွင် KIA နှင့် ပြည်သူ့စစ်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးကာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားသော ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစက်ခုံ တိန်ယန်းခေါင်းဆောင်သော ပြည်သူ့စစ်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ပြည်တွင်းမီဒီယာများမှ သိရသည်။

ပြည်သူ့စစ်နှင့် ကေအိုင်အေတပ်တို့သည် သြဂုတ် ၁၇ ရက်နေ့ မနက် ၇ နာရီမှ ၉ နာရီခန့်တွင် တစ်ကြိမ်၊ အဆိုပါ ည ၁၀ နာရီတွင် တစ်ကြိမ်၊ သြဂုတ် ၁၉ မနက် ၆ နာရီခန့်တွင် တစ်ကြိမ်၊ ပေါင်း ၃ ကြိမ် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုအရ ကချင်တပ်တွင် ထိခိုက်မှုမရှိခဲ့ဟု ဗိုလ်မှုးကြီး မရန်ဇော်တောင်က ထုတ်ဖော်ပြောကြားခဲ့ပြီး ပြည်သူ့စစ်ဘက်မှမူ ၁ ဦးကျဆုံး ကြောင်း ပန်ဝါအခြေစိုက် ပြည်သူ့စစ်အဖွဲ့မှ သိရသည်။

ကချင်ပြည်နယ် ပန်ဝါ အခြေစိုက် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ အကြား သြဂုတ် ၁၇ ရက်နှင့် ၁၉ တို့တွင် တိုက်ပွဲများ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစက်ခုံတိန်ယန်းအားမေးမြန်းစဉ်  “သူတို့ကနိုင်ငံတော်ကို အနှောင့်အယှက် ပေးတဲ့ လူတွေ၊ အုပ်ချုပ်မယ့်သူတွေ မဟုတ်ဘူး။ တပ်မတော်က လက်ပိုက်ကြည့်နေပေမယ့် ပြည်သူတွေကတော့ မနေနိုင်ဘူး။ မဆုတ်ရင် တုန့်ပြန်မှာပေါ့။ ထပ်ပြီး လုပ်ရမှာပဲ။ ဘာလို့ မဖြစ်နိုင်ရမှာလည်း ပြည်သူ့အင်အားက ပိုကြီးတယ်။ မောင်းထုတ်မှာပဲ”ဟု အမျိုးသား လွှတ်တော်အမတ် ဦးစက်ခုံတိန်ယန်းက ပြောကြား သည်။

“မ.ပ.ခ တိုင်းမှူးဆီ ကျနော်တို့ပြောတော့ သူတို့ဘက်ကလည်းပြည်သူ့စစ်တွေကို ငြိမ်းချမ်းရေး လုပ်တဲ့နေရာမှာ ခုလို မဖြစ်စေချင်ဘူး။ ထိန်းထိန်းသိမ်းသိမ်းနေဖို့ ပြောထားတယ်လို့ သိရတယ်”ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ့ ( PCG ) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။ အဆိုပါ တိုက်ပွဲဖြစ်ရာနေရာမှာ ကေအိုင်အေ တပ်မတော်၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၁၀ လက်ခွဲ တပ်စခန်းငယ်တစ်ခုရှိရာ ချီဗွေနှင့်လောက်ခေါင်ကြား မိုင်တိုင် ၆ အနီး မြောင်ဂျောင်အနီးတွင် တည်ရှိကြောင်း သိရသည်။

YC


အီလက်ထရောနစ်ဥပဒေအား ပြန်လည် ပြင်ဆင်ရေးအတွက် ပြည်သူ့လွှတ်တော်မှ ကန့်ကွက်သူမရှိ ထောက်ခံ

သြဂုတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယခင် တပ်မတော်အစိုးရ လက်ထက် နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီး၍ နိုင်ငံရေး နှစ်ရှည် ထောင်ဒဏ်၊ ပြစ်ဒဏ်များ ပေးခဲ့သည့် အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ရန် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်မှ ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေကြမ်းကို သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့ကိုယ်စားလှယ် ဦးသိန်းညွှန့်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်း ဥပဒေကြမ်းတွင် ယခင်မူလ ဥပဒေ၌ ပါဝင်သည့် အခန်း ၁၂၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအပိုင်းမှ နှစ်ရှည်ထောင်ဒဏ် ပြစ်ဒဏ်များ နေရာတွင် ငွေဒဏ်များဖြင့် အစားထိုးကာ အဓိက ပြင်ဆင်ထား ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က “အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေမှာ အခန်း ၁၃ ခန်းနဲ့ ပုဒ်မပေါင်း ၅၂ ခု ပါဝင်ပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းခဲ့တဲ့ကာလက လွှတ်တော်ပေါ်ပေါက်ခြင်း မရှိတဲ့အချိန် ကာလက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ အဲဒီအချိန်ကာလက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလှမ်းကွာဝေးတဲ့ အချိန်မှာ ဒီလို နိုင်ငံရေးအခင်းအကျင်း နောက်မှာ ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဖြစ်ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့မှာ နိုင်ငံရေးသမားတွေ၊ ကျောင်းသားခေါင်းဆောင်တွေကို နိုင်ငံရေးအရ နှစ်ရှည် ထောင်ဒဏ်၊ ပြစ်ဒဏ်တစ်ရပ် ဖြစ်ခဲ့တာကို စီရင်ချက်တွေအရ သိရပါတယ်”ဟု ဥပဒေကြမ်းကို တင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ဦးသိန်းညွှန့်က “ဆက်သွယ်ရေး ဒုဝန်ကြီး ဦးသောင်းတင် လွှတ်တော်ကို လာတင်ပြထားတာ လည်း ရှိပါတယ်။ အဲဒါက ခေတ်စနစ်နဲ့ ပိုမို လျော်ညီပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်း ဆောင်ရွက်နိုင်မယ့်        e-Commerce ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတဲ့ ထူးချွန်ထက်မြက်တဲ့ မြန်မာ အိုင်တီလူငယ်များ၏ တီထွင်မှုစွမ်းအားကို ထုတ်ဖော်နိုင်ရန် အားပေးတဲ့ ဥပဒေတစ်ရပ် ရေးဆွဲသင့်ကြောင်း၊ အဆိုပါ ဥပဒေသစ် မပေါ်ပေါက်မီ ယခု အီလက်ထရောနစ်ဥပဒေတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကို လိုအပ်ပါက ခေတ်နဲ့ လျော်ညီအောင် ပြင်ဆင် ရေးဆွဲသင့်ကြောင်း တင်ပြခဲ့ပါတယ်။ ဒါ့ကြောင့် ယခု ဥပဒေကြမ်းကို လွှတ်တော်က ဆွေးနွေးရန် လက်ခံပေးဖို့ တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြင်ဆင်ရေးဆွဲရန် တင်သွင်းခဲ့သည့် အချက်များတွင် ယခင်အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ဟောင်း ပုဒ်မ ၃၃ တွင် ပါဝင်သော “မည်သူမဆို အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ အောက်ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ် ခုနစ်နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု လည်းကောင်း၊ အီလက်ထရွန်နစ် ပုဒ်မ ၃၇ တွင် ပါဝင်သော ထောင်ဒဏ် တစ်နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် ဆိုသည့် နေရာတွင် ငွေဒဏ် ကျပ် တစ်သိန်း မှ ကျပ် သုံးသိန်းအထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် သုံးလ ချမှတ်ရမည်” ဟု လည်းကောင်း အခြားသော ပုဒ်မများတွင် ပါဝင်သည့် ပြစ်မှုပြစ်ဒဏ်များကိုလည်း ပြင်ဆင် ပယ်ဖျက်ခဲ့သည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို မြန်မာနိုင်ငံတွင် အင်တာနက် တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် ၂ဝဝ၄ ခုနှစ်တွင် တပ်မတော်အစိုးရမှ ရေးဆွဲထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေကို ယခင် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများမှ လက်နက်သဖွယ် အသုံးချ၍ နိုင်ငံရေးသမားများ၊ သတင်းစာဆရာများနှင့် အင်တာနက်ဝက်ဘ်ဆိုဒ် များတွင် အစိုးရအား ဝေဖန်သူများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment