Q & C |
သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ
“ဦးအောင်မင်းကို ကြိုက်တဲ့အချိန် ပိုက်ဆံစစ်လို့ရတယ်။ အခုပိုက်ဆံစိုက်ပြီးလုပ်နေတာ။ ဒါတွေက ငြိမ်းချမ်းရေး ကိုလိုချင်လွန်းအားကြီးလို့ အိမ်ရောင်း၊ ကားရောင်းပြီးလုပ်နေတာ။ ဘယ်အိမ်တွေရောင်းထားလဲဆိုတာသိချင်သေး တယ်ဆိုရင် ကျွန်တော်လိပ်စာပေးလိုက်ဦးမယ်။ သွားကြည့်လိုက်ဦး”
စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် 7Day နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ ကိုအိမ်၊ ကားရောင်းလုပ်နေခြင်းဖြစ်ပာုဦးအောင်မင်းပြော”သတင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။
“တစ်တိုင်းပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရတာနဲ့ နိုင်ငံရေး ဆွေးနွေးမှု အဆင့်ကို တက်လှမ်းရတော့မှာဖြစ်ပြီး ကြားကာလမှာ Political Dialogue Framework လို့ခေါ်တဲ့ နိုင်ငံရေး ဆွေးနွေးမှုအတွက် လိုအပ်တဲ့ မူဘောင်တွေကို တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အကျေအလည် ညှိနှိုင်း ရေးဆွဲသွားရမှာဖြစ်ပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးအတွက် မူဘောင်ရေးဆွဲရေး (Framework For Political Dialogue)ကို နိုဝင်ဘာ(သို့)ဒီဇင်ဘာမှာ ဆောင်ရွက်ဖို့ ရည်မှန်းချက်ထားရှိ ပြင်ဆင်လျက်ရှိပါတယ်။ ဒီနေရာမှာလည်း အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား၊ အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းရေးဆွဲနိုင်ရန် ရည်ရွယ်ထားပါတယ်”
စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား၊ အပစ်ရပ်လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ ပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ မူဘောင် ရေးဆွဲခြင်းကို နိုဝင်ဘာ(သို့)ဒီဇင်ဘာတွင် ဆောင်ရွက်ရန်ပြင်ဆင်” သတင်းမှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“နောင်လာမယ့်လအနည်းငယ်ဟာ မြန်မာနိုင်ငံရဲ့အနာဂါတ်အတွက် အရမ်းအရေးကြီးတဲ့ အချိန်တွေ ဖြစ်လာပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုတွေကို အစိုးရက မထောက်ခံဘူးဆိုရင် ဒီအစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတည်ဆောက်ဖို့ စိတ်မဝင်စားတဲ့ အစိုးရလို့ ကျွန်မတို့ ကောက်ချက် ဆွဲနိုင်ပါပြီ”
စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံ ကျင့်သုံး နေသေးသမျှ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမည် မဟုတ်” သတင်းမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“ကျွန်တော်တို့အနေနဲ့ကတော့ အခုလက်ရှိအချိန်မှာ ပြုပြင်ပြောင်းလဲထားတဲ့ ကိစ္စတွေက အောက်ခြေ အဆင့်ထိ မရောက်သေးတဲ့အတွက် အရမ်းကိုအားနည်းခဲ့ပါတယ်။ အဓိကကတော့ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေကို ဂျာနယ်တွေကထောက်ပြတာတွေကိုလည်း တွေ့ရပါတယ်။ အဲ့ဒါတွေကို လည်း အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့တွေလည်း လုပ်နေပါတယ်။ အခုလို ထောက်ပြလို့လည်း ဂျာနယ်တွေကို အထူးပဲ ကျေးဇူးတင်ပါတယ်”
စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် Empire Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နိုင်ငံတကာ ကြွေးမြီ ကိစ္စ အများပြည်သူသိစေရန် မဖော်ပြခဲ့သည့်အတွက် ပြဿနာများ ဖြစ်ပေါ်ခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီး ပြောကြား”သတင်းမှ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို မျက်နှာစုံညီ တွေ့ဆုံပြီး အဖြေရှာဖို့ လိုတယ်။ အစိုးရ ပိုင်းက ဈေးကွက်စီးပွားရေး စနစ်ကြောင့် နိုင်ငံ စီးပွားရေးကို ဝင်မစွက်ဖက်ဘူး ဆိုပေမယ့် ကိုယ့်လုပ်ငန်းရှင် တွေရဲ့ လုပ်ကိုင် နိုင်စွမ်းမြှင့်ဖို့ ထုတ်လုပ်စွမ်းအားတွေ ကောင်းဖို့ လိုအပ်တဲ့အခြေခံ အဆောက်အအုံပိုင်း တွေကို အားဖြည့်ပေးရမယ်။ ဥပဒေပိုင်းတွေကို ခိုင်မာအောင် လုပ်ပေးဖို့ လိုနေတယ်”
စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် The Flower News Journal တွင်ပါရှိသော “နိုင်ငံစီးပွားရေး မြှင့်တင်ဖို့ ဈေးကွက် စီးပွားရေး စနစ်ဆိုပေမယ့် ပီပီပြင်ပြင် မလုပ်နိုင်ခဲ့ဘူး” သတင်းမှ နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။