Q & C |
သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ
“အခုလို ဒီဖိုရမ်ကို ၂၀၀၇ ခုနှစ်မှာ ၁၄ နိုင်ငံနဲ့ စတင်ဖွဲ့စည်းပြီးကတည်းက မြန်မာနိုင်ငံအနေနဲ့ အဲဒီညီလာခံကို အရင်ငါးနှစ်ကျော်ကာလအတွင်းမှာ မတက်ရောက်ရတဲ့ အကြောင်းအရင်းက အရင်အစိုးရလက်ထက်က အရေးယူ ပိတ်ဆို့မှုတွေကြောင့် မတက်ဖြစ်ခဲ့တာတွေရှိတယ်။ အခု အစိုးရသစ်လက်ထက်မှာ Sanction တွေကို ဖြုတ်ပစ်တာတွေ ရှိသလို၊ လျှော့ပစ်တာတွေလည်း ရှိတဲ့အတွက် နောက်မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို ချပြချင်တာကြောင့် အခုဖိတ်တဲ့ပွဲကို သွားတက်ခဲ့တာဖြစ်တယ်။”
အောက်တိုဘာလ ၅ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၇၇) တွင်ပါရှိသော “ပြည်တွင်း နေရာမဲ့များအား ဒေါ်လာ ၁၆ သန်း ထောက်ပံ့မည်” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၏ ပြောကြားချက် အားကောက်နှုတ်ချက်။
“စတော့အိတ်ချိန်းဆိုတာ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းတစ်လျှောက်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ အဲဒါကို လုပ်ဖို့ နံပါတ် ၁ က သူ့ကို အထောက်အကန်ပေးမယ့် ဥပဒေလိုပါတယ်။ ဥပဒေပြဌာန်းပြီး ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆက်ပြီး လုပ်လို့ရပါပြီ၊ အကောင်အထည်ဖော်ဖို့အတွက် ဥပဒေပြုတဲ့အခါမှာ အခုထက် ပိုပြီး အသေးစိတ်သွားမယ့် နည်းဥပဒေတွေကို ရေးဆွဲနေပါတယ်။ အတိုင်းအတာတစ်ခုအထိ ပြီးနေပါပြီ။ ကျွန်တော် တို့ဆီမှာ ဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံ မရှိသေးတဲ့အတွက် နိုင်ငံခြားက ပညာရှင်တွေကို ခေါ်ယူပါမယ်။ လောလောဆယ်မှာ ဂျပန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒါနဲ့ပတ်သက်ပြီး အကြံပေးနိုင်မယ့် ကျွမ်းကျင်သူ တစ်ယောက်ကို ခေါ်ထားပါတယ်။”
အောက်တိုဘာလ ၄ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၃)၊ အမှတ် (၆၄၁) တွင် ပါရှိသော “၂၀၁၄ ဒုတိယနှစ်ဝက်အတွင်း စတော့အိတ်ချိန်းပေါ်ပေါက်ရန်မှန်း” သတင်းမှ ဘဏ္ဍာရေးဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။
“ယနေ့ နိုင်ငံတော်ကာကွယ်ရေးဆိုတာ နိုင်ငံသားများရဲ့ တာဝန်ဖြစ်သလို တိုင်းရင်းသားများတွေမှာလည်း တာဝန်ရှိပါတယ်။ တိုင်းရင်းသားတွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်မြဲရေးအတွက် တာဝန် ထမ်းဆောင်နေကြပါတယ်။ မြန်မာနိုင်ငံမြေပုံကို မူလအတိုင်းဖြစ်ဖို့ အချုပ်အခြာအာဏာနယ်မြေ၊ ရိုးရာယဉ် ကျေးမှု၊ ဓလေ့စရိုက်နဲ့ ဘာသာ သာသနာအပေါ်တိုင်းရင်းသားတွေ စောင့်ရှောက်နေမှုကို ကျွန်တော်တို့ အလေး ထား ကြရမှာဖြစ်ပါတယ်။ ရခိုင်တိုင်း ရင်းသားတွေဟာ ရခိုင်ပြည်နယ်ရဲ့ ထူးခြားတဲ့ပထဝီနိုင်ငံရေး အခြေအနေ အရ တခြားတိုင်းရင်းသားတွေထက် ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုအပြင် ယဉ်ကျေး မှု ဓလေ့ထုံးစံတွေအတွက် ခက်ခက်ခဲခဲ ထိန်းသိမ်းကာကွယ် တာဝန်ယူနေရပါတယ်။ မိမိတို့အနေနဲ့ နှုတ်နဲ့ ပြောနေရုံသာမဟုတ် အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားများသာမက အခြား ပြည်ထောင်စုဖွားတိုင်းရင်းသားများရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တိုင်းရင်းသား အခွင့်အရေးကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။”
အောက်တိုဘာလ ၄ ရက်နေ့ထုတ် Hot News Journal အတွဲ (၄) အမှတ် (၁၆၀) တွင်ပါရှိသော “မြန်မာ့မြေပုံ မပြောင်းလဲအောင် တာဝန်ကျေနေတဲ့ ရခိုင်တိုင်းရင်းသားတွေကို ကူညီဖို့အားလုံးမှာ တာဝန်ရှိ” သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။
“ဒီပွဲဟာ မြန်မာပြည်မှာ လိုအပ်နေတဲ့ကွက်လပ်တစ်ခုကိုဖြည့်လိုက်တာပဲလို့ သဘောပေါက်ပါတယ်။ မြန်မာနိုင်ငံဟာ အင်မတန်ယဉ်ကျေးပြီး၊ ဘာသာတရားတွေထွန်းကားတဲ့နိုင်ငံပါ။ ဒီလိုယဉ်ကျေးတဲ့နိုင်ငံကို ညစ်ထွေးအောင် ဘာသာတရားကို အနုကြမ်းစီးပြီး လုပ်နေတဲ့မသမာသူတွေရှိတယ်။ ဒီလို မသမာသူတွေရဲ့ လက်ကလွတ်မြောက်အောင် ဘာသာရေး ခေါင်းဆောင်တွေက ကြိုးစားအားထုတ်ဖို့ လိုပါတယ်။”
အောက်တိုဘာလ ၃ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “ပဋိပက္ခများ၏ အဖြေရရှိရန် ကမ္ဘာ့ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲ ဘာသာရေးခေါင်းဆောင်များ ဆက်လက် ညှိနှိုင်းအဖြေ ရှာမည်” သတင်းမှ မြန်မာ-အစ္စလာမ် ဘာသာဝင်များ အသင်းဥက္ကဌဦးအေးလွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“အသေးစားနဲ့ အလတ်စားလုပ်ငန်း (SMEs) တွေကို တိုးတက်ဖို့အတွက် (SMEs) တွေ အဓိကတည်ရှိနေတဲ့ စက်မှုဇုန်တွေရဲ့ လက်ရှိအနေအထားက ပိုမိုတိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အရေးကြီးပါတယ်။ လက်ရှိအသင်းချုပ်အနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတာတွေ ရှိပေမယ့် အားနည်းနေသေးတာကို ဝန်ခံပါတယ်။ လက်ရှိစက်မှုဇုန်တွေ တိုးတက်ဖို့အတွက် အသင်းချုပ်အနေနဲ့ ပိုမိုအားထည့်ဆောင်ရွက်သွားမှာပါ။”
အောက်တိုဘာ ၃ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် UMFCCI အကူအညီပေးနိုင်မှုအားနည်းဟု ဥက္ကဌဝန်ခံ” သတင်းမှ အသင်းဥက္ကဌ ဦးဝင်းအောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။