![]() | Q & C |
သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ
“၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာနှစ်ကနေ စတင်ပြီး မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် စတာလင် ပေါင် သန်း ၆ဝ နှစ်စဉ် ထောက်ပံ့သွားမှာပါ။ ဒီ ထောက်ပံ့ငွေတွေကို အဓိကအားဖြင့် ကျန်းမာရေး ကဏ္ဍတွေမှာ အသုံးပြု သွားမှာပါ။ ဒါ့အပြင် ပညာရေး ၊ လူမှု ဘဝမြှင့်တင်ရေး ၊ အသေးစား ငွေကြေးလုပ်ငန်း တွေနဲ့ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေး ကဏ္ဍတွေမှာ အသုံးပြုသွားမှာပါ”
၂ဝ၁၃ အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် တစ်နှစ်လျှင် စတာလင်ပေါင် သန်း ၆ဝ ဗြိတိန် ထောက်ပံ့မည်” သတင်းမှ ဗြိတိသျှ သံအမတ် Andrew Patrick ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“လွှတ်တော်ကို အစိုးရအဖွဲ့ကနေ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁၃၉၄၁၁၆ သန်း ထပ်မံ တောင်းခံလာပါတယ်။ အရင် ချထားပေးပြီးသား ဘတ်ဂျက်နဲ့ မလုံလောက်လို့ ထပ်မံတောင်းခံလာတာ ဖြစ်ပါတယ်။ အခု တောင်းခံမှုက အရင်နှစ်က ထက်တော့ နည်းသွားပါတယ်။ အရင်နှစ်ကထက်စာရင် ရာခိုင်နှုန်းအားဖြင့် နည်းတယ်။ အကြမ်းဖျင်း စစ်ဆေးချက်တွေ အရ အရင်နှစ်ကထက်စာရင် ပိုပြီး ဘောင်ဝင်လာတဲ့ သဘော ရှိပါတယ်”
၂ဝ၁၃ အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်ထောင်စု အစိုးရ အဖွဲ့၏ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁၃၉၄၁၁၆ သန်း ထပ်မံတောင်းခံနေပြီး သမဝါယမ ဝန်ကြီး ဌာနမှ အများဆုံး တောင်းခံနေခြင်းဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ပြောကြား” သတင်းမှ ဘဏ္ဍာငွေဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“စိုက်ပျိုးရေးလုပ်ငန်း လုပ်တဲ့ လယ်သမားတွေ ၊ ယာသမားတွေက မြန်မာနိုင်ငံမှာ များပြားစွာ ရှိနေသေးတဲ့ အတွက် သူတို့ရဲ့ သီးနှံထွက်ကုန် ပစ္စည်းတွေကို တိုးမြှင့်နိုင်မယ်။ ထိန်းညှိနိုင်မယ်ဆိုရင် သူတို့ ဆင်းရဲတဲ့ ဘဝကနေ ပြီးတော့လဲ တဖြည်းဖြည်း လျော့နည်းလာနိုင်မယ်။ အဲ့ဒီအတွက်ကြောင့် ကောက်ခံပြီး စာတမ်းတင်သွားခြင်း ဖြစ်ပါတယ်”
၂ဝ၁၃ အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် The Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “သီးနှံ စိုက်တောင်သူ တစ်သိန်း စစ်တမ်း နိုဝင်ဘာတွင် လွှတ်တော်တင်မည်” သတင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM) အထွေထွေအတွင်းရေးမှူး ဦးဇာနည်သွေး ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။
“မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ ကေအင်န်ယူ အနေနဲ့ ဆောင်ရွက်နေမှုက အခိုင်မာဆုံးနဲ့ အားအကောင်းဆုံး ဖြစ်တယ်။ လက်တလော ဖြစ်နေတဲ့ ပေါက်ကွဲမှုကိစ္စတွေဟာ သူတို့နဲ့ မပတ်သက်ဘူးလို့ ကျွန်တော် ရဲရဲပြောရဲပါတယ်။ အခုဆိုရင် ကေအင်န်ယူ ဗဟိုက စီးအီးစီတစ်ဦး ရန်ကုန်ကို ရောက်နေတယ်။ မြန်မာ အာဏာပိုင်တွေနဲ့အတူ လတ်တလော ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကိစ္စတွေအတွက် လက်တွဲပူးပေါင်း အဖြေရှာပေးဖို့ ဖြစ်ပါတယ်”
၂ဝ၁၃ အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် The Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဗုံးပေါက်ကွဲမှုများနှင့် ကေအင်န်ယူ လုံးဝ ဆက်စပ်မှုမရှိဟု အစိုးရ၏ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ပြော” သတင်းမှ မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“အင်ဂျင်စက်နဲ့ ထုတ်လုပ်မှာပါ။ ဂက်စ် ၊ ဒီဇယ် ၊ ကျောက်မီးသွေး ၊ ဘယ်ဟာနဲ့ ထုတ်ဖြစ်မယ်တော့ မသိဘူး။ ကုန်ကျစရိတ် အနည်းဆုံးဟာနဲ့ ထုတ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ ဇုန်အတွင်းမှာ ရှိတဲ့ စက်ရုံတွေရဲ့ သုံးအားနဲ့ ညီမျှတဲ့ ၅ဝ မဂ္ဂါဝပ် ဂျင်နရေတာ တစ်လုံးကို လျှပ်စစ်ထုတ်လုပ်ရောင်းချတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေရယ် ၊ လျှပ် စစ်စွမ်းအားဝန်ကြီး ဌာနရယ် ၊ ဇုန် အတွင်းရှိ လုပ်ငန်းရှင်တွေရယ် ပူးပေါင်းပြီး အများပိုင် ကုမ္ပဏီ တည်ထောင် သွားမှာပါ”
၂ဝ၁၃ အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “စက်မှုဇုန်မီး ရရှိရေး ကျပ်သိန်းပေါင်းတစ်သောင်းကျော် အကုန်အကျခံမည်” သတင်းမှ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။