ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်
- နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူပြီး လေးလအတွင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် KNUနှင့် RCSS ပူးတွဲကြေညာချက် ထုတ်ပြန်
- ၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်အရန်ဆန်ကို နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင် စတင်ဝယ်ယူရန် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ တောင်းဆို
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူပြီး လေးလအတွင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် KNUနှင့် RCSS ပူးတွဲကြေညာချက် ထုတ်ပြန်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး လေးလအတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့က ပူးတွဲကြေညာချက်ကို အောက်တိုဘာလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ ကြေညာချက်တွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာ၌ ယခင်က ရေးထိုးခဲ့သည့် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် သဘောတူညီချက် အပစ်ရပ်သဘောတူညီမှုများကို အသိအမှတ်ပြုရန်၊ နှစ်ဖက်တပ်များ စောင့်ထိန်းရမည့် အချက်များအား ဆွေးနွေးရန်၊ နှစ်ဖက်စောင့်ကြည့်ရေးအဖွဲ့များ ထားရှိရန်နှင့် ပြဿနာများ ဖြစ်ပေါ်လာပါက နှစ်ဖက်ပူးပေါင်း ဖြေရှင်းရန်တို့ ပါဝင်သည်။
“KIA ဆွေးနွေးပွဲမှာ သူတို့ရေးဆွဲထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းကို တင်ပြမယ်ဆိုတာ ပြောတဲ့သဘောပါ”ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေး ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။
ကရင်အမျိုးသား အစည်းအရုံးနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီတို့သည် နိုင်ငံတကာမှ ပညာရှင်များ ဖိတ်ခေါ်၍ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းအား ရေးဆွဲထားခဲ့ပြီး အစိုးရသို့လည်း တင်ပြထားပြီးဖြစ်သည်။
“သူတို့ရဲ့ သဘောထားကို ကြိုပြီးထုတ်ပြန်တဲ့ သဘောဖြစ်တဲ့အတွက် ပိုပြီးကောင်းတဲ့ဘက်ကို ဦးတည်နိုင်ပါတယ်” ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ဆိုသည်။
ယင်းကြေညာချက်တွင် အချက် ၈ ချက်ပါဝင်ကာ ယခုလ ၃၁ ရက်တွင် ကချင်လွတ်မြောက်ရေး ဌာနချုပ်၌ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲတွင်လည်း ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံရေး ဆွေးနွေးရာ၌ အခြေခံဥပဒေ၊ အာဏာခွဲဝေမှု၊ လုံခြုံရေး၊ မြေယာ၊ ဝင်ငွေခွဲဝေမှု၊ သယံဇာတခွဲဝေမှု စသည့် အရေးကြီးသည့် အချက်များ ပါဝင်သည်ဟု ဖော်ပြထားသည်။
ကရင်အမျိုးသား အစည်းအရုံးသည် UNFC အဖွဲ့ဝင်ဖြစ်သော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီကမူ UNFC အဖွဲ့ဝင်မဟုတ်ဘဲ သီးခြား အဖွဲ့အစည်း တစ်ခုဖြစ်သည်။
YC
၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်အရန်ဆန်ကို နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင် စတင်ဝယ်ယူရန် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ တောင်းဆို
လာမည့် ၂၀၁၄ ခုနှစ်အတွက် ထားရှိမည့် နွေစပါး နိုင်ငံတော်အရန်ဆန် တန်ချိန်တစ်သိန်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း နိုင်ငံတော်မှ စတင်ဝယ်ယူပေးရန် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တောင်းဆိုလိုက်သည်။
''လာမယ့်နှစ် အရန်ဆန်တန်ချိန်တစ် သိန်းကို စပါးတင်း ၁၀၀ ကျပ် ၃၅ဝဝဝဝ နှုန်းနဲ့ ဝယ်ယူပေးဖို့ တင်ပြထားတယ်။ ဝယ်မယ်ဆိုရင် အခု နိုဝင်ဘာ၊ ဒီဇင်ဘာမှာ စဝယ်သင့်တယ်။ အခုချိန်ဝယ်မယ်ဆိုရင် လယ်သမားတွေ စပါးဈေးကောင်းရနိုင်တော့ သူတို့အတွက် အကျိုးခံစားရတာပေါ့။ နောက်ကျမှဝယ်ရင် လယ်သမားတွေအတွက် ဈေးကောင်း မရနိုင်တော့ဘူး'' မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ဆိုသည်။
အရန်ဆန်ဝယ်ယူရေးနှင့် ပတ်သက်၍ လက်ရှိနိုင်ငံတော် အရန်ဆန်ဝယ် ယူထားရှိရေးကော်မတီဖွဲ့စည်းပုံသည် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါအချက်များနှင့် ကိုက်ညီမှုရှိ မရှိသုံးသပ်ကာ ကော်မတီအသစ်ကို ပြန်လည်ဖွဲ့စည်းသင့် မသင့်ဆုံး ဖြတ်ပြီးမှ ဝယ်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ ပြောကြားချက်မှ သိရသည်။
ထို့ပြင် ပြည်တွင်း၌ အနိမ့်ဆုံး စပါးဈေးသတ်မှတ်ပေးရန်အတွက် တောင်သူလယ်သမားများ၏ လက်မှတ်များ လိုက်လံစုဆောင်းကာ နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားများ နှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM) မှ သိရသည်။
တောင်သူလယ်သများတို့၏ သဘောထားလက်မှတ်များကို AFFM မှ ဦးဆောင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိသမဂ္ဂအဖွဲ့ ၂၆၇ ဖွဲ့၏ ခေါင်းဆောင်များက အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်လိုက်လံကောက်ခံ နေခြင်းဖြစ်သည်။
ယင်းသိုအနိမ့်ဆုံးဈေး သတ်မှတ်ရန်အတွက် တောင်သူတို့၏ သဘောထားများကောက်ခံရာတွင် စပါးတင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းနှင့် ပဲတီစိမ်းတစ်တင်းလျှင် ကျပ်လေးသောင်းစသည်ဖြင့် နိုင်ငံတော်မှ သတ်မှတ်ပေးရန်တို့ပါဝင်သည်။
ထိုသို့ အနိမ်းဆုံးစပါးဈေး သတ်မှတ်ပေးရန် သဘောထားမှတ်ချက်များ လိုက်လံကောက်ခံနေခြင်းအပေါ်တွင် "ဆန်စပါးဝယ်ယူတဲ့ ကုမ္ပဏီတွေက လွှတ်ထားတဲ ပွဲစားတွေက စပါးဈေးကို နှိမ်ပြီး ၀ယ်ယူနေကြတယ်။ ဒီဇင်ဘာလ စပါးထုတ်လုပ်မှုတွေစတင်တဲ့ အချိန်မရောက်ခင်စပါးဈေးခြောက်သိန်း သတ်မှတ်ပေးစေလိုပါတယ်”ဟု တောင်သူလယ်သမားသမဂ္ဂမှ စည်းရုံးရေး မှူး တစ်ဦးလည်းဖြစ်သူ ကိုယဉ်အေးက တောင်းဆိုအကြံပြုသည်။
တစ်နိုင်ငံလုံးရှိ တောင်သူ တစ်သိန်း၏ လက်မှတ် တောင်းဆိုထားသည့် စပါးဈေးအတိုင်း သမ္မတထံ ပေးပို့မှုသည် ထူးခြားမှုမရှိပါက AFFM က အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ထားသော နိုင်ငံတကာ စားသောက်ကုန် လုပ်ငန်းများဆိုင်ရာ သမဂ္ဂ (IUF) နှင့် ချိတ်ဆက်ပြီး ဒီဇင်ဘာလတွင် ပြည်ပက ဆန်စပါးဝယ်ယူသည့် ကုမ္ပဏီများနှင့် AFFM အဖွဲ့ဝင် တောင်သူများကို တိုက်ရိုက်ချိတ်ဆက်ပြီး ရောင်းဝယ်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
AFFM ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာ စားသောက်ကုန် လုပ်ငန်းများဆိုင်ရာ သမဂ္ဂ (IUF) ၏ အဖွဲ့ဝင် ဖြစ်သည်။
YC
ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးပွဲ ကျင်းပ
ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲကို ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့ သောင်ရင်းခန်းမတွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုဆွေးနွေးပွဲတွင် ကရင်အမျိုးသားများအားလုံး စည်းလုံးညီညွတ်ရေး၊ လက်နက်ကိုင်ပဋိပက္ခချုပ် ငြိမ်းပြီး ငြိမ်းချမ်းရေးတည်ဆောက်ရေး စသည်တို့အပါအဝင် အချက် ၅ ချက်ကို ဆွေးနွေးပွဲ၏ ရလဒ်အဖြစ်သဘောတူညီမှု ရရှိခဲ့ကြောင်း ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ KUPC ရဲ့ ဗဟိုကော်မတီဝင် ဒေါက်တာစောဌေးမြင့်၏ ပြောကြားချက်မှ သိရသည်။
“တိုင်းရင်းသားများအတွက် အာမခံချက်မရှိသည့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်မရှိသည့် ဥပဒေမျိုးကို ကရင်အမျိုးသားများမှ လက်ခံမည်မဟုတ်ဘဲ အာမခံချက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေရှိရန် လိုအပ်ပါသည်၊ ကရင်လက်နက်ကိုင်များ ညီညွတ်ရေးအတွက် ကရင်တစ်မျိုးသားလုံး အကျိုးစီးပွားကို ရှေ့ရှုကာကွယ်စေသော စောဘဦးကြီး၏ မူလေးချက်ကို လက်ကိုင်ထားသော ကရင်အမျိုးသားတပ်မတော်အဖြစ် တည်ဆောက်ရန်ဖြစ်ပါသည်။
ကရင်နိုင်ငံရေးပါတီများ အနေဖြင့်၎င်းတို့၏ မူဘောင်များကို ကရင်တမျိုးသားလုံးတိုးတက်ရေးကို ဦးတည်ထားရှိ၍ ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် ညီညွတ်ရေးကို ရရှိအောင်ဆောင်ရွက်ရန်ဖြစ်ပါသည်”ဟု ဒေါက်တာစောဌေးမြင့်က ဆိုသည်။
ထို့ပြင် အဆိုပါလူထုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က “ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်းတွေကို ပြည်လည်စုစည