Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနှင့်ကချင်တို့ ယာယီ အပစ်အခတ်ရပ်စဲရန် သဘောတူ

(31 May 2013 ရက်စွဲပါ VOA News မှ Burma,Kachin rebels reach tentative cease-fire ကိုဘာသာပြန် ဆိုပါသည်)

  1. မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်း အစမ်းလည်ပတ်ရန်အဆင်သင့်ဖြစ်နေ

(Platts မှ 31 May 2013 ရက်စွဲပါ “Myanmar-China gas pipeline ready for trial operations: CNPC” သတင်းကို ဘာသာပြန်ဆိုပါသည်)


မန်မာနှင့်ကချင်တို့ ယာယီ အပစ်အခတ်ရပ်စဲရန် သဘောတူ

(31 May 2013 ရက်စွဲပါ VOA News မှ Burma,Kachin rebels reach tentative cease-fire ကိုဘာသာပြန် ဆိုပါသည်)

မြန်မာအစိုးရနှင့် တိုင်းရင်းသားကချင်လက်နက်ကိုင်အဖွဲ့တို့သည် နှစ်နှစ်ကြာ တိုက်ပွဲဖြစ်ပွားနေခြင်းကို ရပ်ဆိုင်းရန် ရည်ရွယ်၍ ယာယီအပစ်အခတ်ရပ်စဲမှု ရရှိခဲ့ကြပါသည်။ အဆိုပါ တိုက်ပွဲများကြောင့် လူပေါင်း (၁၀၀၀၀၀) ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရပါသည်။

သုံးရက်ကြာဆွေးနွေးပြီးနောက် ကြာသာပတေးနေ့က သဘောတူမှုရခဲ့ရာ တိုက်ပွဲများရပ်၍ ကချင်များတောင်းဆို သည့် နိုင်ငံရေးအရ ရပိုင်ခွင့်များပိုမိုရရှိရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးကို ဆက်လက်ဆွေးနွေးကြမည်ဟု သဘောတူ ခဲ့ပါသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကျင်းပသော ဆွေးနွေးပွဲကို ကုလသမဂ္ဂ၊ တရုတ်အစိုးရနှင့် မြန်မာတိုင်းရင်းသားအုပ်စု များမှ ကိုယ်စားလှယ်များက တက်ရောက်စောင့်ကြည့် ကြပါသည်။ တရုတ်သံတမန် Lu Zhi က VOA မြန်မာပိုင်းသို့ ပြောကြားရာတွင် နှစ်ဖက်စလုံး၏ တောင်းဆိုမှုကြောင့် ယခုဆွေးနွေးပွဲသို့ တက်ရောက်လာခြင်း ဖြစ်ကြောင်း ပြောခဲ့ပါသည်။         

“ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ သူ့ရဲ့ပြည်တွင်းရေးကိစ္စ ဖြစ်ပါ တယ်။ တရုတ် အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုသာ ဖြစ်ပါတယ်။ တိုက်ရိုက် အကျိုးစီးပွားတွေကို အသာထား ဦး၊ ကျွန်တော်တို့အနေနဲ့ နှစ်ဖက်စလုံးရဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အပြည့်အဝ လေးစားမှုရှိ ရေးကို အခြေခံပြီး လိုအပ်တဲ့အကူအညီတွေပေးဖို့ အဆိုပြု ထားပါတယ်။” ဟု ၎င်းကပြောပါသည်။

အချက် (၇) ချက်ပါသော သဘောတူညီချက်တွင် တိုက်ပွဲများအဆုံးသတ်ရေး၊ နိုင်ငံရေးအရဆွေးနွေးမှု တံခါးဖွင့်မှု နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီများ ထူထောင်ရေးများ ပါဝင်ပါသည်။ နှစ်ဖက်အဖွဲ့များသည် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများ အတွက် ပြန်လည်နေရာချထားရေး လုပ်ဆောင်ရန်လည်း သဘောတူခဲ့ပါသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးကလည်း သောကြာနေ့တွင် ဆွေးနွေးမူကို ကြိုဆိုကြောင်း ကျေညာချက်ထုတ်ပြန်ခဲ့ ပါသည်။

ကချင်တို့သည် ဦးသိန်းစိန် အစိုးရတက်လာပြီးကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးခြင်း မပြုရသေးသော တစ်ခုတည်းသော အဓိကတိုင်းရင်းသားအုပ်စုဖြစ်ပါသည်။


မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်း အစမ်းလည်ပတ်ရန်အဆင်သင့်ဖြစ်နေ

(Platts မှ 31 May 2013 ရက်စွဲပါ “Myanmar-China gas pipeline ready for trial operations: CNPC” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်းသည် ပြီးစီးသွားပြီဖြစ်၍ အစမ်းလည်ပတ်ရန် အဆင်သင့်ဖြစ်နေပြီး၊ အပြိုင် သွယ်တန်းနေသော ရေနံစိမ်းပိုက်လိုင်းသည်လည်း ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် CNPC ရေနံ ကုမ္ပဏီက သောကြာနေ့တွင် ၎င်း၏ ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။

ပို့လွှတ်နှုန်း ၁၂ Bcm/year ဓါတ်ငွေ့ပိုက်လိုင်းသည် မြန်မာနိုင်ငံထွက်ဓါတ်ငွေ့ကို ယူနန်ပြည်နယ်သို့ ပို့လွှတ်ပေး မည်ဖြစ်ပြီး ပို့လွှတ်နှုန်း 22 millions mt/year ရေနံစိမ်းပိုက်လိုင်းမှာမူ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှသယ်ယူလာသော ရေနံများကို မလက္ကာရေလက်ကြားကို ရှောင်ရှား၍ တရုတ်ပြည်သို့ပို့ဆောင်မည် ဖြစ်သည်။

ရေနံစိမ်းပိုက်လိုင်းသည်လည်း ယခုနှစ်ကုန်တွင် စတင်ပို့ဆောင်ရန် အဆင်သင့်ဖြစ်လိမ့်မည်ဟု CNPC က မတ်လ ကုန်တွင်ပြောကြားထားသည်။

ရခိုင်ကမ်းလွန် ရွှေစီမံကိန်းမှ ဓါတ်ငွေ့ကို ဂျူလိုင်လတွင် စတင်ရောင်းချနိုင်မည်ဟု မျှော်လင့်ကြောင်း စီမံကိန်း အကောင်အထည်ဖော်သူ Daewoo International ကယခင်အပတ်တွင် ပြောကြားခဲ့သည်။ Daewoo သည် ရွှေစီမံကိန်းမှ ဓါတ်ငွေ့ကို ၅၀၀၀၀၀ Mcf/day ထုတ်ယူကာ ၄၀၀၀၀၀  Mcf/day ကို ပိုက်လိုင်းဖြင့် တရုတ်ပြည်သို့လည်းကောင်း၊ ၁၀၀၀၀၀ Mcf/day ကို မြန်မာပြည်တွင်းသို့ လည်းကောင်း အသီးသီးရောင်းချသွားမည် ဖြစ်သည်။

အဆိုပါ ဓါတ်ငွေ့ ပိုက်လိုင်းနှင့် ပတ်သက်၍ သတင်းအမျိုးမျိုး ထွက်ပေါ်နေချိန်တွင် CNPC အထွေထွေမန်နေဂျာ လျိုယောင်ယွန်သည် ပြီးခဲ့သောအပတ်က နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် လာရောက်တွေ့ဆုံခဲ့ပြီး၊ မန္တလေးဒေသ တွင် ပိုက်လိုင်းစီမံကိန်းကို စစ်ဆေးခဲ့သည်။

ရေနံ၊ဓါတ်ငွေ့ အမြွှာပိုက်လိုင်းသည် ကျောက်ဖြူမှ စတင်ကာ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ ယူနန်ပြည်နယ်သို့ သွယ်တန်းထားခြင်း ဖြစ်သည်။

စုစုပေါင်း ၇၆၇၆ ကီလိုမီတာရှည်သော အမြွှာပိုက်လိုင်းများ၏ မြန်မာနိုင်ငံအပိုင်းသည် ၁၅၀၄ ကီလိုမီတာ ရှည်လျား သည်ဟု CNPC က အစောပိုင်းတွင် ပြောကြားခဲ့သည်။ ရေနံစိမ်း လက်ခံတင်ပို့မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် လည်း တည်ဆောက်မှု ပြီးစီးနေပြီဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“စီမံကိန်းရပ်လိုက်တယ်ဆိုပေမယ့် ကျွန်မတို့လို ပြောင်းရွှေ့ခံရတဲ့သူတွေက အခုအချိန်အထိ ကိုယ့်နေရပ်ကိုယ် ပြန်ခွင့်မရ ပါဘူး။ ဒီစီမံကိန်းကိုလည်း ဆက်လုပ်ဖို့လုံးဝသဘောမတူပါဘူး။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နောက် ဆက်ခံမယ့်သူတွေ ကိုလည်း ဒီစီမံကိန်းအပြီးသတ်ရပ်ပေးပါလို့ ပြောချင်သလို၊ သမ္မတကြီးကိုလည်း နောက်တက်မယ့် သမ္မတကိုလည်း မလုပ် ဆောင်ဖို့ အမှာစကားပြောပေးပါလို့ တောင်းဆိုချင်ပါတယ်။”

ဇွန်လ ၁ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “မြစ်ဆုံစီမံကိန်းအား သမ္မတရပ်ဆိုင်းမှု နှစ်နှစ်မပြည့်ခင် ဆက်လက်လုပ်ဆောင်ရန် ဒေသခံများအား CPI ကုမ္ပဏီ လိုက်လံစည်းရုံး” သတင်းမှ Mungchying Rawt Jat (MRJ) အဖွဲ့မှ ဒေါ်ဂျောခေါန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခုလို ကေအိုင်အို၊ ကေအိုင်အေကိုသာ မတရားအသင်းကနေ ပယ်ဖျက်ပေးလိုက်ရင် အစိုးရနဲ့ ကေအိုင်အို၊ ကေအိုင်အေ အကြား နားလည်မှုတည်ဆောက်တဲ့နေရာမှာ ပိုပြီးယုံကြည်မှုတွေ မြင့်တက်လာနိုင်တယ်။”

ဇွန်လ ၁ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မတရားသင်းစာရင်းမှ ကေအိုင်အိုနှင့် ကေအိုင်အေ မကြာမီပယ်ဖျက်ပေးမည်” သတင်းမှ ကေအိုင်အို ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“ဒီစီးပွားရေးဖိုရမ်ကနေ မြန်မာကို ကမ္ဘာကသိအောင်ပြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ဒုသမ္မတ ဦးဥာဏ် ထွန်း အပါအဝင် ဝန်ကြီးဌာနတွေက ဝန်ကြီးတွေကလည်း တက်ရောက်မှာပါ။ ဒီဖိုရမ်ကနေပြီး စီးပွားရေး အခွင့်အလမ်းတွေ ရရှိနိုင်မှာပါ။ ဒီဖိုရမ်ကို Young Global Leader နဲ့ Global Shapers အဖွဲ့အစည်းတွေက လူငယ်ခေါင်းဆောင် ၃၀၀ လောက်တက်မယ်။ ကျွန်တော်တို့နိုင်ငံအတွက် စီးပွားရေး အလားအလာ တွေရရှိလာမှာပါ။ ပြီးတော့နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်တွေလည်း ထပ်တိုးလာမယ်လို့ ယုံကြည်ပါတယ်။”

ဇွန်လ ၁ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “နေပြည်တော်ကမ္ဘာ့ စီးပွားရေးဖိုရမ် က မြန်မာကို ကမ္ဘာ့စီးပွားရေးစင်မြင့်သို့ တင်ပေးနိုင်မည် စီးပွားရေးအလားအလာ အခွင့်အလမ်းများ၊ ရင်းနှီး မြှုပ်နှံမှုအသစ်များ ရရှိလာမည်” သတင်းမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကံဇော်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“ပြည်သူလူထုက ပေးလိုက်တဲ့ မဲတစ်မဲဟာ ဘယ်လောက်ထိတာသွားလဲ။ ဥပမာ အဲဒီမဲကို ပါတီကို ကြိုက်လို့ဖြစ်ဖြစ်၊ လူကို ကြိုက်လို့ဖြစ်ဖြစ်၊ ကျန်တာကိုမကြည့်ဘဲ ကြိုက်တယ်ဆိုတာနဲ့ ပေးလိုက်တယ်။ သူ့ရဲ့ အနှစ်သာရတွေ၊ တော်တာတွေ မသိ တော့ဘူး။ ချစ်တာ၊ မုန်းတာနဲ့ ခွဲပြီးပေးလိုက်တယ်။ တစ်ကယ်တမ်း လွှတ်တော်ထဲရောက်တော့ ပြည်သူတွေအတွက် ဘာမှမ လုပ်ဘူးဆိုရင် မနာဘူးလား။ အခုဆိုရင် လွှတ်တော်ထဲမှာ ကျန်းမာရေးမကောင်းလို့ လွှတ်တော်အစကနေ အဆုံးထိ တောက်လျှောက်မတက်နိုင်တဲ့လူတွေရှိတယ်။ နိုင်ငံတော်ကတော့ ပြည်သူလူထုဆီက ကောက်ထားတဲ့ အခွန်ဘဏ္ဍာတွေ ပေးနေရတယ်။ အဲဒီအခွန်ငွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် (၃) သိန်းစီ ပေးနေရတာ။ အလုပ် လုပ်လုပ်၊ မလုပ် လုပ်ပေး နေရတာ။”

ဇွန်လ ၃ ရက်နေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ် အတွဲ (၄) အမှတ် (၃၃) တွင်ပါရှိသော  “လွှတ်တော်တွင်း ပြည်သူ့ဘဏ္ဍာကို အလကားယူနေသည့် လွှတ်တော် ကိုယ်စားလှယ်များရှိနေ” သတင်းမှအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အစိုးရက ဘတ်ဂျက်ချပေးလိုက်တယ်။ နောက်ကနေ Follow Up လုပ်မယ့်သူကမရှိဘူး။ ကြပ်ကြပ်မတ်မတ် လုပ်ပေးနိုင်မှ ထိရောက်မယ်။ တချို့အစိုးရလူကြီးတွေ သမ္မတနောက် လိုက်နေရတာတွေကြောင့် နောက်လုပ်ငန်းတွေကို လစ်ဟာတက် တယ်။ ဒါကလည်း ဌာနတိုင်းလိုလိုမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အစိုးရဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေကို စစ်ဆေးမယ့်အဖွဲ့ သီးသန့်ရှိဖို့လိုအပ်ပါတယ်။”

ဇွန်လ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အစိုးရဘတ်ဂျက်သုံးစွဲမှု တိကျစေ ရန် လုပ်ငန်းစစ်များ ထားရှိစစ်ဆေးရန်လို” သတင်းမှ လူ့စွမ်းအားဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ ကျောင်းအုပ်ကြီး စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


သတင်းတိုများ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့ စကားစစ်ထိုးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့သည် “မြန်မာ - ဘာအနာဂတ်လဲ” ခေါင်းစဉ်ဖြင့် ဘီဘီစီ ရုပ်သံလွှင့်သတင်းဌာန ၏ ကမ္ဘာကျော်စကားစစ်ထိုးပွဲ The World Debte အစီအစဉ်တွင် ပါဝင်၍ စကားစစ်ထိုးမည် ဖြစ်ကြောင်း သိရသည်။ ထိုစကားရည်လုပွဲ ရုပ်သံအစီအစဉ်ကို နေပြည်တော်တွင် ဇွန်လ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည့် World Economic Forum ကျင်းပနေစဉ်အတွင်း နေပြည်တော်ရှိ ဖိုရမ်ကျင်းပရာ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ရိုက်ကူးမည်ဖြစ်သည်။ တစ်နာရီ ကြာကြာမြင့်မည့် အဆိုပါအစီအစဉ်ကို အစီအစဉ်တင်ဆက်သူအဖြစ် နစ်ခ်ဂေါင်န်ဝင်းက ဆောင်ရွက်မည်ဖြစ်ပြီး ယခု ရိုက်ကူးမည့် အစီအစဉ်ကို ဘီဘီစီ နိုင်ငံတကာရုပ်သံလိုင်းနှင့် ရေဒီယိုများမှ တစ်ဆင့်  ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။


တရုတ်နိုင်ငံသို့ သွားရောက်၍ ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီများအား အမေရိကန်သံရုံးမှ ဖိတ်ခေါ်ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ နိုင်ငံရေးအရာရှိ Mr. Erin. E. Webster Main သည် ဒီမိုကရေစီမိတ်ဆွေ ပါတီများအား ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သော ခရီးစဉ် အတွေ့အကြုံများ၊ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ၁ နာရီခွဲကြာ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သဘောထားများ အပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ များ၏ ပြင်ဆင်ထားမှု အခြေအနေများ၊ တိုင်းရင်းသားပါတီများ၏ အနေအထား၊ အချိုးကျကိုယ်စားပြုစနစ်နှင့် ပတ်သက် သည့်ကိစ္စများ ၊ ပါတီပေါင်းစည်းရေးကိစ္စရပ်များကို အမေရိကန် နိုင်ငံရေးဆိုင်ရာအရာရှိက မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရ သည်။


အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုတစ်ခုထိ ရခဲ့သည့်အပေါ် အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း သဘောထားထုတ်ပြန်

အစိုးရနှင့် ကေအိုင်အိုတို့အကြား မေ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည့် အပြုသဘောဆောင်သော ဆွေးနွေးပွဲအား အမေရိကန်ပြည်ထောင်စု ကြိုဆိုသည့် သဘောထား ကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ မေလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကြေညာချက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ထွက်ပေါ်ခဲ့သော သဘောတူညီချက် (၇) ချက်ကို ကျေနပ်အားရပြီး မျှော်မှန်းသည့် ယုံကြည်မှုတည်ဆောက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရေးတို့တွင် ဆက်လက်တိုးတက်မှုများ ရရှိရန်မျှော်လင့် ကြောင်း၊ ပဋိပက္ခများကို ဖြေရှင်းပြီး ထာဝရငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ကချင်ပြည်နယ် အပါအဝင် နိုင်ငံအဝန်း သာတူညီမျှဖွံ့ဖြိုးရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းသည်သာ အကောင်းမွန်ဆုံးနည်းလမ်းအဖြစ် အမေရိကန်ပြည်ထောင်စုက အခြေခံမူအားဖြင့် ထောက်ခံ ကြောင်း ဖော်ပြပါရှိသည်။


အပစ်အခတ်ရပ်စဲရေး မရရှိသော်လည်း ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ပြောကြား

အစိုးရနှင့် KIO တို့၏ မြစ်ကြီးနားမြို့တွင် သုံးရက်ကြာဆွေးနွေးပွဲမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့သော်လည်း တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သွားခဲ့သည်ဟု သိရသည်။


ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် ကုလအကြီးအကဲ ကြိုဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း သဘောတူညီမှု လက်မှတ် ရေးထိုးနိုင်ခဲ့သည့်အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။


မြန်မာ - ဂျပန် ပူးပေါင်းပြီး တန်းမြင့်ဆန်နှင့် အခြားစက်ရုံများ တည်ဆောက်မည်

မြန်မာနိုင်ငံတွင် တန်းမြင့်ဆန်နှင့် အခြားစက်ရုံများ တည်ဆောက်မှုကို ဂျပန်နိုင်ငံမှ မစ်ဆူရီကုမ္ပဏီ ပူးပေါင်းကာ နှစ်နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ တန်းမြင့်ဆန် အပြင် ဆန်ကွဲ၊ ဖွဲနုတို့မှ ဖွဲနုဆီ၊ ခေါက်ဆွဲ၊ ဆန်မှုန့်စသည်တို့ပါ ထုတ်လုပ်နိုင်သည့် စက်ရုံများ တည်ဆောက်ရန်နှင့် ဖွဲနုမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက်ပါ ဆောက်ရွက်နိုင်ရန် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။ အဆိုပါ တန်းမြင့်ဆန်နှင့် အခြားစက်ရုံများ တည်ဆောက် နိုင်ရေးကို ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ခရီးစဉ်အတွင်း လိုက်ပါလာသည့် မစ်ဆူရီကုမ္ပဏီမှ ဥက္ကဋ္ဌအဖွဲ့နှင့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO) တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။


နိုင်ငံတော်ဘတ်ဂျတ် ခွဲဝေမှု ပွင့်လင်းမြင်သာရန် လိုအပ်ကြောင့် ကမ္ဘာ့ဘဏ်တိုက်တွန်း

ကမ္ဘာ့ဘဏ်၏ ပြည်သူ့ငွေကြေးသုံးစွဲမှုနှင့် ငွေကြေးဆိုင်ရာတာဝန်ယူမှု အကဲဖြတ်အဖွဲ့က  မြန်မာနိုင်ငံနှင့်ပတ်သက်သော ပြည်သူ့ဘဏ္ဍာ စီမံအုပ်ချုပ်မှု လုပ်ဆောင်သည့် အစီရင်ခံစာအား ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ ယခုနှစ်များအတွင်း ခန့်မှန်းခြေရသုံးငွေစာရင်းမှ ခွင့်ပြုထားသော အသုံးစရိတ်မှာ လျော့နည်းလျက် ရှိသောကြောင့် ဝင်ငွေ မှန်းဆလျက်များမှာမူ အမှန်ထက် မြင့်မားလျက်ရှိကြောင်း၊ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ခွင့်ပြုထားသော အသုံးစရိတ်ပမာဏ၏ ၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်မားနေရာမှ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ၂၀ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကို တွေ့ရသဖြင့် အစိုးရအနေဖြင့် နိုင်ငံတော် ဘတ်ဂျက် ခွဲဝေလျာထားမှုများ အပေါ်တွင် ပွင့်လင်းမြင်သာရန် ဆောင်ရွက်သင့်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရှိရသည်။


ရှမ်းပြည်နယ်ရှိ အမည်မသိ လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာမှ ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံး

ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်ရှိ မန်တုံ-နမ္မတူ သွားကားလမ်းတွင် မေလ ၂၉ ရက်နေ့၌ Micro Wave လုံခြုံရေး စခန်းမှ တပ်ကြပ်ကြီးစိုးသိန်း ဦးဆောင်သောအဖွဲ့သည် နယ်မြေစိုးမိုးရေး လုပ်ဆောင်နေစဉ် အမည်မသိ လက်နက်ကိုင် အဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားပြီး ရဲတပ်ကြပ်ကြီးစိုးသိန်း အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားခဲ့ ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။


Vodafone နှင့် China Mobile ဖုန်းအော်ပရေတာ ယှဉ်ပြိုင်မှု ရုတ်သိမ်း

      ဗြိတိန်နိုင်ငံ Vodafone နှင့် China Mobile ကုမ္ပဏီတို့သည် မြန်မာနိုင်ငံက သတ်မှတ်ထားသော အခြေအနေများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ဆန်ခါတင်စာရင်းဝင်ထားသော လုပ်ငန်းလိုင်စင်ရရှိရေး ပြိုင်ပွဲမှ နုတ်ထွက်လိုက်ကြောင်း ကြေညာ ချက်ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားချက်အရ သိရှိရသည်။ မြန်မာအစိုးရသည် ဆန်ခါတင်ကုမ္ပဏီ ၁၂ ခုမှ ၄ ခုကို လိုင်စင်ချပေးမည်ဖြစ်ပြီး ဇွန်လ ၂၇ ရက်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ကြေညာမည်ဖြစ်ကြောင်း သိရှိရ သည်။


အိန္ဒိယ နှင့် မြန်မာ နယ်စပ်တွင် ငွေလွှဲဘဏ်များဖွင့်မည်

အိန္ဒိယနိုင်ငံ နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် လွယ်ကူမြန်ဆန်စေရန်အတွက် မြန်မာ-အိန္ဒိယ နယ်စပ်မြို့များတွင် ငွေလွှဲဘဏ်များ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်လှိုင်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ငွေလွှဲဘဏ်များကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရန်အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ငွေလွှဲဘဏ်များ ဖွင့်လှစ်ပြီးပါက နှစ်နိုင်ငံမှ ကုန်သည်များ တိုက်ရိုက်ငွေလွှဲကာ ကုန်သွယ်မှုများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive