Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၄.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. စပါးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် တစ်သိန်းတိုးမြှင့်
  2. မြန်မာနိုင်ငံတွင် ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် ပေါ်ပေါက်နိုင်ရန် စီစဉ်

နိုင်ငံရေးသတင်း

  1. အစိုးရနှင့် UNFC တို့ တွေ့ဆုံလျှင် KIA တက်ရောက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

စပါးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် တစ်သိန်းတိုးမြှင့်

ယခုနှစ်မိုးစပါးရာသီမှစ၍ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ကြသော တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းသို့ တိုးမြှင့်လိုက်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွင် ကြေညာ ထားသည်။

ယခင်က စိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧကတွင် ရှစ်သောင်း ထုတ်ချေးခဲ့ပြီး ယခု တစ်သိန်းတိုးမြှင့်ရာတွင် မူလကြွေးဟောင်း ကြွေးကျန်များကို ဘဏ်လုပ်ငန်းဥပဒေအရ အပြေအကျေ ဆပ်ပြီးမှသာလျှင် ထပ်မံ ချေးယူခွင့်ရှိကြောင်း သိရသည်။

အမှန်တကယ် စိုက်ပျိုးငွေအခက်အခဲရှိသည့် တနိုင်တပိုင်နှင့် လယ်မြေ ၁၀ ဧကနှင့်အောက် တောင်သူ လယ်သမားများကိုသာ ထုတ်ချေးပေးမည်ဖြစ်ကာ အချိန်မီ မြန်မြန်ဆန်ဆန် ထုတ်ချေးနိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များက စိုက်ဧကများ၏ စာရင်းကို မှန်ကန်စွာဖြင့် အမြန်ဆုံး စစ်ဆေးကောက်ယူ စာရင်းပြုစုပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ချိန်ကိုက်ပေးပို့ပါရန်လည်း နှိုးဆော်ထားသည်။

YC

-----------------------------------------------------------------

မြန်မာနိုင်ငံတွင် ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် ပေါ်ပေါက်နိုင်ရန် စီစဉ်

မြန်မာနိုင်ငံတွင် ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် (Single Market) ဖြစ်ပေါ်စေရန်အတွက် အများပိုင်ကုမ္ပဏီနှင့် ရွှေလုပ်ငန်းရှင်များအသိုင်းအဝိုင်းက စီစဉ်လျှက်ရှိကြောင်းသိရသည်။

ယင်းဗဟိုဈေးကွက်ကို ၂၀၁၃ နှစ်ကုန်ပိုင်းတွင် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ယင်းဈေးကွက်ပေါ်ပေါက်လာပါက အရောင်းအဝယ်ပိုင်းတွင် စနစ်တကျ လုပ်ကိုင်သွားနိုင်မည်ဖြစ်ပြီး မမှန်မကန် လိမ်ညာ၍ မိမိပိုင်ဆိုင်မှုထက် အဆမတ် ပိုမိုကာ ဝယ်ရောင်းလုပ်နေမှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ယခု ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် အကောင်အထည်ဖော်ရန်အတွက် မြေနေရာရွေးချယ်မှုများပြုလုပ်နေပြီး လုံခြုံစိတ်ချရသော၊ ဘဏ်များနှင့် အလွယ်တကူချိတ်ဆက်၍ရသော၊ အများပြည်သူသွားလာရ လွယ်ကူသော နေရာဖြစ်ရန်လိုအပ်သည်။

Single Market ကို ကနဦးတွင် ရန်ကုန်နှင့် မန္တလေးမြို့တွင် နည်းပညာအသုံးပြုကာ ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်ထားပြီး ထိုမှတဆင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် အမီ ရင်ပေါင်တန်းလိုက်နိုင်အောင် တက်ညီလက်ညီ ကြိုးစားကာ နောက်ပိုင်းတွင် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဆိုပါက တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး One Stop Service ပေးနိုင်သည်အထိ လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

YC

***********************************************************************

နိုင်ငံရေးသတင်း

အစိုးရနှင့် UNFC တို့ တွေ့ဆုံလျှင် KIA တက်ရောက်မည်

KIA အနေဖြင့် အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)တို့ တွေ့ဆုံ ဆွေးနွေးမည်ဆိုပါက တက်ရောက်မည်ဖြစ်ကြောင်းကို KIA တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

KIA သည် တွေ့ဆုံညှိနှိုင်းအဖြေရှာမှုမှ ပြေလည်မှုရရှိနိုင်မည်ဟုဆိုသော မူကို ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ဆွေးနွေးပွဲများ ပြုလုပ်မည် ဆိုပါက စစ်ရှိန်လျော့ချဖို့နှင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ပါမည်ဟုဆိုသည့် ကတိအာမခံချက်ပေးရန် ပြောကြားခဲ့ကြောင်းနှင့် KIA အနေဖြင့် စစ်ရှိန်မြင့်နေခြင်း ကြောင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်မလာသေးသည့်တိုင် UNFC နှင့် အစိုးရ တွေ့ဆုံဆွေးနွေးလျှင် တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် UNFC  အဖွဲ့သည် တရားမျှတသော နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးခေါ်ယူပေးရန် တောင်းဆိုသည့် ကြေငြာချက်တစ်စောင်ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

အဆိုပါကြေငြာချက်တွင် “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သော ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံကို မြင်တွေ့လိုပါက ကချင်အဖွဲ့ (KIO/KIA) အား ထိုးစစ်ဆင် တိုက်ခိုက်နေသည်ကို ချက်ချင်းရပ်တန့်ပြီး လွတ်လပ်တန်းတူ တရားမျှတသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံးခေါ်ယူကျင်းပပေးရန် အစိုးရအဖွဲ့နှင့်တပ်မတော်အား တောင်းဆိုလိုက်ကြောင်း” ဖော်ပြပါရှိသည်။

အစိုးရနှင့် UNFC တို့သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ တွေ့ဆုံဆွေးနွေးမည်ဟု ငြိမ်းချမ်းရေး ဖော်ဆောင်နေသူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မီဒီယာများကို ပြောကြားထားသော်လည်း ယခုအခါထိ ဖြစ်ထွန်း လာခြင်းမရှိသေးချေ။

YC

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ထားဝယ်အထူးစီးပွါးရေးဇုန်ရဲ့ ထူးခြားချက်ကတစ်ကယ့် ဧရာမစီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီရဲ့အကျိုးသက်ရောက်မှုကလည်း ကြီးမားပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့မှသာ ဆောင်ရွက်မယ်ဆိုရင် အကြံဥာဏ်တွေ ထွက်လာနိုင်တယ်။ ဒီစီမံကိန်းက ထားဝယ်ဒေသ တစ်ခုတည်း အကျိုးခံစားရမှာမဟုတ်ဘဲ ကျန်တဲ့ဒေသတွေအားလုံးခံစားရမှာ ဖြစ်ပါတယ်။”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Express Times Journal အတွဲ (၂) အမှတ် (၄၃) တွင်ပါရှိသော “ထားဝယ် အထူးစီးပွားရေးဇုန် တနသာင်္ရီဒေသအပေါ် ၂၇၂ ရာခိုင်နှုန်း အကျိုးသက်ရောက်မှုရှိနိုင်” သတင်းမှ မဟာအောင် မြေမဲဆန္ဒနယ် မှ ဦးအုန်းကြိုင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------

“တောင်သူလယ်သမားတွေ ဆင်းရဲမှုမျဉ်းကြောင်းအောက်ရောက်နေတာက နှစ်စဉ်နှစ်တိုင်း စပါးဈေးက ကုန်ထုတ်လုပ်မှု စရိတ်မကာမိအောင်ကျဆင်းနေတာက အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ လယ်သမားတွေ လယ်ယာမြေကို စွန့်ပစ်သွားရင် ဆန်ကိုအားပြုစားသုံးနေရသူတွေ အခက်အခဲဖြစ်လာနိုင်တယ်။ တောင်သူတွေက အားလပ်တဲ့အချိန်မှာလည်း တခြားအလုပ်အကိုင်လုပ်ဖို့ ကျွန်တော်တို့ဆီမှာ အလုပ်လက်မဲ့ ပြဿနာကရှိနေသေးတယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူအကျိုးရှိဖို့ ဘာတွေတောင်းဆို ပြီးပြီလဲ၊ ပါသင့်ပါထိုက်တဲ့အချက်အလက်တွေ ပါပြီလားဆိုတာ လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၅) အမှတ် (၈) တွင်ပါရှိသော “သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို စောင့်ကြပ်စစ်ဆေးရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များအား ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------

“နိုင်ငံအတွင်းမှာလက်ရှိလုပ်ကိုင်နေတဲ့ စီမံကိန်းတွေက ပွင့်လင်းမြင်သာမှု နည်းနေသလို ပြည်သူတွေကလည်း လက်မခံကြဘူး။ နိုင်ငံအခြေအနေကလည်း ပွင့်လင်းမြင်သာမှု အားနည်းတယ်လို့ဝေဖန်နေတဲ့ အချိန်မှာ စီမံကိန်းတချို့ကို ရပ်ဆိုင်းထားသင့်ပြီး ပွင့်လင်းမြင်သာမှုရှိမှ ပြန်လည်လုပ်ကိုင်သင့်ပါတယ်။”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၅) အမှတ် (၈) တွင်ပါရှိသော “မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့် ရေနံပိုက်လိုင်းစီမံကိန်းတွင် ပိုက်လိုင်းဖြတ်သန်းက အဆမတန်နည်းပါးနေသည့်အပြင် ရေနံပိုက်လိုင်းယိုဖိတ်မှု၊ ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအတွက် ကြိုတင်တွက်ဆထားခြင်း ရှိ၊မရှိ မသိရ” သတင်းမှ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီမှ အဖွဲ့ဝင်တစ်ဦး ၏ပြောကြားချက်အားကောက်နှုတ်ချက်။

**********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၃.၁.၂၀၁၃

ပြည်တွင်းသတင်း

  1.  ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံကြေးတိုးမြင့်ပေးမည်
  2. အထူးစီးပွားရေးဇုန်ဥပဒေသစ် လာမည့်လွှတ်တော်တွင်တင်သွင်းမည်

နိုင်ငံရေးသတင်း

  1. အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပြင်ဆင်ချက် ပြည်ထာင်စုလွှတ်တော်အတည်ပြုပြီးသည့် အတိုင်းထား ရှိသင့်ကြောင်းတိုက်တွန်း
  2. AAPP နှင့် ပြည်တွင်းအင်အားစုများပူးပေါင်၍ လွတ်မြောက်ရန်ကျန်သော နိုင်ငံရေးအကျဉ်သားစာရင်းပြုစုမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

 ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံကြေးတိုးမြင့်ပေးမည်

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်ကာနိုင်ငံဝန်ထမ်းများကို ထောက်ပံကြေးများတိုးမြင့်ပေးသွားမည် ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတက ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ပေးပို့သော နှစ်သစ်ကူး သဝဏ်လွှာတွင် ဖော်ပြထားကြောင်းသိရသည်။

အဆိုပါသဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဇန်နဝါရီလ ၁၀ ရက် နေ့တွင်ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထောက်ပံကြေးက ပင်စင်ခံစားခွင့်တွင် မပါရှိသည့်အတွက် ထောက်ပံကြေးပေးတာထက် လစာတိုးပေးမည် ဆိုပါက ဝန်ထမ်းများအတွက် ပိုမို အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ဒါပေမယ့် ခေတ်အဆက်ဆက်က ထောက်ပံကြေးနှင့် လစာတိုးပေးတိုင်း ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းကမြင့် တက်လာကြောင်း၊ အဆိုပါအချက်များကိုပါထိန်းချုပ်နိုင်ရန်စဉ်းစားသင့် ကြောင်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အရာရှိဝန်ထမ်းတစ်ဦးမှပြောကြားသည်။

လက်ရှိ အစိုးရလက်ထက်တွင် နိုင်ငံဝန်ထမ်းများကို ၂၀၁၁ ဧပြီလတွင် လစာငွေကျပ် ၂၀၀၀၀ နှင့် ၂၀၁၂ ဧပြီလ တွင်ထောက်ပံကြေး ကျပ် ၃၀၀၀၀ ကိုခံစားခွင့်ပြုခဲ့ပြီးအငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကိုလည်း တိုးမြင့်ပေးခဲ့သည်။

YC

--------------------------------------------------------------

အထူးစီးပွားရေးဇုန်ဥပဒေသစ် လာမည့်လွှတ်တော်တွင်တင်သွင်းမည်

ပြည်ပရင်းနှီးမြှုပ်နှံလိုသူများအတွက် ဆွဲဆောင်မှုအားနည်းခဲ့သော ယခင်ပြဋ္ဌာန်းခဲ့သည့်အထူးစီးပွားရေးဇုန်ဥပဒေ ကိုပြန်လည်ပြင်ဆင်ရေးဆွဲ ကာလာမည့်လွှတ်တော်အစည်းအဝေးများတွင် တင်သွင်းတော့မည်ဖြစ်ကြောင်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင်ပြဌာန်းခဲ့သော အဆိုပါဥပဒေ၏ ၈၀ ရာခိုင်နှုန်းကို ပြန်လည်ပြင်ဆင် ရေးဆွဲရကြောင်းကို ဇန်နဝါရီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံကုန်သည်စက်မှုလက်မှုအသင်းချုပ်တွင် ပြုလုပ်သောသီလဝါ စက်မှုဇုန်အကောင်အထည်ဖော် ရှင်လင်းဆွေးနွေးပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ပွင်လင်းမြင်သာမှုရှိလာပြီဖြစ်သည့်အတွက် အထူးစီးပွားရေးဇုန်တွင်လုပ်ကိုင်လိုသော ပြည်တွင်း၊ ပြည်ပရှိလုပ်ငန်းရှင်များ အပေါ် တွင်အားလုံးသာတူညီမျှလုပ်ကိုင်နိုင်သော ဥပဒေမျိုးဖြစ်လိမ့်မည်ဟုမျှော်လင့်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်ဥက္ကဌ ဦးဝင်းအောင်ကပြောကြားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်အကောင်အထည်ဖော်လျှက်ရှိသော အထူးစီးပွားရေးဇုန်များကိုနယ်မြေအလိုက်ခွဲခြားကာ ဥပဒေ ပြဋ္ဌာန်တော့မည်မဟုတ်ပဲ အထူးစီးပွားရေးဇုန်အားလုံးနှင့်သက်ဆိုင်သော ဥပဒေတစ်ခုတည်းဖြင့်သာအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

YC

***********************************************************************

နိုင်ငံရေးသတင်း

အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပြင်ဆင်ချက် ပြည်ထာင်စုလွှတ်တော် အတည်ပြုပြီးသည့်အတိုင်းထား ရှိသင့် ကြောင်းတိုက်တွန်း

သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်အကြား လိုအပ်ချက်များ ပြင်ဆင်ချက်များဖြင့် အပြန်အလှန် မှတ်ချက်ပြုပေးပို့လျက်ရှိသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ပြည်ထာင်စု လွှတ်တော်မှ အတည်ပြုသည့်အတိုင်း သာထားရှိသင့်ကြောင်း အမျိုးသာလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်တစ်ဦးဖြစ်သော ဦးစိုင်းထွန်းနုတ်က လွှတ်တော်နှစ်ရပ်ပေါင်း ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဇန်နဝါရီလ ၁၀ ရက် နေ့ ကသုံးသပ်တင်ပြခဲ့ကြောင်းသိရှိရသည်။

အဆိုပါဥပဒေ ပြင်ဆင်ချက်များတွင် သမ္မတနှင့် လွှတ်တော်အတွင်း သဘောထားကွဲလွဲမှုများ ရှိနေကြောင်း၊ သမ္မတက လွှတ်တော်မှ တင်ပြမှုများ သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တယ်ဆိုပြီးတင်ပြသလို၊ လွှတ်တော်ဘက်မှ လည်းသမ္မတ၏ တင်ပြမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါဝင်ဘူးလို့ ပြန်လည်တင်ပြထားသည့် အတွက်ကြောင့် လာမည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေတွင် အတည်ပြုပြဋ္ဌာန်းတဲ့ကိစ္စကို ဆက်လက် ဆွေးနွေးရန်ရှိကြောင်းကို လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးကြည်မြင့်ကပြောကြားသည်။

ယင်းဥပဒေမူကြမ်းကို  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅ အပိုဒ်ခွဲ (က) အရသမ္မတမှ လက်မှတ်ထိုး၍ ဥပဒေအဖြစ်ကြေငြာနိုင် ရန် ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက မှပေးပို့ခဲ့သည်။ နိုင်ငံတော်သမ္မတကလည်း သဘောထား မှတ်ချက်များ နှင့်အတူ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ ၂၃ ရက်နေ့ တွင် ပြန်လည်ပေးပို့ခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ ပြန်လည်ပေးပို့ထားသော သဘောထားမှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေးဆုံးဖြတ်ပြီး သဘောတူနိုင် သလိုသဘောထားမှတ်ချက်ကို လက်မခံဘဲ ဥပဒေကြမ်းကိုမူလအတိုင်းအတည်ပြုနိုင် ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၆ အပိုဒ်ခွဲ (က) အရသိရသည်။

YC

---------------------------------------------------------

AAPP နှင့် ပြည်တွင်းအင်အားစုများပူးပေါင်၍ လွတ်မြောက်ရန်ကျန်သော နိုင်ငံရေးအကျဉ်သားစာရင်းပြုစုမည်

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင်ရှိသော  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် ၈၈ မျိုးဆက်သစ် ကျောင်းသားများမှ ပြုစု ထားသော လွတ်မြောက်ရန် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများစာရင်းများတွင် ကွာခြားမူများ မရှိရန် တိုက်ဆိုင် ညှိနှိုင်းသွားမည်ဖြစ်ကြောင်းကို AAPP တွဲဖက် အတွင်းရေးမှု ဦးဘိုကြည်က ပြောကြားကြောင်းသိရသည်။

နိုင်ငံရေး အကျဉ်းသားဆိုသည့် အဓိပ္ပါယ်ဖွင်ဆိုချက်ကို ပြန်လည်ဆွေးနွေးရန်နှင့် လွတ်မြောက်ပြီးနိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘဝပြန် လည်ထူထောင်ရာတွင် မည်ကဲ့သို့ကူညီရန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်သစ် ကျောင်းသားများမှ ပြုစုထားသော စာရင်းများအကြား ကွာဟမှုများကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၂ ဦးမှလွတ်မြောက်ရန် ကျန်ရှိနေပြီနိုင်ငံရေးအမှုဖြင့် တရားစွဲဆိုခြင်း ခံနေရသောသူပါင်း ၁၆၀ ဦး ရှိကြောင်းကို ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP  မှစာရင်းများတွင်ဖော်ပြထားသည်။

YC

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာက စစ်ပွဲတွေအရှိန်မလျှော့ပဲနဲ့ ဘာမှမဖြစ်နိုင်ဘူး။ ဘယ်ဘက်ကပဲ ဖြစ်ဖြစ် ကိုယ်လိုချင်သမျှ အရာအားလုံးကို တစ်ထိုင် တည်းနဲ့မရနိုင်ဘူး။ အားလုံးက လက်တွေ့ကျဖို့လိုတယ်။ အနိမ့်ဆုံးသဘောတူညီချက်လေးတွေကစပြီး ဒါကိုမွမ်းမံတာလုပ်သွားလို့ရတယ်။ အနိမ့်ဆုံးသ ဘောတူညီချက် ကိုရှာဖွေနိုင်ဖို့လိုတယ်။”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၂) တွင်ပါရှိသော “KIA အနေနဲ့ ဆွေးနွေးဖြေရှင်းမှ ရမယ်ဆို တဲ့မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားတယ်ဟု ကိုမြအေးပြော” သတင်းမှ ကိုကိုကြီး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

----------------------------------------------------------

 “အဲဒါက ခေတ်နဲ့ညီတဲ့ တောင်းဆိုချက်ပါ။ အရေးကြီးတာက ဘယ်နည်းပညာသုံးသုံး အများပြည်သူ သိသင့်သိထိုက်တာကို အသိပေးရမယ့် သဘောပါပဲ။ ပွင့်လင်းမြင်သာမှုရှိရမယ်၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်တွေက ဘယ်အထိရောက်နေပြီ၊ ဘယ်လိုပုံစံရှိနေပြီဆိုတာ ပြည်သူတွေသိခွင့်ရှိရမယ်။”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၂) တွင်ပါရှိသော “ကေအိုင်အိုနှင့် အစိုးရ Online ကဆွေးနွေးရန် လွှတ်တော်ကတိုက်တွန်း” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်

-------------------------------------------------------------

“ပဋိပက္ခဖြစ်ပြီဟေ့ဆိုရင် ပထမဆုံးဖြေရှင်းရတာ စစ်သားပဲ။ ပထမဆုံးအသက်ပေးရတာ စစ်သားတွေပဲ။ အသက်နဲ့ရင်းပြီး တည်ဆောက်ရတာဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေးအလိုချင်ဆုံးကစစ်သားပါ”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၂) တွင်ပါရှိသော “တပ်မတော်သည် ငြိမ်းချမ်းရေး အလိုချင်ဆုံးဖြစ် ကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြေားကြား ” သတင်းမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုကြီး မင်အောင်လှိုင် ၏ ပြောကြားချက်အားကောက်နှုတ်ချက်

**********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive