Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်က ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးအပါအဝင် ၇ ဦး သေဆုံး

(Daily Mail မှ 1 Sept 2011 ရက်စွဲပါ “Seven killed including two children after Second World War Bomb explode in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ နာမည်ကျော် တပ်မတော်အစိုးရ ပြောင်းလဲနေတာ ဟုတ်ရဲ့လား

(TIME မှ 31 August 2011 ရက်စွဲပါ “Is Burma’s Notorious Military Junta Reforming?” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

  1. တရုတ်နှင့် အိန္ဒိယ စစ်သင်္ဘောများ ဗီယက်နမ်အထွက်တွင် ရင်ဆိုင်မိဟုဆို

(AFP ၏ 1 Sept 2011 ရက်စွဲပါ “China confronted India warships off Vietnam: Report” ကို ဘာသာ ပြန်ဆိုသည်)

*********************************************************************************

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်က ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးအပါအဝင် ၇ ဦး သေဆုံး

(Daily Mail မှ 1 Sept 2011 ရက်စွဲပါ “Seven killed including two children after Second World War Bomb explode in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ပိုင်းတွင် မြစ်ထဲမှ ဆယ်ယူရရှိသော ဒုတိယကမ္ဘာစစ်ခေတ်မှ ဗုံးတစ်လုံးပေါက်ကွဲကာ ၇ ဦး အသက်ဆုံးရှုံးသွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သေဆုံးမှုတွင် ကလေးငယ် ၂ ဦးလည်း ပါဝင်သည်ဟု ပြောကာ အဆိုပါတာဝန်ရှိသူက မီဒီယာများအား ပြောရေး ဆိုခွင့်မရှိခြင်းကြောင့် အမည်မဖော်ပြရန် တောင်းဆိုထားသည်။

သေဆုံးသွားသူ ၇ ဦးသည် ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့က မြစ်ထဲ ဗုံးတစ်လုံးမျောနေသည်ကို တွေ့ရှိသဖြင့် ဆယ်ယူရန် ကြိုးစားစဉ် ပေါက်ကွဲ သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်မှ ဗုံးများကို မကြာခဏဆိုသလို တွေ့ရှိရတတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ နှစ်ပေါင်းများစွာအတွင်း ဗုံးတစ်လုံးထဲဖြင့် အရေအတွက် အများဆုံးသေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်များနှင့် ဗြိတိသျှတပ်များအကြား တိုက်ပွဲများစွာ ဖြစ်ပွား ခဲ့ခြင်းကြောင့် မပေါက်ကွဲသေး သည့် ဗုံးများ တန်နှင့်ချီကာ ဒေသတွင်း ပြန့်ကျဲ၍ ကျန်ရစ်သည်ဟု ဆိုသည်။

**********************************************************

မြန်မာနိုင်ငံ၏ နာမည်ကျော် တပ်မတော်အစိုးရ ပြောင်းလဲနေတာ ဟုတ်ရဲ့လား

(TIME မှ 31 August 2011 ရက်စွဲပါ “Is Burma’s Notorious Military Junta Reforming?” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

                မြန်မာနိုင်ငံကို ရာစုနှစ် ထက်ဝက်နီးပါးမျှ “မကြုံဘူးလျှင် ယုံဖို့ပင်ခက်သည့်” ရက်စက်ကြမ်းကြုပ်မှုများဖြင့် တပ်မတော် ခေါင်းဆောင်များ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် အုပ်ချုပ်ခဲ့ကြသော်လည်း လတ်တလော ဖြစ်ရပ်များကမူ မြန်မာ့အရေး စောင့်ကြည့်သူများအား “အပြောင်းအလဲ ဖြစ်လာပြီ လား” ဟူသော အတွေးဖြင့် အံ့အားသင့်စေခဲ့သည်။

                မနှစ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ အတွင်းက ရန်ကုန် အပြင်ဖက်သို့ ပထမဆုံးအကြိမ် စည်းရုံးရေးဆင်းရာတွင် ၂၀၀၃ ခုနှစ်က တပ်မတော်အစိုးရပိုင် လူမိုက်များ နှောက်ယှက်ခဲ့သည့် ဖြစ်ရပ်နှင့်မတူတော့ပဲ စိတ်ဓာတ် တက်ကြွနေသည့် လူအုပ်ကြီး၏ ကြိုဆိုထောပနာ ပြုခြင်းကိုခံခဲ့ရသလို ရန်ကုန်ကို နောက်တစ်ကြိမ်ခွာ၍ နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက်တွင်လည်း သူမအနေဖြင့် ပျော်ရွှင်မှုနှင့် ကျေနပ်အားရမှု ရှိခဲ့သည်ဟု သိရှိရသည်။

                ကမ္ဘာ့ သက်ဆိုးအရှည်ဆုံး တပ်မတော်အာဏာရှင် အစိုးရများထဲမှ တစ်ခုသည် နောက်ဆုံးတွင် ပြုပြင် ပြောင်းလဲမှုကို ဦးတည်ကာ အခါလည်သား မတ်တပ်ရပ် လမ်းလျှောက်သလို တုံ့နှေးတုံ့နှေးဖြင့် စတင်နေသလား ဟူသော မေးခွန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများအကြားမှာပင် အမြင်ကွဲလွဲမှု ရှိလာခဲ့သည်။ “စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားစေလိုတဲ့ စေတနာရှိတဲ့ အထောက်အထားမျိုး လုံးဝ မတွေ့ရသေးပါဘူး”ဟု ပြောကြားသူမှာ သြစတြေးလျ Griffith University မှ သုတေသန ပညာရှင် Andrew Selth ဖြစ်သည်။ “ဒါပေမယ့်လည်း လေ့လာ ဆန်းစစ်သူတွေ မျှော်လင့်မထားတဲ့ ပျော့ပြောင်းမှုဒီဂရီကို မြန်မာအစိုးရက ပြသခဲ့တယ်ဆိုတာကိုတော့ ဝန်ခံရမှာပါ” ဟု ယင်းက ဆက်လက် ပြောဆိုသည်။

                အောက်တွင် မြန်မာအစိုးရ ပြုပြင် ပြောင်းလဲနေသည်ဟူသော လက္ခဏာငါးချက်နှင့် ယင်းတို့ ဟန်ဆောင်နေကြောင်း သတိထားရမည့် လက္ခဏာငါးချက်စီကို အသီးသီး ဖော်ပြထားသည်။

ကောင်းသတင်းများ

(၁) သမ္မတသစ်

                ဦးသိန်းစိန်သည် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးထုတ် ကောက်ယူခံရသူ ဖြစ်သော်လည်း သူ ကိုယ်တိုင်မှာမူ အာဏာရှင် မဟုတ်ပေ။ “သူတာဝန်ထမ်းဆောင်ခဲ့တာဟာ ကိုယ်ကျိုး စီးပွားအတွက် မဟုတ်ပါဘူး။ ဒါ့အပြင် သဘောကောင်းပြီး ဆက်ဆံလို့ ကောင်းတဲ့သူ တစ်ယောက် ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ တာဝန်ရှိသူအဖြစ် ယခင်လုပ်ကိုင်ခဲ့သော အကဲခတ် လေ့လာသူ Richard Horsey က ပြောကြားသည်။ “သူက အကြံကောင်း၊ ဥာဏ်ကောင်းတွေကို လိုလိုလားလား ကြိုဆိုတဲ့ သူဖြစ်သလို သူနဲ့ ဆွေးနွေး ရာမှာလည်း ထုံးတမ်းစဉ်လာ ဟန်ကြီးပန်ကြီး လုပ်မှုတွေမရှိဘူး ဆိုတာကို ပြသနေပါတယ်” ဟု Horsey က သုံးသပ်သည်။ ဦးသိန်းစိန်ကို တောင်အာဖရိက အသားရောင်ခွဲခြားမှု ခေတ်လွန်သမ္မတ FW de Klerk နှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နယ်လဆင်မင်ဒဲလားနှင့် လည်းကောင်း အသီးသီးနှိုင်းယှဉ်လျှင် အထူးပင် ဆီလျော်ပေလိမ့်မည်။

(၂) ဗိုလ်ချုပ်အောင်ဆန်း ပြန်လည်ပေါ်ထွက်လာမှု

                မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဖြစ်နေသောကြောင့် သူ၏ရုပ်ပုံကို ငွေစက္ကူများနှင့် အစိုးရရုံး နံရံများပေါ်မှ တပ်မတော် အစိုးရက ဖယ်ရှား ပစ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က ကြိုဆို နှုတ်ဆက်သော အခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်ဘဝပုံတူကို ထင်ထင်ရှားရှား ချိတ်ဆွဲထားခြင်းမှာ သမ္မတကြီးသည် ဗိုလ်ချုပ်အောင်ဆန်းအား လေးစားသူဟူသော နောက်ထပ် လက္ခဏာတစ်ခု ဖြစ်ကြောင်း Horsey က ဆိုသည်။

(၃) အင်းစိန်ထောင် ခရီးစဉ်

                ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Tomas Ojea Quintana သည် နိုင်ငံရေး အကျဉ်းသားများနှင့် စကားပြောဆိုနိုင်ရန် အတွက် ရန်ကုန်၏ နာမည်အပျက်ဆုံး အင်းစိန်ထောင်သို့ သွားရောက်ခွင့် ရခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သာမက အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်။

(၄) ခပ်ပါးပါး လွတ်လပ်ခွင့် ရလာတဲ့ မီဒီယာ

                အစိုးရဆင်ဆာက ခွင့်လွှတ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေမယ့် True News ဂျာနယ်က လတ်တလော မျက်နှာဖုံးသတင်း တစ်ပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလို့ မှားယွင်းဖော်ပြခဲ့တာကို သတိပေးရုံသာ ပြုလုပ်ခဲ့သည်။ ဂျာနယ်စာစောင်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းစကားတွေကို ဖော်ပြလို့ မရနိုင်သေးပေမယ့် သူမရဲ့ ဓာတ်ပုံတွေကိုတော့ လွတ်လွတ်လပ်လပ် ဖော်ပြခွင့် ရနေကြသည်။

(၅) ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ အကြီးအကဲ ရွေးချယ်မှု

                သမ္မတရဲ့ အကြံပေး အဖွဲ့ထဲက ပညာရှင်တွေ များစွာထဲမှာ ဦးမြင့် ကတော့ အများလေးစားကြတဲ့ စီးပွားရေး ပညာရှင် ဖြစ်သလို ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။

မကောင်းသော သတင်းများ

(၁) သမ္မတသစ်

                သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုပ်သေးရုပ်သာဖြစ်၍ သူ၏ ရပ်တည် ရှင်သန်မှုကို ဆွဲဆန့်ရန်နှင့် တပ်မတော် အပေါ် ဖိအား လျော့စေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဟန်ဆောင် လိမ်ညာ ပူးပေါင်း ပြနေသည်ဟု အချို့သော ဝေဖန် ဆန်းစစ်သူများက ပြောကြားသည်။ “တောင် အာဖရိက ရဲ့ FW de Klerk နဲ့တူတဲ့ ခေါင်းဆောင်မျိုးကို မြန်မာ တပ်မတော် ခေါင်းဆောင်တွေထဲမှာ ရှာတဲ့ ကိစ္စဟာ လမိုက်ည သန်းခေါင်ယံမှာ ကောက်ရိုးပုံထဲ အပ်ရှာရ သလိုပါပဲ” ဟု London School of Economics and Political Science မှ သုတေသန လေ့လာသူ မောင်ဇာနည်က ဒီမိုကရက်တစ် မြန်မာ့အသံ DVB ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

(၂) အင်းစိန်ထောင်

                အင်းစိန်ထောင်တွင်း အခြေအနေသည် ကြောက်မက်ဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။ အမှု စစ်ကြောသူများက ထိန်းသိမ်းခံ အကျဉ်းသားများကို စားမရ၊ အိပ်မရအောင် ပြုလုပ်ခြင်း၊ ရိုက်နှက်ခြင်း၊ လိင်အင်္ဂါအပါအ၀င် ခန္ဓာကိုယ် အစိတ်အပိုင်းများကို မီးဖြင့် တို့ခြင်း တို့ဖြင့် ဖြောင့်ချက်ရအောင် ပြုလုပ်လျက် ရှိသည်ဟု ကုလ ကိုယ်စားလှယ် Quintana က အစီရင်ခံထားသည်။ သံဃာတော် ၂၂၅ ပါး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကို အစိုးရက ဖမ်းဆီး အကျဉ်းချထားကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထုတ်ဖော် ပြောဆိုထားသည်။

(၃) NLD ပါတီကို ဆက်လက် နှိပ်ကွပ်

                ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီဝင် တစ်ဦးဖြစ်သူ ဦးအောင်လှမြင့်သည် မြန်မာပြည် အလယ်ပိုင်း ယင်း နေထိုင်ရာ ဇာတိမြို့မှထွက်ခွာ၍ ခရီးသွားခြင်းကြောင့် လတ်တလော ထောင်ဒဏ် ၁၆ လ ချမှတ်ခြင်း ခံခဲ့ရသည်။

(၄) အရှိန်မြင့်လာသည့် ပြည်တွင်း စစ်ပွဲများ

                မြန်မာ့ တပ်မတော်က ဆောင်ရွက်နေသော သောင်းကျန်းမှု နှိမ်နှင်းရေး စစ်ဆင်ရေးများကြောင့် ယခုနှစ်အတွင်း ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ် များမှ ဒေသခံ တောသူတောင်သား ၅၀၀၀ ခန့် အိုးပစ်၊ အိမ်ပစ်၊ အိမ်မဲ့၊ ယာမဲ့ ဒုက္ခသည်များ ဖြစ်နေသည်ဟု Human Right Watch က အထောက် အထား ခိုင်လုံစွာ စွပ်စွဲထားသည်။ တစ်ခါတစ်ရံ မိုင်းကွင်းကို အတင်းဖြတ်လျှောက် ခိုင်းခြင်း ခံရသော အကျဉ်းသား ပေါ်တာ များအပေါ် မြန်မာ့ တပ်မတော်၏ နှိပ်စက်မှုများသည် စစ်ရာဇဝတ်မှုနှင့် အကြုံးဝင်သည်ဟု နယူးရောက် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ယုံကြည်လျက် ရှိသည်။

(၅) ထိန်းမရ သိမ်းမရ ဖြစ်သွားတဲ့ ကျပ်ငွေ

                အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုး ရုတ်တရက် ထိုးတက်သွားခြင်းကြောင့် ပို့ကုန်သမားများနှင့် တောင်သူ လယ်သမားများ အထိနာသွားကြသည်။ စီးပွားရေးအခြေအနေ ဆိုးဝါးကာ ဆင်းရဲတွင်းနက်မှုက ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ်များတွင် ပြည်လုံးကျွတ် ဆန္ဒ ပြပွဲများ ဖြစ်ပေါ်စေခဲ့သလို ယခုလည်း နောက်ထပ် ဖြစ်ပွားလာမည့် အခြေအနေတစ်ခု ရှိနေသည်။ မြန်မာ ဗိုလ်ချုပ်ကြီးများကို အမှန်တကယ် မောင်းနှင် နေသော အချက်မှာ တော်လှန်အုံကြွမှုကို ကြောက်ရွံ့ခြင်းသာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲလိုသော စိတ်ရင်းဆန္ဒမှန် မဟုတ်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုကြသည်။ အမှန်တကယ်တွင်လည်း မူဘာရတ်နှင့် ကဒါဖီတို့၏ လတ်တလော ဖြစ်ရပ်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား သန်းခေါင်ကျော် ထထိုင် ဇောချွေးပြန်စေလျက် ရှိသည်ဟု ယုံကြည်ရပေသည်။

******************************************************************

တရုတ်နှင့် အိန္ဒိယ စစ်သင်္ဘောများ ဗီယက်နမ်အထွက်တွင် ရင်ဆိုင်မိဟုဆို

(AFP ၏ 1 Sept 2011 ရက်စွဲပါ “China confronted India warships off Vietnam: Report” ကို ဘာသာ ပြန်ဆိုသည်)

တရုတ်စစ်သင်္ဘောသည် ဗီယက်နမ်ရေပြင်မှ ထွက်ခွာလာသော အိန္ဒိယရေတပ်သင်္ဘောများအား ရင်ဆိုင်၍ မည်သည့်သင်္ဘောဖြစ်ကြောင်း မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း Financial Times က ကြာသပတေးနေ့က ပြောကြားခဲ့သည်။

လန်ဒန်အခြေစိုက် သတင်းစာက ဖော်ပြရာတွင် ထိုအဖြစ်အပျက်ကို သိရှိနေသူ ငါးဦးက ပြောကြားရာ၌ အိန္ဒိယ၏ ကုန်းပေါ်တွင်ရော ရေထဲမှာ ပါ သွားနိုင်သော တိုက်ခိုက်ရေး ရေယာဉ် INS Airavat က ဗီယက်နမ်မှ ထွက်ခွာလာပြီး မကြာမီနိုင်ငံတကာရေပြင်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည် ဟု ဆို သည်။

ဒေလီကလည်း အဆိုပါသင်္ဘောနှင့် အဆက်အသွယ်ပြုခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သော်လည်း ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့သည် ဆိုခြင်း ကိုမူ ငြင်းဆိုခဲ့သည်။

ဇူလိုင်လ (၂၂) ရက်နေ့က ဗီယက်နမ်၏ Nha Trang ဆိပ်ကမ်းမှထွက်ခွာလာပြီး ရေမိုင် ၄၅ မိုင် အရောက်တွင် ရေဒီယိုမှ “တရုတ်ရေတပ်” ဟု ဆိုသူတစ်ဦးက မေးမြန်းခဲ့ကြောင်း အိန္ဒိယအစိုးရကြေညာချက်တွင် ဖော်ပြခဲ့သည်။ “ခင်ဗျားတို့ တရုတ်ရေပိုင်နက်ထဲကို ဝင်ရောက်နေပါတယ်” ဟု ရေဒီယိုမှ ခေါ်နေသူက ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အိန္ဒိယသင်္ဘောအနေဖြင့် မည်သည့်သင်္ဘော၊ မည်သည့်လေယာဉ်မျှ မမြင်တွေ့ခဲ့ရ ကြောင်း၊ စီစဉ်ထားသည့်အတိုင်း ခရီးဆက်နိုင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“အိန္ဒိယအနေနဲ့ တောင်တရုတ်ပင်လယ်အပါအဝင် နိုင်ငံတကာရေပြင်တွင် လွတ်လပ်စွာ သွားလာခွင့်ကို ထောက်ခံပါတယ်၊ လက်ခံထားတဲ့ နိုင်ငံတကာဥပဒေရဲ့ စည်းမျဉ်းများနဲ့အညီ ဖြတ်သန်းသွားလာခွင့်ကိုလည်း ထောက်ခံပါ တယ်။ ဒါတွေကို အားလုံးက လေးစားသင့်ပါတယ်” ဟု ဒေလီက ဆိုသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ တစ်ခုပြီးတစ်ခု လုပ်ဆောင်လာမှုများသည် ဒေသတွင်း အိမ်နီးချင်းများ အထူးသဖြင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကို စိတ်မသက်မသာဖြစ်စေသည်။ တရုတ်ကမူ တောင်တရုတ်ပင်လယ်တစ်ခုလုံး သည် ယင်း၏ အချုပ်အခြာပိုင်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ တောင်တရုတ်ပင်လယ်သည် တစ်ကမ္ဘာလုံးက ကုန်သွယ်မှု အတွက် သွားနေသောလမ်းကြောင်း ဖြစ်သည်။ ရေနံများကြွယ်ဝသော စပရတ်လေ ကျွန်းများကို ပိုင်ဆိုင်ကြောင်း တရုတ်က ဆိုနေသော်လည်း ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်းနှင့် မလေးရှားတို့ကလည်း တောင်းဆိုထားကြသည်။

ဗီယက်နမ်နှင့် တရုတ်တို့သည့် မြောက်ပိုင်းပိုကျသော ပါရာစဲလ်ကျွန်းများကိစ္စကို သီးခြားအငြင်းပွားနေသည်မှာ ကာလကြာပြီဖြစ်သည်။

အိန္ဒိယရေတပ်သင်္ဘော INS Aviravat သည် ဗီယက်နမ်တောင်ပိုင်း ဗဟိုဒေသရှိ Nha Trang နှင့် မြောက်ပိုင်းရှိ Haiphong ဆိပ်ကမ်းများသို့ ဇူလိုင်လ ဒုတိယလဝက်တွင် သွားရောက်လည်ပတ်ခဲ့သည်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်၍ မည်သည့်သတင်းမျှ မရရှိကြောင်း ဆိုသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ဆိုခွင့်ရပုဂ္ဂိုလ်က ယင်းသည် ကာကွယ်ရေးဝန်ကြီးဌာနသို့ စုံစမ်းမေးမြန်း ထားသော်လည်း ပြန်ကြားချက် တစ်စုံတစ်ရာ မရရှိ သေးဟု ပြောသည်။

အဆိုပါအဖြစ်အပျက်ကို သိရှိသူက AFP သို့ ပြောကြားရာတွင် ထိုကိစ္စသည် တရုတ်လုပ်ဆောင်နေကျ လုပ်ရပ် ဖြစ်ကြောင်း၊ ဤနယ်မြေသည် ယင်းတို့၏ နယ်မြေဖြစ်ပြီး ယင်းတို့၏ အချုပ်အခြာပိုင်နက်အတွင်း ‘ဘာလာလုပ်သလဲ’ ဟု ရန်စခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လများအတွင်းက ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့က ယင်းတို့၏ ငါးဖမ်းသမားနှင့် ရေနံရှာဖွေရေးရေယာဉ် များကို တောင်တရုတ် ပင်လယ်တွင် တရုတ်က နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း ကန့်ကွက်မှုများ ပြုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြီးခဲ့သည့် ဇူလိုင်လက ထိုရေပြင်တွင် ရန်လိုမှုအား ကန့်ကွက်ခဲ့သည်။ ၎င်းရေပြင်တွင် လွတ်လပ်စွာ သွားလာခွင့်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ပင်တဂွန်က သတင်းထုတ်ပြန်ရာတွင် တရုတ်သည် ရေတပ်အင်အားတိုးချဲ့မှုကို အာရုံပြုနေကြောင်း၊ တောင်တရုတ် ပင်လယ်ရှိ မဟာဗျူဟာကျသော သင်္ဘောလမ်းကြောင်းနှင့် သတ္တုကြွယ်ဝသော ထိုဒေသကို လွှမ်းမိုးရန်ဖြစ်ကြောင်း ဆိုသည်။

တရုတ်ခေါင်းဆောင်များကမူ ယင်းတို့၏ စစ်တပ်ခေတ်မီရေး လုပ်ဆောင်မှုများသည် မိမိကိုယ်မိမိ ကာကွယ်ရေး အတွက်သာ ရည်ရွယ်ကြောင်း ပြောဆိုခဲ့ကြသည်။

****************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၁.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. သံလမ်း အနိမ့်အမြင့် မတူညီမှုကြောင့် မြို့ပတ်ရထား တိမ်းမှောက်
  2. ဒေါ်လာငွေဈေးမြင့်တက်စေရန် ပုဂ္ဂလိကသို့ မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည်
  3. မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက် အငြင်းပွားမှု စတင် စစ်ဆေးတော့မည်
  4. စည်ပင်၊ ရဲတို့နှင့် ဈေးသည်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု၊ ဈေးသည်နှစ်ဦး ဖမ်းဆီးခံရ
  5. လျှပ်စစ်ကဏ္ဍ မြှင့်တင်ရေး ဂျပန်နိုင်ငံမှ စိတ်ဝင်စားလျက်ရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဗုံးသတိပြုရန် သတိပေးချက်များ ထုတ်ပြန်
  2. မြန်မာနိုင်ငံ၌ ဒီမိုကရေစီနေ့ ကျင်းပမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရက်တိုက်ဇေးရှင်းနှင့် စီးပွားရေးအတက်အကျ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

သံလမ်း အနိမ့်အမြင့် မတူညီမှုကြောင့် မြို့ပတ်ရထား တိမ်းမှောက်

ရန်ကုန်၊ စက်တင်ဘာ ၁။

အင်းစိန်မှ ရန်ကုန်သို့ မောင်းနှင်လာသော မြို့ပတ်ရထားသည် ကမာရွတ်နှင့်လှည်းတန်း ဘူတာကြား တိမ်းမှောက်မှုကြောင့် လေးဦး ဒဏ်ရာ ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ ကုသနေကြောင်း သိရသည်။

စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်တွင် အင်းစိန်မှရန်ကုန်ဘက်သို့ မောင်းနှင်လာသော စက်ခေါင်း အမှတ် DI- 936 အပါအဝင် ရထားတွဲ ၆ တွဲပါရှိသည့် မြို့ပတ်ရထားသည် ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာကြား ကမာရွတ် ၃ရပ်ကွက်နှင့် ၄ ရပ်ကွက် ရွှေပုံးညှက်ရိပ်မွန် နောက်တွင် နောက်ဆုံး ရထားတွဲ၏ တွဲချိတ်ပြုတ်ကျန်ခဲ့ကာ ရထားတွဲတိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“ရထား အရှိန်ပြင်းတော့ ကွန်ကရစ်ဇလီဖာတုံးတွေ ပြတ်သွားတာရှိတယ်။ ရထားအရှိန်ကြောင့်လည်း ရထားလမ်းဘေးက လမ်းခင်းကျောက်တွေ လွင့်စင်တာရှိတယ်”ဟု ရထားတိမ်းမှောက်သည့် မြင်ကွင်းအား မြင်တွေ့လိုက်ရသူ အမှတ်(၃)ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

ရထားတွဲပေါ်  လိုက်ပါလာသည့်ဦးရဲဝင်းနှင့် ဦးလှဦးတို့သည် ခြေထောက်တွင် လည်းကောင်း၊ အင်းစိန်ဘူတာ ရုံပိုင်ဦးကျော်ရွှေမှာ ခါးတွင် လည်းကောင်း၊ ဒေါ်နော်လီခင်မှာ နဖူးတွင် လည်းကောင်း ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

“ဒီရထားတိမ်းမှောက်မှုမှာ တာဝန်ရှိတာက မြန်မာ့မီးရထားဌာနရဲ့ လက်အောက်က မြို့ပြရယ်၊ စက်မှုရယ်မှာ အဓိက တာဝန်ရှိတာပါ။ ဒီဌာန နှစ်ခုထဲက ဘယ်ဌာနမှာ အဓိက တာဝန်အရှိဆုံးဆိုတာ စစ်ဆေးနေပါတယ်”ဟု ရန်ကုန် တိုင်းဒေသကြီး၊ တိုင်း(၇)သွားလာရေး မန်နေဂျာက ဆိုသည်။

တိမ်းမှောက်သွားသော ရထားတွဲအား ညနေ ၅ နာရီအချိန်ခန့်တွင် မလွှကုန်းစက်ခေါင်းစက်ရုံမှ ကရိန်းတွဲ ရောက်ရှိလာကာ ပြန်လည် တည့်မတ် ခဲ့ပြီး၊ ရထားတွဲ အရှိန်ကြောင့် ပျက်စီးသွားခဲ့သည့် ဇလီဖာတုံးနှင့် သံလမ်းအစိတ်အပိုင်းအချို့ကို မြန်မာ့မီးရထား၊ မြို့ပြဌာနမှ ဝန်ထမ်းများက ပြန်လည် ပြင်ဆင်နေကြောင်း သိရသည်။

နောက်ဆုံးရရှိသော စစ်ဆေးချက်များအရ ရထားသံလမ်း၏ လက်ယာဘက်ခြမ်းနှင့် လက်ဝဲဘက်အခြမ်းသည် အနိမ့်အမြင့် အနည်းငယ် ကွာခြားနေကြောင်း သိရှိရသည်။

အဆိုပါ တိမ်းမှောက်သောတွဲသည် နောက်ဆုံးတွဲဖြစ်ပြီး မွန်းလွဲပိုင်းဖြစ်သောကြောင့် ခရီးသည် (၁၅) ဦးခန့်သာ စီနင်းလိုက်ပါ လာခဲ့ကြောင်းလည်း ပြောကြားချက်အရ သိရသည်။ယင်း ရထားတိမ်းမှောက်မှုကြောင့် မြို့ပတ်ရထား ခရီးစဉ် အချို့ယာယီရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်လာငွေဈေးမြင့်တက်စေရန် ပုဂ္ဂလိကသို့ မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည်

ဒေါ်လာငွေလဲလှယ်နှုန်းမြင့်တက်လာစေရန် ပုဂ္ဂလိကအား မော်တော်ယာဉ်တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများက ပြောကြားသည်။

ဈေးကွက်အတွင်း၌ ဒေါ်လာအသုံးပြုမှု များပြားလာအောင်ပြုလုပ်ပြီး ဒေါ်လာငွေလဲလှယ်နှုန်းကို ဆွဲတင်သွားရန် အစိုးရက ကြိုးစား ဆောင်ရွက်လျှက် ရှိကြောင်း အထက်ပါပုဂ္ဂိုလ်များက ပြောကြားသည်။

“ဒါကတော့ ရေတိုကုထုံးပဲ။ အဲဒီအတွက်ဆိုးကျိုးတွေလဲ ပြန်ခံစားရမှာပါ”ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောဆိုသည်။ မည်သို့မည်ပုံဖြင့် ပုဂ္ဂလိကအား လုပ်ကိုင်ခွင့်ပြုသွားမည်ကို မသိရှိရသေးကြောင်း သိရသည်။ မြို့ပတ်ရထားလုပ်ပိုင်ခွင့်ပြုသလို ထင်သာမြင်သာဖြင့် မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် လုပ်ထုံးလုပ်နည်းများဖြစ်ချထားပေးရန်လိုအပ်ကြောင်း ယင်းပညာရှင်က သုံးသပ်ခဲ့သည်။

ဒေါ်လာဈေးကို ဆွဲတင်ရန်အတွက် ဇုန်ကားများ၏ ဒဏ်ကြေးငွေက ဒေါ်လာဖြင့်ပေးဆောင်ရမည်ဟု ကြေငြာလိုက်မှုအပေါ် ဇုန်ကားပိုင်ရှင်များ မကျေမနပ်ဖြစ်နေသည့်အပြင် ဇုန်ကားဈေးများလည်း ထိုးကျလျက်ရှိကြောင်း ဇုန်ကားပိုင်ရှင်များက တညီတညွှတ်တည်း ပြောကြားသည်။

ဒေါ်လာလဲလှယ်နှုန်းကိုဆွဲတင်ရာတွင် တစ်ဒေါ်လာလျှင်မြန်မာငွေ ၉၀၀ကျပ်မှ ၁၀၀၀ကြားအထိ ဆွဲတင်သွားမည်ဖြစ်ကြောင်း အမှတ်၁နှင့် အမှတ်၂စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ၂၈ရက်နေ့က မီဒီယာများနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆွဲတင်ပြီးနောက် ဒေါ်လာလဲလှယ်နှုန်းကို ငြိမ်နေအောင်ထိန်းညှိပေးထားရန် လိုအပ်ကြောင်း ပညာရှင်များက ပြောကြားသည်။

ရေရှည်တည်ငြိမ်ရေးအတွက် အရန်ဆန်များထားသကဲ့သို့ အရန်နိုင်ငံခြားငွေများထားပြီး ဈေးကွက်အတွင်းတွင် ဝင်ရောက် ထိန်းညှိပေးရန် လိုအပ်ကြောင်း၊ ယင်းအတွက် အရန်နိုင်ငံခြားငွေ ၂ဘီလီယံခန့်ထားရှိရန်လိုအပ်ကြောင်း ယင်းပညာရှင်များက ပြောဆိုသည်။

ယခုကဲ့သို အစိုးရ၏လုပ်ဆောင်ချက်များသည် ဒေါ်လာငွေလဲလှယ်နှုန်းကို ရိုက်ခတ်လျှက်ရှိပြီး ဒေါ်လာငွေလဲလှယ်နှုန်းမှာ တက်ရိပ်ပြနေကြောင်း သိရသည်။

 Peace Press

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက် အငြင်းပွားမှု စတင် စစ်ဆေးတော့မည်

မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအကြား ဧရာမ သဘာဝဓါတ်ငွေ့သိုက်ကြီးများ ရှိနေသည်ဟု ယူဆနေကြသည့်  အငြင်းပွားနေသော ရေပြင် ပိုင်နက်ကို လာမည့် စက်တင်ဘာလ (၈) ရက်နေ့ တွင် ကုလသမဂ္ဂမှ စတင် ကြားနာ စစ်ဆေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကြားနာ စစ်ဆေးမူကို ဂျာမဏီနိုင်ငံ ဟန်းဘက်ဂ်မြို့ရှိ ကုလသမဂ္ဂရဲ့ အိုင်တီအယ်လ်အိုလို့ အတိုကောက်ခေါ်သည့် International Tribunal for the law of Sea ဌာနချုပ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စက်တင်ဘာလ ၈ ရက်၊ ၉ ရက်၊ ၁၂ ရက်နှင့် ၁၃ရက်နေ့များတွင် စစ်ဆေးမည် ဖြစ်ပြီး မြန်မာနိုင်ငံကို စက်တင်ဘာ ၁၅၊ ၁၆၊ ၁၉နှင့် ၂၀ ရက်နေ့များတွင် ကြားနာ စစ်ဆေးမည်ဟု သိရသည်။

မြန်မာနိုင်ငံဘက်ကမှ တရားသူကြီးအဖြစ်ဆောင်ရွက်ရန် ပင်လယ်သမုဒ္ဒရာနှင့် ရေကြောင်းပညာရပ် ကျွမ်းကျင်သူ ပါမောက္ခ ဘာနက်အိပ်ခ်ျ Bernard H Oxman ကို အဆိုပြု တင်ပြထားပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ဂါနာ နိုင်ငံသား Tho mas Mensah ကို အဆိုပြုထားကြောင်း သိရသည်။

အဆိုပါ နိုင်ငံအကြား ရေပြင်ပိုင်နက် အငြင်းပွားမူမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် စတင် ဖြစ်ပွားခဲ့ပြီး ယင်းကြောင့် နှစ်ဘက် စစ်သင်္ဘောများကို အငြင်းပွားရာ ရေပြင်ပိုင်နက်ထဲသို့ စေလွှတ်ခဲ့ကြသည့်အတွက် နှစ်နိုင်ငံအကြား ပြဿနာတင်းမာခဲ့သည်။   နောက်ပိုင်းတွင်  နှစ်နိုင်ငံစလုံးက ပြဿနာကို ဆွေးနွေး အဖြေရှာကြရန် သဘောတူညီခဲ့သဖြင့် ပြဿနာမှာ ပြေအေးသွားခဲ့သည်။

ဆက်လက်၍ ကုလသမဂ္ဂ၏ အောက်တွင် ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် သဘောတူခဲ့ကြသဖြင့် ကုလသမဂ္ဂကမှ ယခုကဲ့သို့ ခုံရုံးဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ယခု အငြင်းပွားရာ ရေပြင်ပိုင်နက်မှာ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင်ရှိပြီး ဧရာမကြီးမားသော သဘာဝ ဓါတ်ငွေ့သိုက်ကြီးတွေ ရှိနေသည်ဟု ယူဆနေကြသည့် အတွက် မြန်မာကရော၊ ဘင်္ဂလာဒေ့ရှ် ကပါ အဆိုပါ ရေပြင်ကို လက်လွှတ်မခံဘဲ လိုချင်နေကြသည်။

YC(Moe Z)

-----------------------------------------------------------------------------------------------------------------------------------

စည်ပင်၊ ရဲတို့နှင့် ဈေးသည်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု၊ ဈေးသည်နှစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ စက်တင်ဘာ ၁။

စက်တင်ဘာ ၁ရက်နေ့ နေ့လည်တစ်နာရီခွဲခန့်က ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်း သိမ်ကြီးဈေး ၂၆လမ်း ထိပ်တွင် ဈေးမရောင်းရန် တားမြစ်သော စည်ပင်နှင့် ဈေးသည်များ အချင်းများရာမှ ရဲများပါ ပါဝင်လာပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွား၍ ဈေးသည်အမျိုးသားနှစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရ ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ပလက်ဖောင်းပေါ်တွင် ဈေးမရောင်းရန် တားမြစ်သော စည်ပင်ဝန်ထမ်းကို ဈေးသည်က မချေမငံ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း၊ စည်ပင်က ဈေးဗန်းကို သိမ်းဆည်း၍ ဈေးသည်က ပြန်လှန်ဆွဲရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း၊ မကြာမီ ရဲကားရောက်လာပြီး ရဲများနှင့်ပါ ဈေးသည်နှင့် အချင်းများခဲ့ကြောင်း၊ ဈေးသည်အမျိုးသားနှစ်ဦးကို ရဲကားပေါ်သို့ ဖမ်းဆီးတင် ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

“ အမှန်ကတော့ ဈေးရောင်းခွင့်မရှိတဲ့နေရာကို ရောင်းတာကိုး၊ အရင်က စည်ပင်နဲ့ ပြေပြေလည်လည်ပြောရင် ရပါတယ်၊ စည်ပင်က သိမ်းသွားဦး တောင်မှ တောင်းတောင်းပန်ပန်နဲ့ ညှိနှိုင်းလိုက်ရင် အဆင်ပြေပါတယ်၊ အခုဟာက ဈေးသည်ကလဲ သွားပြီး ကလန်ကဆန် ပြန်လုပ်တော့ စည်ပင်က ရဲကို ခေါ်လိုက်တာ ၊ အဲ့ဒီမှာ ဆွဲကြရမ်းကြနဲ့ ပန်းသီးဗန်းတွေ မှောက်ကုန်တယ်၊ ပန်းသီးရောင်းတဲ့ အမျိုးသားနှစ်ယောက် အဖမ်းခံလိုက်ရတယ်” ဟု မာလကာသီး ရောင်းသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဖြစ်ပွားပုံ အသေးစိတ်ကို ရှင်းပြသည်။

“ ဟိုနေ့ကလည်း စည်ပင်ဝန်ထမ်းကို ဈေးသည်က ရိုက်လိုက်တာ၊ သွေးထွက်သံယိုဖြစ်သွားလို့ ဈေးသည်တစ်ယောက် အဖမ်းခံလိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယမန်နေ့က ( ၃၁ရက်နေ့၊ သြဂုတ်လ) ကလည်း လသာ ၁၇လမ်းရှိ ရွှေဂုဏ်သူ မုန့်ဟင်းခါးဆိုင်အနီးတွင် စည်ပင်အမှိုက်သိမ်းယာဉ်မှ ဝန်ထမ်း များက အမှိုက်များလာရောက်ချ၍ မုန့်ဟင်းခါးဆိုင်ပိုင်ရှင် ဦးအောင်ဖေမြင့်က ကန့်ကွက်ပြောဆိုရာမှ စည်ပင်ရဲများနှင့် အချင်းများခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေကြီး အစိုးရ တာဝန်ယူချိန်မှစ၍ လမ်းဘေးပလက်ဖောင်းများတွင် ညနေ ၃နာရီမှ ၈ နာရီအထိသာ ပျံကျဈေးသည်များ ဈေးရောင်း ခွင့်ပြုတော့သော်လည်း ဝန်ကြီးနှင့်၊ မြို့တော်ဝန် စစ်ဆေးသည့်အချိန်မှလွဲ၍ ကျန်ချိန်များတွင် စည်ပင်ဝန်ထမ်းများနှင့် နားလည်မှု ယူရောင်းချ၍ ရသည်ဟု ဈေးသည်များ၏ ပြောကြားချက်အရ သိရှိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လျှပ်စစ်ကဏ္ဍ မြှင့်တင်ရေး ဂျပန်နိုင်ငံမှ စိတ်ဝင်စားလျက်ရှိ

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်ရန် ရည်ရွယ်၍ ဂျပန်နိုင်ငံမှ လျှပ်စစ်စွမ်းအားစီမံကိန်းများ ပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း Apani Network Ins(USA) က တာဝန်ရှိသူတစ်ဦးက ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ တွင် အင်းယားလိတ်ပိာုတယ်၌ ပြုလုပ်ခဲ့သည့် MEDO ကုမ္ပဏီ ဖွင့်ပွဲနှင့် နည်းပညာသစ်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် လျှပ်စစ်ကဏ္ဍတွင် နောက်ကျလျက် ရှိနေသေးသည့်အတွက် ဂျပန်နိုင်ငံမှ လျှပ်စစ်စွမ်းအား စီမံကိန်းများ ပြုလုပ်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစနစ်ကို အသုံးပြု၍ ကွန်ပျူတာ IT နည်းပညာနည်းတူ စွမ်းအင်စနစ် ပိုမိုဖွံ့ဖြိုးတိုးတက် လာနိုင်စေရန် ဂျပန်နိုင်ငံ မှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက် လျက် ရှိကြောင်း သိရသည်။ ၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ခုနှစ်ရုံသာ ရှိခဲ့ရာမှ ယခုအခါ နိုင်ငံတော်မှ ရေအားလျှပ်စစ်စီမံကိန်း ၆၃ ခု၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း သုံးခု၊ စုစုပေါင်း လျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်း ၆၆ ခု ရှိခဲ့ပြီး ထုတ်လွှတ်လျက်ရှိ သည့် စက်တပ်ဆင်အားမှာ ၄၅၃၀၃၅ မဂ္ဂါဝပ် ရှိကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာနိုင်ငံအသီးသီးတွင် လျှပ်စစ်မြို့တော်ကြီးများအဖြစ် တည်ဆောက်၍ နည်းပညာသစ်၊ ထုတ်လုပ်မှုအသစ်များဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံများတွင် ပညာသွားရောက်သင်ကြားခြင်းနှင့် အလုပ်သွားရောက်လုပ် လျက်ရှိသော မြန်မာနိုင်ငံသားများအနေနှင့်လည်း ၎င်းတို့ သွား ရောက်သင်ယူသည့် နိုင်ငံများမှ နည်းပညာ၊ အချက်အလက်များကို မိမိနိုင်ငံတွင် ပြန်လည်အသုံးချနိုင်ရန် လိုအပ်ကြောင်း (A.N.I) က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

                                                                                                                Ref: မြန်မာပို့စ်(ဂလိုဘယ်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ           

ဗုံးသတိပြုရန် သတိပေးချက်များ ထုတ်ပြန်

အစိုးရအဖွဲ့ဝင်များကို ဗုံးဖောက်ခွဲရန် လုပ်ကြံမှုများရှိနိုင်သည့်အတွက် အစိုးရဌာနများတွင် ဗုံးအန္တရာယ် သတိပြုရန်အတွက် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

"သြဂုတ်လဆန်းကတည်းက သတိပေးချက် ထုတ်ပြန်ထားတယ်။ ဒီသတိပေးချက်ကို သက်ဆိုင်ရာဌာနတွေကို အကုန်ပို့ထားတယ်"ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖုန်းဟန်းဆက်များကို လက်ဆောင်ပေးဟန်ဆောင်၍ ယင်း ဟန်းဆက်နားကြပ်ပေါက်များအတွင်း ပေါက်ကွဲစေသည့်အရာများ ထည့်ကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနည်းအား လည်းကောင်း၊ ဆိုင်ကယ်မိုင်းလစ်ကြိုးများအတွင်း ယမ်းထည့်၍ ဖောက်ခွဲနည်းအား လည်းကောင်း အသုံးပြုကာ  အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများကို အထိနာစေရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

"ဗုံးဖောက်ခွဲဖို့ နယ်စပ်ကလူတွေလည်း အထဲရောက်နေတယ် ကြားတယ်။ သူတို့ရဲ့ ဓာတ်ပုံတစ်ချို့ကိုလည်း ရထားတာရှိတော့ လုံခြုံရေးအရ အရေးကြီးတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ဖြန့်ဝေထားတယ်"ဟု မန္တလေးတိုင်း ဒေသကြီးမှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်ပြီး နိုင်ငံတော်၏ အေးချမ်းတည်ငြိမ်ရေးကို ပျက်စီး စေနိုင်သဖြင့် ယခုကဲ့သို့ လုံခြုံရေးတင်းကြပ်ရခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က အတည်ပြုပြောကြားသည်။

အစိုးရဌာနများ၏ အဝင်အထွက်များကို လုံခြုံရေးတင်းကျပ်စွာ စီမံထားရန်နှင့် ခေတ်မီနည်းစနစ်များ ကျင့်သုံးကာ ဗုံးဖောက်ခွဲသူများ၏ အန္တရာယ် ကို ကာကွယ်ရန် စီစဉ်ထားပြီးဖြစ်ကာ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးတွဲကာ လုံခြုံရေး အတွက် တာဝန်ချထားပြီး ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးဖောက်ခွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ယင်းဗုံးဖောက်ခွဲမှုများ၏ ၇၀ ရာခိုင်နှုန်း မှာ အမည်မဖော်လိုသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များ၏လက်ချက် ဖြစ်ကြောင်း သိရှိရသည်။

               YC(KS)         

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၌ ဒီမိုကရေစီနေ့ ကျင်းပမည်

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်တော့မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အား မြန်မာနိုင်ငံတွင်ပါ ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။

၎င်း ပြောကြားချက်အား မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ သောမတ်အိုပေား ကွင်တားနားနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်ခဲ့သည့် အရပ်သားအစိုးရ ပေါ်ပေါက်လာခြင်းသည် မှန်ကန်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ပာု မစ္စတာကွင်တားနားက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရသစ်အနေနှင့် ကျန်ရှိနေသေးသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်များ အဆိုများ၊ မေးခွန်းများကို လွတ်လပ်စွာ တင်သွင်းခွင့် ရရှိရေး၊ အခြေခံဥပဒေအရ အပ်နှင်းထားသည့် အခွင့်အာဏာများအား အသုံးပြု၍ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနေ့ကျင်းပခြင်းမှာ ကောင်းမွန်သည့် အပေါင်းလက္ခဏာ ဆောင်ကြောင်း၊ ယခုကဲ့သို့ ဒီမိုကရေစီနေ့အဖြစ် ကျင်းပရုံဖြင့် နိုင်ငံအတွင်း ဒီမိုကရေစီရရှိသွားမည်မပာုတ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ အနေနှင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် ဆိုသည်မှာ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှာ အားကောင်းနေရမည်ဖြစ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင် စေရန် လိုအပ်ကြောင်း၊ အစိုးရနှင့် ပြည်သူများ ကျရာအခန်းကဏ္ဍမှ တာဝန်ကျေရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီနေ့အဖြစ် ကျင်းပခြင်းအား ကြိုဆို ထောက်ခံကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

                                                                                                                              Ref: ပြည်သူ့ခေတ်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွှန့်တင်သွားသော ‘၁၉၂၆ ခုနှစ် တရားရုံးများကို မထီမဲ့မြင်ပြုမှုအက်ဥပဒေ (The Contempt of Courts Act. , Act XII 1926) အား ရုပ်သိမ်းပေးရန်’ အဆိုကို ကချင်ပြည်နယ်၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူက ဆွေးနွေးခဲ့သည်။

“ဒီဥပဒေကို မဆွေးနွေးခင်မှာ ဒီဥပဒေရဲ့ ရည်ရွယ်ချက်ကို အရင်သိရှိဖို့လိုအပ်ပါတယ်။ ဒီဥပဒေဟာ တရားရုံးနဲ့ တရားသူကြီးကို ကာကွယ်ဖို့မဟုတ်ပါ။ အများပြည်သူကို ကာကွယ်ဖို့ပြုထားတဲ့ဥပဒေဖြစ်ပါတယ်။ အဆိုရှင် ဦးသိန်းညွှန့်ပြောသွားတဲ့ ‘ဥပဒေရဲ့ အထက်မှာ တရားသူကြီးတွေရှိနေတယ်’ ဆိုတဲ့ စကားကလည်း မပြောသင့်ပါဘူး။ မကောင်းတဲ့ တရားသူကြီး ရှိခဲ့ရင်လည်း ဦးဖြူမကောင်းရင် ဦးဖြူ၊ ဦးမဲမကောင်းရင် ဦးမဲလို့ပဲ ပြောသင့်ပါတယ်။ အခုလို အထောက်အထားမဲ့ မပြော ဆိုသင့်ပါဘူး”

စက်တင်ဘာ ၂ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇)၊ အမှတ် (၅၃၃) တွင်ပါသည့် “ဥပဒေ၏ အထက်တွင် တရားသူကြီးရှိကြောင်း မပြောသင့်” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- တခြား မြန်မာကုမ္ပဏီတွေက အများပိုင်ပြုဖို့ မသွက်လက်တာလည်း ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။

ဖြေ- ဒါကြီးက အဲဒီလုပ်တဲ့ဘက်မှာ ခေတ်မစားသေးတာပေါ့။ နိုင်ငံတော်က လုပ်ငန်းကြီးကြီးမားမားကြီးတွေကို လုပ်ဖို့ဖွင့်ပေးတဲ့အချိန်ကျရင် လူတွေလည်း စိတ်ဝင်စားလာမယ်လို့ ဆရာတို့လည်း ထင်ပါတယ်။ စိတ်ဝင်စားလာမှာပါ။ လုပ်ငန်းကြီးကြီး တခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ကြမှာ တခြား ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းလုပ်ကြမှာ ဒီအဆင့်မျိုးကို လူတိုင်း စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ ကြီးချင်တဲ့လူတွေအတွက်ပေါ့။

စက်တင်ဘာ ၂ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇)၊ အမှတ် (၅၃၃) တွင်ပါသည့် “စီးပွားရေးတံခါးကို လျင်လျင်မြန်မြန် နဲ့ ရဲရဲတင်းတင်း ဖွင့်ပစ်လိုက်” ဒေါက်တာစိုင်းဆမ်ထွန်နှင့် အင်တာဗျူးကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

လွှတ်လပ်ရေးမရမီ ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့် သက်တမ်းရင့် ဘူတာရုံများကို ပြန်လည်ပြင်ဆင်သွားရန်အတွက် ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင် များအား တင်ဒါခေါ်ယူထားပြီး ကန်ထရိုက်ပေးစနစ်ဖြင့် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ဘူတာရုံများအားလုံး၏ သန့်ရှင်းရေး၊ တွဲဆိုင်းများနှင့် ဘူတာပြင်ဆင်ခြင်းတို့အတွက် ကန်ထရိုက်ပေးစနစ် ဖြင့်ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ဘူတာရုံများအားလုံး၏ သန့်ရှင်းရေး၊ တွဲဆိုင်းများနှင့် ဘူတာပြင်ဆင်ခြင်းတို့အတွက် ကန်ထရိုက်ပေးစနစ်ဖြင့် ပြင်ဆင်သွားမည်ဖြစ်သည်။ အသစ်ဆောက်လုပ်ရန် လိုအပ်သော ဘူတာများကိုလည်း အသစ်ဆောက်လုပ်စေမည်ဖြစ်ပြီး ဦးစားပေး အစီအစဉ်အနေဖြင့် လွတ်လပ်ရေးမတိုင်မီကိုလိုနီခေတ်တွင် တည်ဆောက်ခဲ့သည့် ဘူတာရုံများကို ဦးစားပေး အလိုက် ပြုပြင်စေမည်ဟု သိရသည်။

စက်တင်ဘာ ၂ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၂၂) တွင်ပါသည့် “ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့် ဘူတာရုံကြီး ၄၀၀ ကျော်ကို ပြန်လည်ပြင်ဆင်စေမည်” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံသားတွေ တရားဝင်စုဆောင်းရရှိထားတဲ့ နိုင်ငံခြားငွေကြေးနဲ့ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ကို လက်ရှိ အခြေအနေမှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအတွက် ခွင့်ပြုထားပါတယ်။ မော်တော်ယာဉ်တင်သွင်းခွင့်ကို လက်ရှိ အခြေအနေမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်းတွေအတွက် ခွင့်ပြု ထားပါတယ်။ မော်တော်ယာဉ် တင်သွင်းခွင့်ကို ကုမ္ပဏီ တည်ထောင်ပြီး ပို့/သွင်းလုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားရယူပြီး တရားဝင်နိုင်ငံခြား ငွေကြေးနဲ့ တင်သွင်းခွင့် လျှောက်နိုင်ပါသည်။ ကုမ္ပဏီ မထောင်လိုတဲ့သူတွေကလည်း စုဆောင်းထားတဲ့ နိုင်ငံခြား ငွေကြေးကို ပို့/သွင်းမှတ်ပုံတင် ရှိတဲ့ လုပ်ငန်းရှင်နဲ့ အကျိုးတူဆောင်ရွက်နိုင်တယ်”

စက်တင်ဘာ ၂ ထုတ် The HOT NEWS အတွဲ (၂) အမှတ် (၅၅) တွင်ပါသည့် “တရားဝင်နိုင်ငံခြားငွေရှိသူ နိုင်ငံသားများ မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားနိုင်” သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဒီမိုကရက်တိုက်ဇေးရှင်းနှင့် စီးပွားရေးအတက်အကျ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဖြေရှင်းရန်ခက်ခဲပြီး လူမှုစီးပွားရေးအပေါ် ကြီးကြီးမားမား အကျိုး သက်ရောက်နိုင်သည့်အရာမှာ ငွေးကြေးလဲလှယ်နှုန်းဖြစ်လေသည်။ အစိုးရမှ ဝင်ရောက်ထိန်းသိမ်းပေးပြီး မြန်မာငွေကို ကျားကန်ပေးနိုင်မှုမရှိပါက ဈေးကွက်ပေါက်ဈေး ၆၀၀ ရောက်သည်နှင့် သွင်းကုန်-ထုတ်ကုန်၊ အထည်ချုပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတော်တော်များ ရှင်သန်ဖို့ ခက်ခဲသွားပေမည်။

ဒီမိုကရေစီ အကူးအပြောင်း အတွေ့အကြုံများကို လေ့လာရာ၌ ရုတ်ခြည်းပြောင်းလဲမှု(revolutionary change) နှင့် တစ်ဆင့်ခြင်းပြောင်းလဲမှု (Grudual Change) တို့ရှိလေသည်။ ယင်း ဒီမိုကရက်တစ် အပြောင်းအလဲကို ရုရှနိုင်ငံ တစ် နိုင်ငံတည်းကို လေ့လာရုံဖြင့်သိမြင်နိုင်လေသည်။ ဂိုဗာချော့စ် လက်ထက် ဆိုဗီယက်ယူနီယမ်ကြီးကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် ဂိုဗာချော့စ်မှာ ပွင့်လင်းမှုနှင့် ပြုပြင်ပြောင်းလဲမှုဟူ၍ အယူအဆနှစ်ခု ဖော်ထုတ်ခဲ့ပြီး နိုင်ငံကို ထိုလမ်းစဉ် အတိုင်းပင် ဆောင်ရွက်စေခဲ့ပါသည်။ သို့သော် ပွင့်လင်းမှု အရင်မလာဘဲ ပြုပြင်ပြောင်းလဲမှုများကို တရစပ် ဆောင်ရွက်စေခဲ့သည်။ အထူးသဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ အထိန်းအကွပ်မရှိ လွှဲပြောင်းစေခဲ့သောကြောင့် လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပေါ်ပေါက်လာခဲ့လေသည်။ ဤသို့ စီးပွားရေးစီမံခန့်ခွဲမှုများ မှားယွင်းပြီး တိုင်းပြည်မှာ မငြိမ်မသက် ဖြစ်စေခဲ့ပါသည်။

ဤသို့နှင့် ယဲလ်ဆင်တက်လာခဲ့အပြီး တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့လေသည်။ ပူတင်လက်ထက်မှာတော့ အာဏာပိုင် အုပ်စိုးမှုဆီသို့ တစ်ဖန်ပြန်လည်သွားလေမလားဟု မေးခွန်းများ ရှိလာခဲ့သည့်တိုင် တိုင်းပြည်မှာ တည်ငြိမ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပုံမှန်ရခဲ့လေသည်။ ပွင့်လင်းမှုနှင့် နိုင်ငံရေးလွတ်လပ်ခွင့်မှာ အနည်းငယ်တုန့်ဆိုင်း သွားသော်လည်း  ပြုပြင်ပြောင်းလဲမှုများကိုလည်း ဖြည်းဖြည်းမှန်မှန် ဆောင်ရွက်လျက် ရှိလေသည်။

တရုတ်နိုင်ငံသည်လည်း တိန်ရှောင်ဖိန်လက်ထက် လက်တွေ့ကျသော အပြောင်းအလဲများကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်ခဲ့ လေသည်။ ယင်း၏ အကျိုးဆက်အဖြစ် ၁၉၉၀ တွင် နိုင်ငံရေးလွတ်လပ်ခွင့် ကိုတောင်းဆို သည့် တီရင်မန်အရေးအခင်းကို ဖြစ်ပွားခဲ့လေသည်။ ထိုအခါ တရုတ်အစိုးရသည် ပါးနပ်စွာနှင့်ပင် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို၌ စီးပွားရေးလုပ်ငန်းရှင်များကို ပါဝင်ခွင့်ပေးစေခြင်းဖြင့် တောင်းဆိုမှုများကို လျော့ ပါးအောင် ဆောင်ရွက်ခဲ့လေသည်။ ဤသို့နှင့် တရုတ်နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပင် အကောင် အထည်ဖော်လာလိုက်လေရာ ယခု တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားကို အနောက်နိုင်ငံများက အထူးသတိပြု ဂရုထားမိလောက်အောင်ပင် ဖြစ်နေလေသည်။ သို့သော် နိုင်ငံရေးဘောဂဗေဒ အဆက်အစပ် အရ ဖွံ့ဖြိုးမှု၏ တစ်နေရာအရောက်တွင် နိုင်ငံရေးလွတ်လပ်ခွင့်ကို တောင်းဆိုစမြဲ ဖြစ်လေရာ သတင်းအချက်အလက်များ လွတ်လပ်စွာရရှိရေးပြဿနာ၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေး ပြဿနာများကို ပေကျင်းအစိုးရအနေဖြင့် အမြဲလိုလို ရင်ဆိုင်နေကြရမြဲဖြစ်ပြီး ယင်းကို ဖြေရှင်းနိုင်သည့် အုပ်ချုပ်ရေး ယန္တရားသည်လည်း ကောင်းကောင်း မွန်မွန်ရှိလှသည်တော့မဟုတ်ပေ။ ဤသည်မှာ နောင် ပေးကျင်းအစိုးရမှ အဓိက ကိုင်တွယ် ဖြေရှင်းရမည့် နိုင်ငံရေး လွတ်လပ်ခွင့်ပြဿနာပင် ဖြစ်လေသည်။

မြန်မာနိုင်ငံသည်လည်း အစိုးရသစ်တက်လာပြီး နောက်ပိုင်း အပြောင်းအလဲများကို ထင်ထားသည်ထက်ပင် နိုင်ငံရေး အပြောင်းအလဲများ၊ စီးပွားရေး အပြောင်းအလဲများကို အလျင်အမြန်ပြုလုပ်လျက်ရှိလေသည်။ အုပ်ချုပ်ရေးယန္တရား၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်များ၊ အရပ်ဖက် လူ့အဖွဲ့ အစည်းများရဲ့ စွမ်းဆောင်ရည်ကို ထည့်သွင်းမစဉ်းစားဘဲ အပြောင်းအလဲကို မြန်မြန်ထက်ထက်လုပ်ဆောင်ခြင်းဖြင့် အနာသိဆေးရှိမဖြစ်စေဘဲ၊ ဆေးအတွက်နှင့် လေးဆိုသလို ဖြစ်နေတော့မည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မှာ အလေးအနက်ထား ပြောဆိုရသည့်ကိစ္စပင် ဖြစ်လေသည်။ အာဏာပိုင်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေးကို ပြောင်းလဲသည့်အခါတွင် power center များ အပြောင်းအလဲများကြောင့် နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုမှာ အခိုက်အတန့်အားဖြင့်ကျသွားမည်ဖြစ်ပေ သည်။ ယင်းရိုက်ခတ်မှုကို အလှုပ်အယမ်းအနည်းဆုံးဖြင့် ခံနိုင်စေဖို့ရန်မှာ အင်စတီ ကျူးရှင်းများ၏ စွမ်းဆောင် ရည်နှင့် သက်ဆိုင်နေပေလိမ့်မည်။

ယခုကြုံတွေ့နေရသော ငွေကြေးအကျပ်အတည်း၌လည်း အစိုးရမှာ ချိတ်နှုန်းကို နှုန်းရှင် (သို့မဟုတ်) ဈေးကွက် ပေါက်ဈေးအတိုင်း တစ်ဆင့်ချင်း သွားသော စီမံခန့်ခွဲမှုနှင့်ယှဉ်သည့် ချိတ်နှုန်းကို ရွေးချယ်ရမည်ဖြစ်ပြီး၊ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ ပညာရှင်များနှင့်လည်း ညှိနှိုင်းဆောင်ရွက်ပြီး နိုင်ငံ၏ စီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်၍ ရနိုင်ပါသည်။ ထို့အပြင် နိုင်ငံ၏ ငွေကြေးမူဝါဒ ရေရှည်တည်ငြိမ်နေစေရေးအတွက် ငွေကြေးရေးရာ စီးပွားရေးပညာရှင် (monetarist economist) ကို ဗဟိုဘဏ် (သို့မဟုတ်) ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာနတွင် တာဝန်ယူ ဆောင်ရွက်စေခြင်းမျိုးဖြင့် ဖြေရှင်း၍ရပါသည်။

ထိုအတွက်ကြောင့် ယခုအချိန်သည် အင်စတီကျူးရှင်းများကို အခိုင်အမာ တည်ဆောက်ရင်း ကြုံတွေ့နေရသော စီးပွားရေး အကျပ်အတည်း ကိုလည်း ကြံ့ကြံ့ခိုင်ရင်ဆိုင်ရမည့် ကာလဖြစ်ပေသည်။ အဓိကအရေး ကြီးသည်မှာ “ငါတို့” ဟူသော စိတ်ဓာတ်အခံဖြင့် အမျိုးသားရေး ပြဿနာများကို အတူတကွ ရင်ဆိုင်ဖြတ်သန်း ကြရပေလိမ့်မည်။ အထူးသဖြင့် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ အခြား ရွေးချယ်စရာ အနည်းငယ်သာ ရှိသည့် ငွေကြေးလဲလှယ်နှုန်းကိစ္စကို မြန်မြန်ထက်ထက် ပြေလည်အောင် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း..။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs