Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ လိုအပ်ချက်များအတွက် အကူအညီပေးရန် တောင်းဆို

(1 June 2012 ရက်စွဲပါ BBC News မှ Aung San SuuKyiAsko for help to meet Burma’s need ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများသည် ထိုင်းအတွက် ပူးတွဲအကျိုးအမြတ်ဟု ဝန်ကြီးချုပ်ရှုမြင်

(Newsline မှ 30 May 2012 ရက်စွဲပါ Thai PM sees side benefits in Burma reforms ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံကို ကုန်သွယ်ရေးအခွင့်အလမ်းတစ်ရပ်အဖြစ် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များရှုမြင်

(ANI သတင်းဌာနမှ 29 May 2012 ရက်စွဲပါ Indian Business Leaders view Myanmar as a growing opportunity for trade  ကို ဘာသာပြန်ဆိုသည်)

  1. GE က မြန်မာနိုင်ငံတွင် ရေရှည်အခွင့်အလမ်းမြင်ဟုဆို

(31 May 2012 ရက်စွဲပါ The Wall Street Journal မှ PayungsakWiriyabunditkul ရေးသားသော GE Sees Long-term opportunities in Myanmar ကို ဘာသာပြန်ဆိုသည်)

  1. သြစတြေးလျရင်းနှီးမြှုပ်နှံသူများထိုင်း၊ မြန်မာစွမ်းအင်ကဏ္ဍတွင် ရင်းနှီးရန် စိတ်အားထက်သန်

(31 May 2012 ရက်စွဲပါ Fox Business မှ Auotralian Investors Keen to in vest in Thai, Myanmar energy business ကို ဘာသာပြန် ဆိုသည်)

****************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ လိုအပ်ချက်များအတွက် အကူအညီပေးရန် တောင်းဆို

(1 June 2012 ရက်စွဲပါ BBC News မှ Aung San SuuKyiAsko for help to meet Burma’s need ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံ၏ လိုအပ်ချက်များ ပြည့်မှီရေးအတွက် အကူအညီများပေးကြရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို ခဲ့သည်။

ဘန်ကောက်တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် စကားပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးပေးရေးနှင့် လေ့ကျင့်ပေးမှုမှာ အရေးပါလျက် ရှိကြောင်း ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသောအခါ အကျင့်ပျက်ခြစားမှုနှင့် မညီမျှမှုကို အားပေးမှုမဖြစ်သင့်ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

“ကျွန်မ ဒီကိုလာတာ ဘာတွေလုပ်ကြပါလို့ ပြောဖို့လာတာ မဟုတ်ပါဘူး။ ကျွန်မတို့ ဘာတွေလိုအပ်နေတယ်ဆိုတာ ပြောဖို့လာတာပါ”ဟု သူက ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံပြင်ပတွင် ပြောကြားသောမိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများသည် ထိုင်းအတွက် ပူးတွဲအကျိုးအမြတ်ဟု ဝန်ကြီးချုပ်ရှုမြင်

(Newsline မှ 30 May 2012 ရက်စွဲပါ Thai PM sees side benefits in Burma reforms ကို ဘာသာပြန်ဆိုသည်)

မစ္စရင်းလတ် ရှင်နာဝပ်ထရာက မိမိသည် မြန်မာပြည်တွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အရိပ်လက္ခဏာများကြောင့် စိတ်အားတက်ကြွမှုဖြစ်ရ ပါကြောင်း၊ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံခေါင်းဆောင်များလည်း အဆိုပါ ပြုပြင်ပြောင်းလဲမှုများမှ ကြီးမားသော အကျိုးအမြတ် ဖြစ်ထွန်းအောင် အားပေးအားမြှောက် ပြုလုပ်ကြမည်ဟု မျှော်လင့်မိကြောင်း ပြောဆိုသည်။ ၎င်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သြစတြေးလျနိုင်ငံသို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရရှိရေးအလို့ငှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၆၀ ခန့်နှင့်အတူသွားရောက်ခဲ့စဉ် မြန်မာနှင့်ပတ်သက်၍ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

“စီးပွားရေးကိစ္စကို ကျွန်မတို့ပြေလည်အောင်ဖြေရှင်းကြရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံရဲ့ ပြဿနာတွေရဲ့ဇစ်မြစ်ဟာ ဝင်ငွေမြင့်မားမှုနဲ့ ဝင်ငွေနိမ့်ကျမှုအကြားက ကွာဟချက်ပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ပထမဦးစွာ အဲဒီကွာဟမှုကို လျှော့ချရပါမယ်။ အိမ်ထောင်စု တစ်ခုချင်းစီ ဝင်ငွေမြင့်တက် အောင် လုပ်ပြီး လျှော့ချရမှာဖြစ်ပါတယ်” ဟု ၎င်းက Newsline သတင်းစာနှင့်ပြုလုပ်သော အင်တာဗျူးတွင် ပြောဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ထိုင်းနိုင်ငံက ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး အဆိုပါစီမံကိန်းကြောင့် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပဒေသအထိ ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုကို တိုးချဲ့ နိုင်မည် ဖြစ်ကြောင်း မစ္စရင်းလတ်ရှင်နာဝပ်က ဆိုသည်။ "ထားဝယ်စီမံကိန်းဟာ ကျွန်မရဲ့မျှော်လင့်ချက်တွေထဲက တစ်ခုပါ။ အဲဒီကနေ အကျိုးအမြတ်တွေ ရရှိမယ် ဆိုတာကို ကျွန်မတို့မြင်နေရတယ်"ဟု ပြောကြားသည်။

မကြာသေးခင် ရက်သတ္တပတ်အတွင်းကလည်း ထိုင်းအစိုးရက ထားဝယ်ဆိပ်ကမ်းနှင့် စက်မှုနယ်မြေ ဖွံ့ ဖြိုးရေးကို အထောက်အပံ့ဖြစ်စေရန် ကားလမ်း သစ်များ ဖောက်လုပ်ရေးနှင့် ရေလှောင်တမံစီမံကိန်းတစ်ခုစီမံကိန်းပေါင်း ၂၀၃ ခုကို အတည်ပြုပေးခဲ့သည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ ၄ ရက်မှ ၅ ရက်အထိ ထိုင်းနိုင်ငံသို့ နှစ်ရက်တာ ခရီးစဉ်သွားရောက်မည်ဖြစ်ရာ အဆိုပါခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ အပါအဝင် အခြား သော နှစ်နိုင်ငံ နယ်စပ်ရေးရာကိစ္စများကို ဝန်ကြီးချုပ် ရင်းလတ်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံကို ကုန်သွယ်ရေးအခွင့်အလမ်းတစ်ရပ်အဖြစ် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များရှုမြင်

(ANI သတင်းဌာနမှ 29 May 2012 ရက်စွဲပါ Indian Business Leaders view Myanmar as a growing opportunity for trade ကို ဘာသာပြန်ဆိုသည်)

လက်ရှိအချိန်သည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ရမည့် အချိန်အခါပင်ဖြစ်သည်ဟု အိန္ဒိယ ထိပ်တန်း စီးပွားရေး ခေါင်းဆောင်ကြီးများက ပြောကြားသည်။

အိန္ဒိယ တယ်လီဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကြီး ဖြစ်သော Bharti Airtel ၏ ဥက္ကဋ္ဌ Sunil Bharti Mittal၊ စတီးလုပ်ငန်းရှင်နှင့် ဥပဒေ ရေးဆွဲသူ Naveen Jindal အပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းရှင်များက လတ်တလော မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်မှုများ ပေါ်ပေါက်နေစဉ် ယင်းသို့ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် ပြောဆိုကြခြင်း ဖြစ်သည်။

"မြန်မာနဲ့ ကုန်သွယ်ရေးတိုးမြှင့်နိုင်ရေးအတွက် ကြီးမားတဲ့အခွင့်အလမ်းတွေနဲ့ အလားအလာတွေ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိဖို့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အများကြီးလိုအပ်နေပါသေးတယ်" ဟု Mittal က မီဒီယာများသို့ ပြောကြားသည်။

"ကျွန်တော်ကတော့ နောက်ကျသွားပြီလို့ မထင်မိပါဘူး။ မြန်မာပြည်ဟာ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အခုမှ အစပိုင်းမှာပဲ ရှိနေပါသေးတယ်။ လုပ်စရာတွေလည်း အများကြီးပါပဲ။ အခြေခံအဆောက်အဦတွေလည်း အများကြီးတည်ဆောက်ဖို့ လိုအပ်နေတယ်။ နှစ်နိုင်ငံအကြား နွေးထွေးပြီး သမိုင်း ဝင်တဲ့ ဆက်ဆံရေးမျိုး ရှိထားတာကြောင့် နိုင်ငံတကာနဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာတဲ့အချိန်မှာ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်တွေအတွက် အကူအညီ အထောက် အပံ့ ရရှိမှာဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်ပတ်သက်သည့် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြ ကြောင်း၊ အိန္ဒိယသည် မြန်မာနိုင်ငံ တိုးတက်ကြီးပွားရေးအတွက် ပါဝင်လုပ်ကိုင်ပေးရန် ဆုံးဖြတ်ထားသည့်နိုင်ငံဖြစ်ကြောင်း Naveen Jindal ကဆိုသည်။

"မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ ပါဝင်လုပ်ကိုင်ပေးနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိလာပါပြီ။ ဝန်ကြီးချုပ် မန်မို ဟန်ဆင်းကလည်း ကျွန်တော်တို့နဲ့အတူ အိမ်နီးချင်း မြန်မာနိုင်ငံ ကြီးပွားတိုးတက်အောင် အိန္ဒိယကုမ္ပဏီတွေအနေနဲ့ အကူအညီ မဖြစ်မနေ ပေးသင့်တယ်လို့ ဆိုပါတယ်" ဟု ၎င်းကဆိုသည်။

ဒေါက်တာမန်မိုဟန်ဆင်းသည် နှစ်ပေါင်း ၂၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အိန္ဒိယဝန်ကြီးချုပ် ဖြစ်သည်။ ၎င်းနှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့သည် နှစ်ဖက်နိုင်ငံမှ ကိုယ်စားလှယ်များကို ဦးဆောင်ကာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး အစရှိသည်တို့ကို ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ကာ တရုတ်ပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး သြဇာ အာဏာအောက်မှ လွတ်မြောက်အောင် ကြိုးပမ်းနေစဉ်ကာလအတွင်း ဝန်ကြီးချုပ် မန်မိုဟန်ဆင်း လာရောက်လည်ပတ်ခြင်းလည်း ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

GE က မြန်မာနိုင်ငံတွင် ရေရှည်အခွင့်အလမ်းမြင်ဟုဆို

(31 May 2012 ရက်စွဲပါ The Wall Street Journal မှ PayungsakWiriyabunditkulရေးသားသော GE Sees Long-term opportunities in Myanmar ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ရေရှည်စီးပွားရေးအခွင့်အလမ်းကိုတွေ့ရှိသည့်အလျှောက် General Electric ကုမ္ပဏီ (GE)သည် မြန်မာနိုင်ငံ၌ ယခုနှစ်ကုန်တွင် လုပ်ငန်းလုပ်ကိုင်ခွင့်ကို လိုင်စင်ရရှိမည်ဟု မျှော်လင့်လျက်ရှိသည်ဟု GE ၏ အာဆီယံ အမှုဆောင်အရာရှိ Stuart Dean က ကြာသပတေးနေ့က ပြောကြား ခဲ့သည်။

ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ မီးစက်ပစ္စည်းများတင်သွင်းရန် မျှော်မှန်းလျက်ရှိရာလက်ရှိအားဖြင့် မြန်မာအစိုးရနှင့် ပေါ့ပါးသော ဓာတ်ငွေ့ဓာတ်အား ပေးတာဘိုင်များ တင်သွင်းရန် ညှိနှိုင်းလျက်ရှိကြောင်း Dean က ဘန်ကောက်ရှိ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ် သတင်းထောက်များသို့ ပြောကြား ခဲ့သည်။

Dean က ပြောကြားရာတွင် အစိုးရနှင့် ဆွေးနွေးမှုများ စတုတ္ထသုံးလပတ်တွင် ပြီးစီးမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

သြစတြေးလျရင်းနှီးမြှုပ်နှံသူများထိုင်း၊ မြန်မာစွမ်းအင်ကဏ္ဍတွင် ရင်းနှီးရန် စိတ်အားထက်သန်

(31 May 2012 ရက်စွဲပါ Fox Business မှ Auotralian Investors Keen to in vest in Thai, Myanmar energy business ကို ဘာသာပြန်ဆိုသည်)

သြစတြေးလျ ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံ စွမ်းအင်စီးပွားရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်လျက်ရှိပြီး၊ မြန်မာနိုင်ငံတွင် စွမ်းအင်စီးပွားရေး၌ ရင်းနှီးမြှုပ်နှံရန် ထိုင်းကုမ္ပဏီများနှင့် ဖက်စက်လုပ်ကိုင်ရန် အခွင့်အလမ်းများ၊ ရှာဖွေနေသည်ဟု ထိုင်းစက်မှုဝန်ကြီးPongsavasSvasti က ကြာသပတေးနေ့က ပြောကြားခဲ့သည်။

သြစတြေးလျရင်းနှီးမြှုပ်နှံသူများသည် ထိုင်း၊ နိုင်ငံနှင့် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့၊ ရေနံဓာတု၊ ရေနံနှင့် အခြားအစားထိုး စွမ်းအင် လုပ်ငန်း များကို စိတ်ဝင်စားကြောင်းဖော်ပြခဲ့သည်ဟု သြစတြေးလျ၏ သယံဇာတ၊ စွမ်းအင်နှင့် ခရီးသွားဝန်ကြီး Martin Ferguson နှင့်တွေ့ဆုံအပြီးတွင် Pongsavas က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

Ferguson သည် ဘန်ကောက်တွင် အရှေ့အာရှအတွက် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်လျက်ရှိရာ ထိုင်းနိုင်ငံပိုင် စွမ်းအင်အုပ်စုကြီး ဖြစ်သော PTT PCL(PTT. TH)နှင့် ရင်းနှီးမြှုပ်နှုံမှုအခွင့်အလမ်းများ ဆွေးနွေးရန် ရှိကြောင်းPongsavar က ပြောကြားသည်။

  ****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

သတင်းလွှာစာဖတ်သူများခင်ဗျာ..

သတင်းလွှာအတွဲ (၂) အမှတ် (၁၉) ကိုပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ ဆန္ဒပြမှုများက မြန်မာအစိုးရသစ်ကိုစမ်းသပ်မှုဟု အာဆီယံ အတွင်းရေးမှူးချုပ်ပြောကြား
၂။ မီးရထားဝန်ကြီး ဦးအောင်မင်း KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့မှ
တာဝန်ရှိသူများ ဒုတိယအကြိမ်တွေ့ဆုံ
၃။ ဒီချုပ်ဥက္ကဋ္ဌ အလုပ်သမားရေးနှင့်ပတ်သက်၍ ထိုင်းဒုဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေး
၎။ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းနိုင်ငံသားမဟုတ်ဟုဦးခင်ရီဖြေရှင်း
၅။ ဇနီးကိုယ်ရေးအရာရှိနှင့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့်မရရှိခဲ့ဟု သိရ
၆။ စကားလုံးများဖြင့် ရင့်သီးစွာ ဆက်ဆံခံရခြင်းအပေါ် ကရင်ဒီမိုကရက်တစ်ပါတီ
တိုင်ကြားမည်
၇။ တာမွေ(ယာယီ)ဈေး မီးရှို့ခံရမည့်အရေး ကာယကံရှင်များနှင့်
ပတ်ဝန်းကျင်နေလူထု စိုးရိမ်မှုမြင့်တက်
၈။ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရေးအတွက် သမ္မတအား တရုတ်ဖိအားပေး
၉။ တရားဥပဒေစိုးမိုးရေးအတွက် အိုးအိမ်ရုံးရှေ့ ဆန္ဒထုတ်ဖော်တောင်းဆို
၁၀။ ဗိုလ်မှူးတစ်ဦးပိုင်သည့်စက်ရုံ၌ ဆန္ဒပြမှုဖြစ်ပွားစတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာသတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြားထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့
--
Yangon Chronicle သည် မြန်မာနိုင်ငံအတွင်းရှိဖတ်သူများဒေါင့်စုံသတင်းရအောင်
ဖော်ပြခြင်းသာဖြစ်ပြီးဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်မူရင်းမီဒီယာများ၏
အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထားမဟုတ်ပါကြောင်း။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စိတ်ရှည်စွာဖြင့်

*****************************************

ဆောင်းပါးကဏ္ဍ

စိတ်ရှည်စွာဖြင့်

မိုးမြင့်ငြိမ်း

နေပြည်တော်အစိုးရသစ်၏ နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်သူများမှာ နိုင်ငံရေးလွတ်လပ်မှုအပေါ် ပီတိဖြာနေရသည့်အပြင် ယင်းတို့လို လားချက်များကို ဆန္ဒဖော်ထုတ်တောင်းဆိုခွင့်ရရှိနေပြီလည်း ဖြစ်သည်။ ပြည်သူများ၏ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်မှုများကို အပေါ်ယံကြောကြည့်ပြီး အစိုးရအပေါ် ဖိအားပေးတောင်းဆိုမှုများ လုပ်နေသည်ဟု လက်တန်းကြည့်မြင်လို့တော့မဖြစ်ပေ။ အဓိကပြဿနာမှာ ယင်းထက် ပိုမိုရှုပ်ထွေးသည့် သ ဘောဆောင်သလို ပါဝင်သည့် Stakeholder များ၏ ရှုထောင့်သဘောထားမှာလည်း မြန်မာနိုင်ငံ၏ ကံကြမ္မာအကောင်း၊ အဆိုးကို ပြဋ္ဌာန်းသွားမှာ ဖြစ်သည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၏ ရလဒ်ကိုကြည့်လျှင် မြန်မာပြည်သူများမှာ နိုင်ငံရေးဖြစ်စဉ်သစ်နှင့် မည်သို့မှ အသားမကျနိုင်သေးသည့် သဘောမှာရှိပါသည်။ ဤသည်မှာလည်း ဒီမိုကရေစီကျင့်သုံးမှု နုနယ်သည့် နိုင်ငံတိုင်းတွင် တွေ့ရှိရတတ်သည့် သဘောထားလည်းဖြစ်သည်။ တနည်း ဆိုရလျှင် အပြောင်းအလဲအပေါ် လူထုတစ်ရပ်လုံးက အကြွင်းမဲ့ ပြောင်းလဲလိုခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီသဘောတရားအရ အာဏာကို ပြည်သူများထံ အပ်နှင်းပြီး အစိုးရကို ရွေးကောက်တင်မြောက်ကာ ယင်းတို့၏ လိုလားချက်များကို လုပ်ဆောင်ပေးစေခြင်းဟု ယေဘူယျအားဖြင့် သိမှတ်နားလည်၍ ရပါ သည်။ သို့သော် ဒီမိုကရေစီကျင့်သုံးမှု ရင့်ကျက်နေပြီဆိုသည့် နိုင်ငံများတွင်ပင် ထိုသဘောတရားအတိုင်း အတိအကျဖြစ်ထွန်းနေသည်တော့ မဟုတ်ပါ။ သူ့အရပ်နှင့် သူ့ဇာတ်ဆိုသလို ပြဿနာအနည်းအများရှိမည်သာဖြစ်သည်။ ဒီမိုကရေစီစနစ်ကို တစ်ကမ္ဘာလုံးကျင့်သုံးဖို့ ကြိုးပမ်းနေသည့် အမေရိကန်လူ့အ ဖွဲ့အစည်းတွင်တောင် ဒီမိုကရေစီဆန်မှုနောက်ကွယ်တွင် အကျိုးစီးပွားများ ကိန်းအောင်းနေသည်ဟု ရေးသားပြောဆိုမှုများရှိနေသည်။ အဓိကပါတီကြီး နှစ်ခုတည်းသာရှိသော အမေရိကန်နိုင်ငံတွင် ရီပါပလီကန်ပါတီမှာ ရေနံနှင့်စွမ်းအင်ကုမ္ပဏီကြီးများ၏ အကျိုးစီးပွားကို အခြေခံ၍လည်းကောင်း၊ ဒီမိုကရက် တစ်ပါတီမှာ ဝေါလမ်းမ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကြီးများ၏ အကျိုးစီးပွားကို အခြေခံ၍လည်းကောင်း နိုင်ငံကို အုပ်ချုပ်နေသည်ဟု ဝေဖန်ရေးသားမှုများ လည်း ရှိနေသည်။ တနည်းဆိုရလျှင် စီးပွားရေးအခြေခံအကြောင်းတရားပေါ်မူတည်၍ နိုင်ငံရေးရာသီဥတုများ လိုက်ပါပြောင်းလဲနေခြင်းဖြစ်သည်။

မြန်မာလူမျိုးတို့၏ အာဏာကို ကိုယ်လိုလားသည့်သူထံ ပုံအောပေးအပ်သည့် နိုင်ငံရေးဓလေ့မှာ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲဖြင့် ပြန်လည် ပြသလိုက်ပြီဖြစ်သည်။ ထိုအတွက်ကြောင့် ဤနည်းနှင့်ဆင်သော ဆန္ဒထုတ်ဖော်မှုများလည်း ဆက်တိုက်ဆိုသလို ကြုံတွေ့ရမည်သာဖြစ်သည်။ ဤသည် ကို လက်ရှိအစိုးရသစ်မှ နိုင်ငံလုံခြုံရေးရှုထောင့်မှ မကြည့်မြင်ဖို့ တိုက်တွန်းချင်ပါသည်။ ယင်းမှာ မြန်မာပြည်သူများ၏ နိုင်ငံရေးဓလေ့ ဖြစ်သည်ကို သဘော ပေါက် နားလည်စေချင်ပါသည်။ တံခါးပိတ်ထားဖို့ရာ ခက်ခဲသည့် ကမ္ဘာပြုမှုဖြစ်စဉ်ကြီးတွင် အခြားနိုင်ငံများ၏ လူမှုစီးပွားရေး အဆင့်အတန်းမြင့်မှုအပေါ် သိရှိသဘောပေါက်၍ မိမိနိုင်ငံကိုလည်း ဤသို့ ဖြစ်စေချင်သည့် ဆန္ဒများရှိနေကြသည်သာဖြစ်သည်။ အရေးကြီးအချက်မှာ ပြည်သူများ၏ လူမှုစီးပွားရေး ဘဝဖြစ်သည်။ နိုင်ငံရေးအရဆန္ဒထုတ်ဖော်မှုများသည် စီးပွားရေးအဆင်မပြေလည်မှုပေါ်တွင် များစွာ မူတည်သည်။ “စစ်ပွဲများသည် နိုင်ငံတော်ကို ဖန်တီး သည်” (wars make state) ဟူသော နိုင်ငံရေးဘောဂဗေဒ သဘောတရားတစ်ခုရှိပါသည်။ နိုင်ငံ၏ စီးပွားရေးအရင်းအမြစ်များကို အကျိုးစီးပွားအုပ်စု များက စစ်ရေးအသွင်ဖြင့် အကြမ်းဖက်ဆောင်ရွက်နေခြင်းမှ တဖြည်းဖြည်း ဒီမိုကရေစီနည်းလမ်းဖြင့် ဆောင်ရွက်လာကြခြင်းဖြစ်သည်။ ယဉ်ကျေးမှုနိမ့် သည့် အင်အားကြီးသူနိုင် စိုးမိုးမှု (Rule of Jungle) သဘောတရားမှ ယဉ်ကျေးမှုမြင့်သည့် တရားဥပဒေစိုးမိုးမှု (Rule of Law) ဆီသို့ ကူးပြောင်းလာ ခဲ့ခြင်းဖြစ်သည်။ ယခုအစိုးရသစ်မှ ပြည်သူများ ဖိအားပေးတောင်းဆိုနေမှုများကို သဘောထားကြီးသူများပီပီ နားလည်သဘောပေါက် လက်သင့်ခံ၍ ပြည်သူများ၏ အကျိုးစီးပွားကို တစိုက်မတ်မတ် အကောင်အထည်ဖော်ပေးစေချင်ပါသည်။ ကိုယ်မှ အကောင်အထည်မဖော်လျှင်လည်း ပြည်သူများမှာ အခြား အရွေးချယ်စရာ ရှိနေပြီဆိုသည်ကို သိနားလည်စေချင်သည်။

မြန်မာနိုင်ငံတွင် ငြိမ်းတော့မည့် ပြည်တွင်းမီးတွင်လည်း ထာဝရငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုတွင် လူမျိုးစုများ လူမှု စီးပွားရေးဘဝကို အစွမ်းကုန်မြှင့်တင်ပေးဖို့ဖြစ်သည်။ လက်နက်ကိုင်၍ နေရခြင်းမှာ လူမျိုးရေးမာန်မာနအတွက် ဖြစ်နိုင်သလို၊ စီးပွားရေးအကျိုးစီးပွား ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ်လျှင် DKBA မှ ဗိုလ်နှုတ်ခမ်းမွေးမှာ ဘိန်းအရောင်းအဝယ်လုပ်သည်ဟု နာမည်ထွက်လာစရာ အကြောင်းမရှိ။ ရွှေတြိဂံနယ်မြေတွင် လွန်ဆွဲနေသည့် အကျိုးစီးပွားမှာ ငြိမ်းချမ်းရေးတည်ဆောက်မှုတစ်လျှောက် ထင်ထားသည်ထက် ရင်ဆိုင်ရမှာဖြစ်သလို ကချင်ပြည် နယ်တွင် ဆောင်ရွက်နေသည့် အစိုးရစီမံကိန်းများသည်လည်း KIA နှင့် ကချင်လူမျိုးတို့၏ အကျိုးစီးပွားအတွက် တစ်စုံတစ်ရာ ဖြည့်တင်နိုင်ခြင်းမရှိသည့် အတွက် မအောင်မြင်နိုင်။ ထို့အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ယင်းမဟာဗျူဟာကျသည့် အရေးကိစ္စများကို အဓိကထား ဆောင်ရွက်ရမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံမှာ ပြဿနာများစွာ ဖြေရှင်းနေရသည့်အပြင် နောက်ထပ်လည်း စိန်ခေါ်မှုများ ကြုံတွေ့လာမည်သာဖြစ်သည်။ ထိုသို့ ကြုံတွေ့လာ လျှင် ပါဝင်သည့် stakeholder အားလုံးမှ ပူးပေါင်းပြီး အမျိုးသား အကျိုးစီးပွားရေးအတွက် ကြံကြံခိုင်ခိုင်ရင်ဆိုင်ဖို့အရေးမှာ မြန်မာနိုင်ငံ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်ပါကြောင်း။

*****************************************

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs