Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဥပဒေကြမ်း လာမည့်လွှတ်တော်တွင် တင်သွင်းမည်

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဥပဒေမူကြမ်း SMEs Law (Draft) အား ယခုလာမည့် အဋ္ဌမအကြိမ်မြောက် လွှတ်တော်အစည်းအဝေးသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးရေးဗဟိုဌာနမှ သိရသည်။ ယင်းဥပဒေကြမ်းကို အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးရေးဗဟိုဌာနမှ ရေးဆွဲခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှေ့နေချုပ်ရုံးမှ ဒုတိယ အကြိမ်မြောက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတရုံးမှ လိုအပ်ချက်များဖြင့် ဖြည့်စွက်ပြင်ဆင်ကာ ပြန်လည်ပေးပို့လာပါက လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်သည်။

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် SMEs Law ထွက်ပေါ်ခြင်းမရှိသေးသဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနေခြင်းကြောင့် လွှတ်တော်သို့ အမြန်ဆုံးတင် သွင်းရခြင်းဖြစ်ကြောင်း အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးရေးဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ဆိုသည်။

လက်ရှိအချိန်တွင် SMEs များအား တိကျသည့် အဓိပ္ပါယ်သတ်မှတ်ချက်များ မရှိခြင်း၊ လုပ်ထုံးလုပ်နည်းနှင့် ဥပဒေတို့ မရှိသေးခြင်းများကြောင့် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေရရှိရေး၊ နည်းပညာရရှိရေးတို့အပါအဝင် မူဝါဒများအား လိုက်နာဆောင်ရွက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ များစွာ အခက်ကြုံနေရကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းတွင် SMEs လုပ်ငန်းများအဖြစ် ထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်ပါက လုပ်သားတစ်ဦးမှ ၅၀ ဦးနှင့် ရင်းနှီး ငွေကျပ် သန်း ၅၀၀ အောက် လုပ်ငန်းများအား အသေးစားလုပ်ငန်းများအဖြစ် လည်းကောင်း၊ လုပ်သား ၅၁ ဦးမှ ၃၀၀ ဦးနှင့် ရင်းနှီးငွေကျပ်သန်း ၅၀၁ သန်းမှ သန်း ၁၀၀၀ အထိအား အလတ်စားလုပ်ငန်းများအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ပြင် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေ အကျိုးဆောင်ကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများကိုမူ လုပ်သားတစ်ဦးမှ ၃၀ ဦးအထိနှင့် ရင်းနှီးငွေကျပ် သန်း ၂၀၀ အောက်အား အသေးစားနှင့်လုပ်သား ၃၁ ဦးမှ ၂၀၀ ဦးနှင့် ရင်းနှီးငွေကျပ် ၂၀၁ သန်းမှ ကျပ်သန်း ၅၀၀ အထိအား အလတ်စားအဖြစ်သတ်မှတ်ထားခြင်း ဖြစ်သည်။

SMEs များနှင့် ပတ်သက်၍ ပြည်တွင်း စီးပွားရေးပညာရှင် ဒေါက်တာနေဇင်လတ်က "အဓိကက SMEs ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ဘယ်အလုပ်တွေပါသလဲ။ အသေးစား၊ အလတ်စားဆိုတာတွေကို ဘယ်လို စံနှုန်းတွေနဲ့ သတ်မှတ်ထားသလဲ ဆိုတဲ့ ဥပဒေတစ်ရပ် တိတိကျကျထွက်လာမှသာ လုပ်ရတာအဆင်ပြေမှာ။ အခုက SMEs ချေးငွေလို့ ပြောပြီး တော်တော် ကြီးတဲ့လုပ်ငန်းတွေပဲရတာတွေ့ရတော့ SMEs ဖွံ့ဖြိုးရေးဆိုတာနဲ့ ပြန်ချိန်ရင် တော်တော်လေးခွကျတယ်” ဟု မှတ်ချက်ပြုသည်။

မကြာမီက SMEs များဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွန်ကင်းလွတ်ခွင့်၊ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ဆိုင်ရာ ကိစ္စရပ်များအား ပြည်တွင်းရှိ မီဒီယာများမှ ဖော်ပြမှုများ ရှိနေခဲ့ခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် စုံစမ်းမှုများ ရှိနေခဲ့ပြီး အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီးက ယင်းသို့ အစီအစဉ်မရှိသေးကြောင်း လွှတ်တော်တွင် တရားဝင် ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

“အခုအချိန်အထိ SMEs လုပ်ငန်းတွေက ဘာအကူအညီမှ မရသေးဘူး။ ချေးငွေ၊ နည်းပညာတွေ ပေးနေတာကို ရနေတာကလည်း SMEs ထဲမှာပါလာတာပေါ့။ ဒီတော့ အခြေခံထုတ်လုပ်သူဆိုတဲ့ Primary Producer တွေအားလုံး အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လိုအပ်လာတယ်။ ဒီလိုလုပ်ဖို့ကလည်း SMEs မှာ ဘယ်လုပ်ငန်းတွေ ဘယ်အတိုင်းအတာထိပါသလဲဆိုတဲ့ ဥပဒေက အခုထိရှိမလာသေးဘူး” ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ဆိုသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း (SMEs) များဖွံ့ဖြိုးတိုးတက်ရန်အတွက် စီမံကိန်းဆောင်ရွက်ချက်များရှိနေခဲ့သော်လည်း ပြည်တွင်း၌စက်မှုလက်မှုလုပ်ငန်းပေါင်း တစ်သိန်းကျော်ရှိရာတွင် တရားဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်းမှာ ၄၀၀၀၀ ကျော်သာရှိနေခဲ့သည်။

YC


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြမြေပုံရေးဆွဲနိုင်ရေး ဆွေးနွေး

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လမ်းပြမြေပုံတစ်ခု ရေးဆွဲသွား ကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဗဟိုကော်မတီဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လက်အောက်တွင် လုပ်ငန်းကော်မတီ (၆) ခုဖြင့် ဖွဲ့စည်းကာ ကော်မတီဝင်များမှ စစ်တွေမြို့သို့  ၁၀ ရက် လျှင် တစ်ဖွဲ့ကျ သွားရောက်ကာ အကောင်အထည်ဖော်မှုများသည် တိုးတက်မှုများ ရနေကြောင်း၊ ထို့ပြင် ယင်းသို့ ဆောင်ရွက်နေသော်လည်း နိုင်ငံတကာ၊ အများတကာသိရှိနားလည်သည့် လမ်းပြမြေပုံမရှိသေးသည့်အတွက် အမြန်ဆုံးရေးဆွဲ ထုတ်ပြန်နိုင်ရန်အတွက် ယနေ့အစည်းအဝေးတွင် အကြံပြုဆွေးနွေးကြရန် ဖြစ်ပါကြောင်းဖြင့် အမှာစကား ပြောကြားခဲ့ သည်။

အစည်းအဝေးပွဲသို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကုလသမဂ္ဂ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ဒေသတွင်း ယာယီနေရာချထားမှုနှင့် ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးများကို ဆွေးနွေးတင်ပြကြခဲ့ကြကြောင်းသိရသည်။

ထို့ပြင် ရခိုင်ပြည်နယ် တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်အတွက် ရန်ပုံငွေ လိုအပ်ချက် အမေရိကန် ဒေါ်လာ ၁၀၉ ဒသမ ၃ သန်း လိုအပ်ပြီး အမေရိကန် ဒေါ်လာ ၇၉ ဒသမ ၄၉ သန်း ရရှိထား၍ စီမံချက် ၁၀၉ ခုအတွက် သုံးစွဲထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၂ ခုနှစ် ဇွန်လ တွင် ပဋိပက္ခ စတင်ဖြစ်ပွားချိန်မှစပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ခြောက်ဖွဲ့၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း ၁၂ ဖွဲ့နှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ဖွဲ့ စုစုပေါင်းအဖွဲ့အစည်း ၁၉ ဖွဲ့တို့သည် စားနပ်ရိက္ခာထောက်ပံ့မှု၊ အာဟာရ ဖြည့်တင်းရေး၊ ရေနှင့် သန့်ရှင်းရေး၊ ကျန်းမာရေး၊  ပညာရေး၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း တို့တွင် ကာကွယ်စောင့်ရှောက်မှုနှင့် ပေါင်းစပ် ညှိနှိုင်းခြင်း လုပ်ငန်းကဏ္ဍများ၌ ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိသည်။

YC


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို  ထိခိုက်စေသော စကားလုံး အသုံးအနှုန်း မသုံးရန် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  ဦးဆောင်ရွက်လျက်ရှိ သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား ထိခိုက်စေသည့် အပြုအမှု၊ အပြောအဆိုများကို မပြုလုပ်ကြရန် အောက်တိုဘာ ၂၄ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန် ကြေညာချက်၊ အမှတ် ၂/ ၂၀၁၃  ကို ဒုတိယအကြိမ်မြောက် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါကြေညာချက်၌ လက်ရှိကာလသည် နိုင်ငံရေး၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အဓိက ဖြစ်သော  ပြည်ထောင်စုအတွင်း စစ်မှန်သော ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးတို့အတွက်  ဦးတည်ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများကို မိမိတို့ နိုင်ငံသားများ သာမက ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း လိုလိုလားလား အားပေးကူညီဆောင်ရွက်လျက်ရှိချိန်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်သည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု အောင်မြင်ဖို့ဆိုတဲ့နေရာမှာ နိုင်ငံရေးအရသဘောတူညီချက် တစ်ခုခုရဖို့က အဓိကဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးတစ်ခုတည်းဆိုရင် ယာယီသာဖြစ်နိုင်တယ်”ဟု ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးနှင့်  တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၄င်းအမြင်ကို သုံးသပ်ပြောဆို ခဲ့သည်။

ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်နိုင်ရေးတို့နှင့် စပ်လျဉ်းသည့် ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ကြေညာချက် အမှတ်(၁)ကို ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

 YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(ဘာသာပြန်သတင်းများ - ၁ မှအဆက်)

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီမှ ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြရာ နှစ်နေရာမှလွဲ၍ ကျန်နေရာများအားလုံးကို ရရှိခဲ့ကြသည်။ သို့သော် ယင်းအချိန်ကာလမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တိုးတက်မှုရှိအောင် အသေအချာ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ NLD သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ပါမည်ဟူသော ကတိကဝတ်ပြု ပြောဆိုရမည့်ကိစ္စကို ကန့်ကွက်ခဲ့ပြီး အခြေခံဥပဒေတွင်း စစ်တပ်အာဏာ ကြီးထွားမှုကို လျှော့ချနိုင်ရေးအတွက် ပြင်ဆင်ရေးဆွဲရန်နည်းလမ်းရှာခဲ့သည်။

အကူအညီများနှင့် ဖွံ့ဖြိုးရေး မြန်မာအစိုးရသည် သေဒဏ်ကျခံနေရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မီဒီယာများအပေါ် ကန့်သတ်ပိတ်ပင်မှုများ ကိုလည်းလျှော့ချခဲ့သည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်အောင်လုပ် ဆောင်ပေးခြင်း အစရှိသည်တို့ကို လုပ်ကိုင်ခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန်ကမူ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဟု ဆိုထားသည်။

အဆိုပါ တိုးတက်ဖွံ့ဖြိုးမှုများကို တုံ့ပြန်သောအားဖြင့် အီးယူ ပိတ်ဆို့အရေးယူမှုများ အားလုံး (စစ်လက်နက် ရောင်းချမှုအပေါ် ပိတ်ပင်ထားမှုမှအပ) ကိုရုပ်သိမ်းပေးလိုက်သည်။ ယခင်က စစ်ဘက်အရာရှိကြီးများနှင့် ထိပ်ပိုင်း နိုင်ငံရေးသမား ၅၀၀ ခန့်မှာ ခရီးသွားလာခွင့်ပိတ်ပင်ခံရခြင်း၊ ပိုင်ဆိုင်မှုများ ပိတ်ပင်ခံရခြင်းတို့ ခံခဲ့ကြရသည်။ သစ်ထုတ်လုပ်ရေး လုပ်ကိုင်သည့် နိုင်ငံပိုင်ကုမ္ပဏီများနှင့် သတ္တုအပါအဝင် အဖိုးတန်တွင်းထွက်ပစ္စည်း တူးဖော် ထုတ်လုပ်သည့် နိုင်ငံပိုင်လုပ်ငန်းများ နှင့်အတူ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အီးယူကပိတ်ပင်ခဲ့သည်။

ယခုအခါတွင်မူ အီးယူသည် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ထားပြီဖြစ်သည်။ ယင်းရုံးခန်းမှာ ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ စတင်လည်ပတ်လုပ်ကိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေးပြဿနာများမှာ ဆက်၍ကြီးမား နေဆဲပင်ဖြစ်သည်။ လူ့အခွင့်အရေးသမားများမှာ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အချို့သော နယ်ပယ်များတွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ယမန်နှစ်ကဆိုလျှင် ရိုဟင်ဂျာမွတ်စလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ သို့အတွက်ကြောင့် ဒုက္ခရောက်ခဲ့ကြသော ရိုဟင်ဂျာမွတ်စလင် များနှင့် အခြားသော ဒေသတွင် ပြည်တွင်းစစ်မက် ပဋိပက္ခဒဏ်သင့်ခဲ့သူများကို လူသားချင်းစာနာ ထောက်ထားသော အကူအညီများပေးရန် ထောက်ပံ့ငွေ ယူရိုငွေ ၁၉ ဒသမ ၅ သန်းပေးအပ်ခဲ့သည်။ အီးယူသည် နှစ်ကာလကြာရှည်စွာ မြန်မာနိုင်ငံကို အရေးပါ သည့် အကူအညီများနှင့် အလှူငွေများ ပေးခဲ့သည့်အဖွဲ့ ဖြစ်သည်။

နိုင်ငံရေးအရ အကဲဆတ်မှုနည်းပါးသည့် နယ်ပယ်များဖြစ်ကြသော ပညာရေး၊ကျန်းမာရေးနှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းပညာဖွံ့ဖြိုးရေး အစရှိသည်တို့ကို အဓိကအလေးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့်အချိန်မှစ၍ အီးယူက ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေများကို နှစ်ဆခန့်တိုးမြှင့် ပေးခဲ့သည်။


မြန်မာနိုင်ငံ ဆက်လက်ပြုပြင်အောင် ဒေါ်အောင်ဆန်းစုကြည် တွန်းအားပေးခြင်းကို ဗြိတိန် ဝန်ကြီးချုပ် ထောက်ခံအားပေး

AFP မှ 24 Oct 2013 ရက်စွဲပါ “Britain’s Cameron backs Suu Kyi push for Myanmar reform” သတင်း ကိုဘာသာပြန်ဆိုပါသည်)

အလည်အပတ်ရောက်ရှိနေသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံ ဆက်လက် ပြုပြင်ပြောင်းလဲရေး တောင်းဆိုထားမှုများ ပြည့်မှီအောင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားပေးရန် ကူညီပေး သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က ဗုဒ္ဒဟူးနေ့တွင် ပြောကြားလိုက်ပါသည်။

တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲထားသော အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရန် လိုအပ်နေပြီး၊ ယင်းသို့ ပြောင်းလဲခြင်း မပြုပါက ၂၀၁၅ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီရှိလိမ့်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားသည်။

ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် နေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည် အားဖိတ်ခေါ်တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ကင်မရွန်းက မြန်မာနိုင်ငံ၏ အခြေခံဥပဒေပြောင်းလဲအောင် ဗြိတိန်က ဖိအားပေးသွားမည်ဟု ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကို အမြင့်ဆုံးရာထူးမရအောင် ပိတ်ပင်ဖယ်ရှားထား တဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် လုံးဝမှားယွင်းသွားပါလိမ့်မယ်” ဟု ဒေးဗစ်ကင်မရွန်း က ပြောကြားသည်။

“ဒီလိုသာဆိုရင် ဒီမိုကရေစီရွေးကောက်ပွဲတွေ ရှိလာမှာမဟုတ်ဘူး။ ဒီ အခြေခံဥပဒေကို ဒီနည်းနဲ့ ဖြစ်စေ၊ တစ်ခြားနည်းလမ်းတွေနဲ့ ဖြစ်စေပြောင်းလဲဖို့လိုပါတယ်။”

“ဒီလို ပြင်ဆင်ပြောင်းလဲမှုတွေလုပ်မှဖြစ်မယ်ဆိုတာကို မြန်မာအစိုးရထံ အရှင်းလင်းဆုံးသတိပေးနိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်နိုင်သမျှ အရာရာကို လုပ်သွားမယ်။” ဟု ဒေးဗစ်ကင်မရွန်းက ဆက်လက် ပြောဆိုနိုင်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဗြိတိန်သို့ ဒုတိယအကြိမ်အလည်အပတ်ရောက်ရှိလာသူ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံတွင် တိုးတက်ပြောင်းလဲမှုအချို့ရှိသော်လည်း နောက်ထပ်များစွာ ပိုမို ပြုပြင် ပြောင်းလဲရန် လိုအပ်နေသည်ဟု ဆိုပါသည်။

“လောလောဆယ် အရေးကြီးဆုံးကိစ္စကတော့ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ စဉ်ဆက်မပြတ် ရှေ့ကိုဆက်သွားနေတယ်ဆိုရင် စစ်မှန်ပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ ထုံးတမ်းအစဉ်အလာထဲမှာ ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့ အနာဂါတ် အမြစ်တွယ်နိုင်စေဖို့အတွက် ဒီအခြေခံ ဥပဒေကို ဒီမိုကရေစီပြည့်ဝတဲ့ အခြေခံဥပဒေ ဖြစ်လာအောင် ပြင်ဆင်ရမှာပါ။” ဟု သူမက ရှင်းလင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အီးယူ၏ ဂုဏ်သရေကြီးမားသော ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို အင်္ဂါနေ့က စတရာဘော့ဂ် တွင် လက်ခံရယူပြီးနောက် ဗုဒ္ဒဟူးနေ့တွင် ဗြိတိန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

သူမ သည် ကြာသာပတေးနေ့တွင် မြောက်အိုင်ယာလန်သို့ သွားရောက်၍ မြန်မာနိုင်ငံအတွက် အသုံးတည့်နိုင် မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သင်ခန်းစာများကို ကြည့်ရှု့လေ့လာရန်ရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ဘာသာရေးခုတုံးလုပ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး လှုပ်ရှား သူများကို ဖမ်းဆီးမှုများက ပြုပြင်ပြောင်းလဲမှုအပေါ်အကောင်းရှုမြင်မှုကို ထိခိုက်စေသည့်အချိန်တွင် တပ်မတော်နှင့် နိုင်ငံရေးမဟာမိတ်များက လွှတ်တော်ကို ဆက်လက်ထိန်းချုပ်ထားကြဆဲပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရ ဖျက်သိမ်းပြီးနောက် သုံးနှစ်ခန့်ရှိချိန်တွင် နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာခြင်း ၊ ၂၀၁၄ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူခြင်း၊ ဒေသတွင်းဆီးဂိမ်းအားကစားပွဲ လက်ခံ ကျင်းပခြင်း တိုင်းရင်းသားတို့နှင့် ငြိမ်းချမ်းရေးရန် အခြေအနေကောင်းလာခြင်း၊ အခြေခံဥပဒေပြင်ဆင်ရန် စီစဉ်နေခြင်း စသော အခြေအနေများ ပေါင်းဆုံမိချိန်မျိုး၌ ယခင်တပ်မတော်အစိုးရ အကြီးအကဲ၏ အရှိန်အဝါ မကုန်သေးကြောင်း ပြသသည့် လက္ခဏာအချို့ ထူးထူးခြားခြား ထွက်ပေါ်လာသည်ဟု ရန်ကုန်မြို့မှ အကဲခတ် လေ့လာသူများက ပြောကြား ထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive