Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com

တရုတ်ဝန်ကြီးချုပ်အား မြောက်ကိုရီးယားခေါင်းဆောင်က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်
VOA News
05th October, 2009
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီသည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်အား ပြုံးယမ်းလေဆိပ်သို့ အရောက်တွင် ကြိုဆိုနှုတ်ဆက်ပါသည်။ ကင်ဂျုံအီသည် လူထုရှေ့သို့ အလွန်တရာထွက်ခဲသော ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။
ကင်ဂျုံအီသည် တနင်္ဂနွေနေ့က ပြုံးယမ်းလေဆိပ်တွင် တရုတ်ဝန်ကြီးချုပ်အား ကြိုဆိုရန် ရောက်ရှိနေခြင်း ဖြစ်သည်။ သူတို့သည် တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရသည်။ တရုတ်နိုင်ငံသည် မြောက်ကိုရီးယားတို့အား ၎င်း၏ နျူကလီယားလက်နက် အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးနေသော ခြောက်နိုင်ငံအစည်းအဝေးသို့ ပြန်လာနိုင်ရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေပါသည်။
တစ်ချိန်တည်းမှာပင် တရုတ်ဝန်ကြီးချုပ်သည် ကင်ဂျုံအီနှင့် ဆွေမျိုးတော်စပ်ခြင်း မရှိသူ မြောက်ကိုရီးယားဝန်ကြီးချုပ် ကင်ရောင်အီနှင့်လည်း တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါသည်။ ကင်ရောင်အီက ၎င်းတို့၏ နျူကလီယာအစီအစဉ်အတွက် စကားပြောရန် လမ်းဖွင့်ပေးထားပါကြောင်း ဝမ်ကျားပေါင်အား ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံမီဒီယာမှ ဝန်ကြီးချုပ် ကင်ရောင်အီ၏ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြရာတွင် မြောက်ကိုရီးယားသည် ရည်မှန်းချက်ပန်းတိုင်ဖြစ်သော နျူကလီယာကင်းမဲ့သော ကိုရီးယားကျွန်းဆွယ် ဖြစ်ရေးကို ဘယ်သောအခါမှ စွန့်လွှတ်လိမ့်မည် မဟုတ်ကြောင်း ရေးသားထားပါသည်။ သို့သော် ပြုံးယမ်းကမူ ပြီးခဲ့သည့် ဧပြီလက ရပ်ဆိုင်းထားခဲ့သော ခြောက်နိုင်ငံနျူကလီယာဆွေးနွေးပွဲ ပြန်လည်စတင်ရေးနှင့် ပတ်သက်၍ တိကျသော ပြောဆိုမှုများ မရှိသေးပါ။
ကိုရီးယားကျွန်းဆွယ်ကို နျူကလီယားကင်းမဲ့ဇုံ ပြုလုပ်ရေး ရည်မှန်းချက် အောင်မြင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းသုံး၍ ဖော်ဆောင်သွားရေးသည် နိုင်ငံတကာ၏ စိတ်ဝင်စားမှုတစ်ရပ် ဖြစ်ကြောင်း ဝမ်ကျားပေါင်က ကင်ရောင်အီကို ပြောကြားကြောင်း တရုတ် ရုပ်မြင်သံကြားသတင်းဌာနက လွှင့်ထုတ်ပါသည်။
ဝမ်ကျားပေါင်သည် ပြုံးယမ်းသို့ တနင်္ဂနွေနေ့က ရောက်ရှိလာရာ နှစ်နိုင်ငံ ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် သုံးရက်ကြာ နေထိုင်မည် ဖြစ်သည်။ ဝမ် ခေါင်းဆောင်သော တရုတ်ကိုယ်စားလှယ် အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး Yang Jiechi နှင့် နျူကလီယာစေ့စပ်ဆွေးနွေးသူ (Nuclear Negotiator) Wu Dawei လည်းပါဝင်ပါသည်။ အဆိုပါ တရုတ်ကိုယ်စာလှယ်အဖွဲ့သည် တနင်္ဂနွေနေ့က စီးပွားရေးနှင့် အခြားသဘောတူချက်များကို လက်မှတ်ရေးထိုးကြပါသည်။
ဆင်းရဲနွမ်းပါးပြီး အထီးကျန်ဖြစ်နေသော မြောက်ကိုရီးယားသည် စီးပွားရေးနှင့် သံတမန်ရေး ကိစ္စများတွင် တရုတ်နိုင်ငံမှာ တစ်ခုတည်းသော မှီခိုအားထားရာ နိုင်ငံဖြစ်နေပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ဒုံးပျံလွှတ်တင်မှု အစီအစဉ်များအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများကြောင့် ယခုနှစ်အစောပိုင်းက ခြောက်နိုင်ငံ နျူကလီယားဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ပါသည်။
တရုတ်၊ ရုရှား၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့သည် စေ့စပ်ဆွေးနွေးခြင်းကို အသုံးပြုလျက် ပြုံးယမ်းအား နျူကလီယာလက်နက် အစီအစဉ်များ ဖြုတ်သိမ်းရေးအတွက် အကူအညီများနှင့် သံတမန်ရေးရာ မက်လုံးများပေးပြီး ဆွဲဆောင်နားချနေကြပါသည်။

0 comments:

Post a Comment