Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘာကျော် အင်တာနက် နည်းပညာ ကော်ပိုရေးရှင်း ဖြစ်သော ဂူဂဲလ် (Google) ကော်ပိုရေးရှင်းသည် အမေရိကန် အစိုးရနှင့် ဇာတ်ရှုပ်သော လုပ်ရပ်များကို လုပ်ကိုင်လျက် ရှိကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက လူသိရှင်ကြား ပြစ်တင် ရှုတ်ချလိုက်သည်။

နာမည်ကျော် Google သည် Search Engine  မှ ရရှိသော သတင်း အချက်အလက်များနှင့် မှတ်တမ်းများကို အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများသို့ ပေးပို့လျက် ရှိကြောင်း တရုတ် နိုင်ငံပိုင် Xinhua သတင်းအေဂျင်စီက ထုတ်ဖော် ပြောဆိုလိုက်သည်။ Google သည် တရုတ် လူ့အဖွဲ့အစည်းကို အမေရိကန် ယဉ်ကျေးမှုဆိုင်ရာ စံတန်ဖိုးများ ဖြန့်ဝေခြင်းဖြင့် ပြုပြင် ပြောင်းလဲရန် ကြိုးပမ်းလျက် ရှိသည်ဟုလည်း Xinhua က ဆိုသည်။

Google ကော်ပိုရေးရှင်း၏ ပြောရေးဆိုခွင့် ရှိသူကမူ မိမိတို့အား အမေရိကန် အစိုးရက သြဇာ လွှမ်းမိုးနေသည် ဟူသော အချက်ကို ငြင်းပယ်လိုက်သည်။ "Google ကော်ပိုရေးရှင်း၏ အကြီးတန်း အရာရှိကြီးများသည် အမေရိကန်အစိုးရနှင့် ရှုပ်ထွေးနက်နဲသော ဆက်ဆံရေးမျိုး ရှိထားသည်။ ထို့ပြင် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်မှ နည်းပညာ ကျွမ်းကျင်သော ပုဂ္ဂိုလ်ကြီးများသည် Google တွင် လုပ်ကိုင်လျက် ရှိသည်" ဟု Xinhua က ဆိုသည်။

တရုတ်နိုင်ငံတွင် အင်တာနက် ဆင်ဆာဖြတ်သည့် လုပ်ရပ်များကြောင့် Google ကော်ပိုရေးရှင်းက တရုတ် နည်းပညာ နယ်ပယ်တွင် ဆက်လက် ရင်းနှီး မြှုပ်နှံမည် (သို့မဟုတ်) ထွက်ခွာမည် ဟူသော အချက်ကို ထုတ်ဖော် ကြေညာရန် ပြင်ဆင်နေသည့် ကာလတွင် တရုတ်နိုင်ငံပိုင် သတင်းဌာနက ယင်းသို့ တိုက်ခိုက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"တရုတ်နိုင်ငံမှာ စီးပွားရေး ဆက်လုပ်မယ်၊ မလုပ်ဘူး ဆိုတဲ့ကိစ္စဟာ Google ကော်ပိုရေးရှင်းနဲ့ပဲ ပတ်သက်ပါတယ်" ဟု Google ၏ ပြောခွင့်ရပုဂ္ဂိုလ် Jessica Powell က AP သတင်းဌာနသို့ ပြောကြားသည်။

Google ၏ ဈေးကွက်ရှယ်ယာသည် တရုတ် Search Engine ဖြစ်သည့် Baidu ကဲ့သို့ များပြားမှု မရှိပေ။ သို့သော် တရုတ်နိုင်ငံသည် အခြားသော နိုင်ငံများထက် အင်တာနက် အသုံးပြုသူ ပိုမို များပြားသော နိုင်ငံတစ်ခု ဖြစ်သည်ဟု ဆိုသည်။

တရုတ်ပြည် အင်တာနက် ဆင်ဆာဥပဒေများ

Xinhua ၏ အဆိုအရ Google ထွက်သွားသည် ဖြစ်စေ၊ ဆက်လက် လုပ်ကိုင်သည် ဖြစ်စေ တရုတ်နိုင်ငံ၏ အင်တာနက် ကန့်သတ် ထိန်းချုပ်မှုများမှာ ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ အင်တာနက်ဆိုင်ရာ စည်းမျဉ်း ဥပဒေများကို ခြယ်လှယ်လိုသော နည်းပညာ ကုမ္ပဏီတစ်ခု၏ ရည်မှန်းချက်မှာ ရယ်စရာကောင်းသော လုပ်ရပ်တစ်ခုသာ ဖြစ်နေပေလိမ့်မည်ဟု Xinhua က ဆိုသည်။

Google ကော်ပိုရေးရှင်းက ပြီးခဲ့သည့် ဇန်နဝါရီလတွင် မိမိတို့အနေဖြင့် တရုတ်နိုင်ငံ၏ အင်တာနက် ဆင်ဆာဖြတ်သည့် ဥပဒေများအတိုင်း ဆက်လက် လိုက်နာ ဆောင်ရွက်မည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အင်တာနက် သတင်း အချက်အလက် ဆိုင်ရာ ဆင်ဆာတည်းဖြတ်မှုနှင့် အင်တာနက် Web Portal အပေါ် တိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံအတွက် လွှင့်တင်ထားသည့် www.google.cn အင်တာနက် စာမျက်နှာကို ဖျက်သိမ်းကောင်း ဖျက်သိမ်းမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

Google သည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှ စ၍ တရုတ်နိုင်ငံ နည်းပညာ လောကတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ရာ ပြစ်တင်ဝေဖန်မှု ပေါင်းများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။ Google သည် တရုတ်အစိုးရက ပြဋ္ဌာန်းထားသော အင်တာနက် ဆင်ဆာဖြတ်သည့် လုပ်ထုံးလုပ်နည်းများနှင့် အပေးအယူ လုပ်လျက် ရှိသည်ဟု အငြင်းအခုန် ပြုလုပ် ပြောဆိုနေကြသော်လည်း Google ကမူ မိမိတို့သည် အများပြည်သူ အကျိုးစီးပွားအတွက်သာ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။

Google နှင့် တရုတ်နိုင်ငံ ဆက်ဆံရေးမှာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် အေးတိအေးစက် ဖြစ်ခဲ့သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ တရုတ်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူများကို အဓိက ပစ်မှတ်ထားသော Web Mail များနှင့် ပတ်သက်သည့် ဆိုက်ဘာ တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း Google က ထုတ်ဖော် ပြောဆိုခဲ့သည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment