Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Saw Yan Naing, 22nd March 2010

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည် မတ်လ (၃၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်၍ မြန်မာ အာဏာပိုင်များအား ရွေးကောက်ပွဲ ဥပဒေ အကြောင်း၊ ၎င်း၏ ဒီမိုကရေစီ တိုးတက်ရေး အတွက် ဖြစ်လာနိုင်သည်များ အကြောင်း ဆွေးနွေးရန် ရှိသည်ဟု အင်ဒိုနီးရှား သတင်းဋ္ဌာနက Antara News ၏ အဆိုအရ သိရှိရသည်။

မိမိတို့ အနေဖြင့် မြန်မာအစိုးရ ကတိပြုထားသော ဒီမိုကရေစီ နည်းကျပြီး လွတ်လပ်သော ပါတီစုံ ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် ယခု ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေသည်  လက်တွေ့ကျသော ရလဒ်များ ဖော်ဆောင်နိုင်ခြင်း ရှိမရှိ သိရှိလိုကြောင်း Marty က သောကြာနေ့က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်လိမ့်မည်ဟု မိမိတို့ မျှော်လင့်ကြောင်း၊ သူမသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် ပါဝင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ၎င်းက ပြောကြားခဲ့သည်။

အင်ဒိုနီးရှား အနေဖြင့် မြန်မာအစိုးရ၏ ဒီမိုကရေစီ နည်းမကျသော လုပ်ရပ်များကို လက်မခံနိုင်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိန်းသိမ်းထားခြင်း ခံနေရသဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ရန် လည်းကောင်း၊ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ရွေးကောက်ပွဲ ဝင်ပါက ပါတီမှ သူမအား ဖယ်ရှားခြင်း ခံရရန်လည်းကောင်း ထည့်သွင်း ရေးဆွဲထားသည်။

အာဆီယံ နိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ အာဏာပိုင်များသည် မြန်မာအစိုးရအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေးသည် နိုင်ငံတကာ၏ လက်ခံမှုနှင့် လိုအပ်နေသော အမျိုးသား ပြန်လည် ပေါင်းစည်းရေး တို့အတွက် တိုးတက်မှုရလဒ် ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီဆစ်က သောကြာနေ့က BBC World Service သို့ ပြောကြားရာတွင် မိမိရော အာဆီယံ အဖွဲ့ဝင်များကပါ မြန်မာနိုင်ငံတွင် အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲ ဖြစ်သည်ကို တွေ့မြင်လိုကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ၎င်းက ဆက်လက် ပြောကြားရာတွင် မြန်မာ အစိုးရ ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေကို အိမ်နီချင်း နိုင်ငံများက စိတ်အနှောင့်အယှက် ဖြစ်ကြရကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

မကြာသေးမီက ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Alberto Romulo က ပြောကြားရာတွင် အကယ်၍ မြန်မာ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်း မရှိဘဲ၊ သူမ၏ ပါတီအားလည်း ရွေးကောက်ပွဲတွင် မပါစေပါက မှားယွင်းသော လုပ်ရပ်ဖြစ်ပြီး၊ ၎င်းတို့၏ ဒီမိုကရေစီ လမ်းညွှန်မြေပုံနှင့်လည်း ဆန့်ကျင်လိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

အာဆီယံ၏ အချို့ အဖွဲ့ဝင်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုနေချိန်တွင် လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့သည် မြန်မာနိုင်ငံ၏ အာဏာရှင် စနစ်ကို ကြိုက်နှစ်သက်မှုအား မျှဝေခံစားလျက် ရှိပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် ပြောဆိုရေးကို ရေငုံ နှုတ်ပိတ်နေလျက် ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက အာဆီယံ အတွင်းရေးမှူးချုပ် ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Surin Pitsuwan က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် အများလက်ခံပြီး၊ ပွင့်လင်း မြင်သာသော ရွေးကောက်ပွဲ ဖြစ်ရန် အာဆီယံက မျှော်လင့်သော်လည်း ရွေးကောက်ပွဲတွင် မိမိတို့ အဖွဲ့ကြီး အနေဖြင့် အသေးစိတ် ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိကြောင်း ဆိုခဲ့သည်။

မည်သည့် ရွေးကောက်ပွဲမှ ပြီးပြည့်စုံသည်ဟု မရှိနိုင်ကြောင်း၊ စတင်ရန်သာ လိုရင်း ဖြစ်ကြောင်း၊ ယခု မြန်မာ အစိုးရက စတင်နေပြီ ဖြစ်ကြောင်း၊ ယခုနှစ် ကုန်တွင် ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ၎င်းတို့က ကတိပေးထားပြီး ဖြစ်ကြောင်း Surin က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment