Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 27th February 2010

          မြန်မာပြည် ကျောက်မျက် စီးပွားရေးလောက၏ ဗဟိုဖြစ်သော မိုးကုတ်မြို့မှ ဒေသခံများ အကြား ထိတ်လန့်တုန်လှုပ်မှုများ မကြာသေးမီက ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်က မြို့၏ လူနေရပ်ကွက်များ၏ အနီး ပတ်ဝန်းကျင်တွင် မြေထိုးစက်များနှင့် စက်ယန္တရားကြီးများ ရုတ်တရက် ရောက်ရှိလာသောကြောင့် ဖြစ်သည်။

          အစောပိုင်းက ဒေသ အာဏာပိုင်များ၊ သတ္တုတွင်း ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၂ ခုတို့ ဆာဗေးဆင်း လေ့လာခဲ့ပြီးနောက် ယခုကဲ့သို့ ယန္တရားများ ရောက်လာခြင်း ဖြစ်သည်။ ပုဂ္ဂလိက ကုမ္ပဏီ ၂ ခု ဖြစ်သော အစိုးရ၏ ရောင်းရင်း ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် ပတ္တမြားနဂါး ကျောက်မျက် ကုမ္ပဏီတို့မှာ ရာထူးကြီး ဗိုလ်ချုပ်ကြီးများကို ရှယ်ယာဝင်အဖြစ် ထည့်သွင်းထားသော ကုမ္ပဏီများ ဖြစ်သည်။

          "အခု ကျွန်တော်တို့ရဲ့ အိမ်တွေ၊ မြေတွေ အသိမ်းခံရမှာကို အရမ်း စိုးရိမ်နေရတယ်" ဟု  မိုးကုတ်သား တစ်ဦးက ပြောကြားသည်။ မိုးကုတ်မြို့သည် မန္တလေးမြို့၏ အရှေ့မြောက်ဖက် ကီလို မီတာ ၂၀၀ အကွာတွင် ရှိသော ပတ္တမြားမြေ ဖြစ်၍ ခိုခြေသွေးရောင် ပတ္တမြားများနှင့် အပြာရောင် နီလာများကြောင့် ရှေးကပင် ကျော်ကြားသော ဒေသ ဖြစ်သည်။

          ဤသည်မှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဟု အမည်တပ်ထားသော မြန်မာ့နည်း မြန်မာ့ဟန် အကြံအဖန် လုပ်ရပ်များပင် ဖြစ်သည်။ နာမည်ခံမျှသာ ဖြစ်ဖွယ် ရှိသော ရွေးကောက်ပွဲများ နီးကပ်လာသည်နှင့်အမျှ တစ်နိုင်ငံလုံးတွင် ယခု ရက်ပိုင်းများအတွင်း စစ်ဖက် အုပ်ချုပ်သူများ အလောတကြီး လုပ်ကိုင်နေသော လုပ်ငန်းမှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အစီအစဉ် ဖြစ်သည်။ ကမ္ဘာပေါ်တွင် သဘာဝ သယံဇာတ ရင်းမြစ်များ ကြွယ်ဝသလောက် စီးပွားရေး နိမ့်ကျနေသည့် နိုင်ငံအပေါ်တွင် ၎င်းတို့၏ အလုံးစုံ ထိန်းချုပ်ထားမှု အဆုံးသတ်တော့မည် ဖြစ်၍ ဗိုလ်ချုပ်ကြီးများ အလောသုံးဆယ် ဖြစ်နေကြခြင်း ဖြစ်သည်။

          တန်ဖိုးရှိသော ပိုင်ဆိုင်မှု မှန်သမျှ တောင်းဆိုတတ်ကြသည့် ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ စီးပွားဖက်များကြောင့် မိုးကုတ်တွင် ဖြစ်ပွားနေသော ကိစ္စများမှာ အခြား နေရာတိုင်းတွင်လည်း အလားတူ ဖြစ်ပွားနေသည်။ ဓာတ်ငွေ့ အရောင်းဆိုင်များမှသည် ရေအား လျှပ်စစ်စက်ရုံများ၊ ရုပ်ရှင်ရုံများမှသည် တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီများ၊ စက်ရုံများ၊ ဂိုဒေါင်များမှသည် လေကြောင်းလိုင်းများအထိ သပိတ်ဝင် အိတ်ဝင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအစီအစဉ်ကို ဆောင်ရွက်နေသည်မှာ "လိုချင်တာကို ကြိုက်သလိုယူ အစီအစဉ် (ပြည်သူများ မပါဝင်)" ဖြစ်သည်။

          အကယ်၍ အထက်ပါ ကိစ္စများသည် လွန်ခဲ့သော အနှစ် ၂၀ အတွင်း ကတိပေးခဲ့သလို အစိုးရက စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို အမှန်တကယ် စေတနာဖြင့် ပြုလုပ်သည့် လက္ခဏာ ဖြစ်ခဲ့ပါက ထောက်ခံ ကြိုဆိုရမည့် သတင်း ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ပြည်သူများ မျှော်လင့်ထားသလို ဖြစ်မလာခြင်းပင် ဖြစ်သည်။ အမှန်တကယ် ပြည်သူများ တွေ့မြင်နေရသည်မှာ နိုင်ငံပိုင် ပစ္စည်းဥစ္စာများကို ခိုင်မာစွာ အမြစ်တွယ်နေသည့် ရေပေါ်ဆီ ငါးသလောက်ပေါင်းများလက်သို့ တရားဝင် လွှဲပြောင်းပေးနေခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ယခုအချိန်အထိ ၎င်းတို့ လိုချင်တာ မှန်သမျှအား အပြိုင် အဆိုင်မရှိ အလွယ်တကူ ယူနိုင်စွမ်းရှိနေဆဲ ဖြစ်သည်။

          ရွေးကောက်ပွဲ ပြီးသွားလျှင်မူ အရာအားလုံးမှာ ဤမျှ လွယ်ကူတော့မည် မဟုတ်ပါ။ စစ်ဖက်အုပ်ချုပ်သူများနှင့် ၎င်းတို့၏ စီးပွားဘက်များသည် စီးပွားရေးကဏ္ဍတွင် သြဇာညောင်းသော အနေအထားကို ဆက်လက် ဆုပ်ကိုင်ထားကြမည် ဖြစ်သော်လည်း အခြေခံဥပဒေသစ် စတင် အကျုံးဝင်လာသည့်အခါတွင် အခြားသူများသည်လည်း သီအိုရီအရ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့် အနေအထားများ အနည်းဆုံး ရရှိလာမည် ဖြစ်သည်။ ယခုအချိန်တွင် ၎င်းတို့အတွက် အရာရာကို အလကားနီးပါး ရနေသည့် အဆောက်အဦးများ၊ လုပ်ငန်းများကို နောက်တစ်ချိန် တန်ရာတန်ဖိုး ပေးချေရသည့် အဖြစ်မျိုး မရောက်ခင် တိုင်းပြည်အတွင်းရှိ အရာရာကို အတားအဆီးမရှိ သိမ်းကြုံး ရယူနေကြခြင်း ဖြစ်သည်။

          နိုင်ငံပိုင် လုပ်ငန်းများကို ယခုလတ်တလော ရောင်းချရာ၌ အစိုးရက ပြည်သူလူထုကို တင်ဒါ ခေါ်ယူခြင်းလည်း မရှိပါ။ ပုဂ္ဂလိက ပိုင်ရှင်များက မည်သို့ လုပ်ကိုင်မည်၊ ရောင်းချမှုများမှ နိုင်ငံတော်က အကျိုးအမြတ် မည်မျှ ရရှိသည် စသော သတင်း အချက်အလက်များကိုလည်း ထုတ်ပြန်ခြင်း မရှိပါ။ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဆိုသည်မှာ ပိုမို ပွင့်လင်းမြင်သာသော အနေအထားတွင် ပြုလုပ်ရမည် ဖြစ်ပြီး များသောအားဖြင့် ပြည်သူလူထုကို အကျိုးပြုနိုင်ရမည် ဖြစ်သည်။ ကုန်ဈေးနှုန်းများ ကျဆင်းခြင်း၊ အရည်အသွေး တိုးတက်ခြင်း၊ ရွေးချယ်စရာ များလာခြင်း၊ အကျင့်ပျက်ခြစားမှု နည်းသွားခြင်း၊ ကြိုးနီစနစ် လျော့သွားခြင်း၊ ဆောင်ရွက်မှု မြန်ဆန်လာခြင်း စသော ရလဒ်များ ထွက်ပေါ်လာရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ ပြည်သူများမှာ အကြီးမားဆုံး အရှုံးသမားများအဖြစ် ထပ်မံ ပေးဆပ်ကြရဦးမည် ဖြစ်သည်။

          မြန်မာစစ်ဖက် အုပ်ချုပ်သူများသည် ၎င်းတို့ပြောလေ့ ရှိသော တံခါးဖွင့် စီးပွားရေး မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၁၉၈၉ မှ စ၍ နိုင်ငံပိုင်လုပ်ငန်းများကို မကြာခဏ ရောင်းထုတ်ခဲ့သည်။ သို့ရာတွင် ယခင် အာဏာရှင် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အမှားများကို ရှောင်ရှားရမည့်အစား စစ်ဖက်အစိုးရသစ်က လက်ဝါးကြီးအုပ် အာဏာရှင် အရင်းရှင်စနစ်ကို အစားထိုး ကျင့်သုံးခဲ့သည်။

          ထို့အပြင် မြန်မာအစိုးရသည် အထူးသဖြင့် အန္တရာယ်ကြီးလှသော စီးပွားရေးဖွံ့ဖြိုးမှု ပုံစံသို့ ချဉ်းကပ်ရာတွင် သူတစ်ဦးတည်း ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ တိုင်းပြည်အတွင်း အထူး အခွင့်အရေးရ၊ အဆက်အသွယ်ကောင်း၊ သြဇာကြီး လုပ်ငန်းရှင်များပါ ပါဝင် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

          မကြာသေးမီက BBC ၏ "ဒူးတိုက်ဆွေးနွေးခန်း" အစီအစဉ်တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က မြန်မာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အာဆီယံ အဖွဲ့၏ အနေအထားကို ကာကွယ် ပြောကြားနေချိန်တွင် ထိုင်းနိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံသူများ အုပ်စုတစ်စုက မြန်မာနိုင်ငံသို့ သွားရောက် လေ့လာခဲ့သည်။ လွန်ခဲ့သော သီတင်းပတ် အနည်းငယ်ခန့်ကလည်း အလားတူ ဗီယက်နမ်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို လာရောက် လေ့လာခဲ့ကြသည်။

          သို့ရာတွင် အကယ်၍ စီးပွားရေး ပွင့်လင်းမှုနှင့် တာဝန် ယူတတ်မှုအပေါ် မြန်မာအစိုးရ၏ ဂရုမစိုက်မှုသည် ခက်ခဲသာ အခြေအနေတစ်ရပ် ဖြစ်သည် ဆိုစေကာမူ၊ နိုင်ငံ၏ အဆင့်အတန်းသည် ကမ္ဘာ့ အဆိုးဝါးဆုံးများတွင် ပါဝင်သည် ဆိုသည်ကိုမူ ငြင်းဆိုခြင်း မရှိပါ။

          Heritage Foundation နှင့် Wall Street Journal တို့ ပူးပေါင်း တင်ပြသော "၂၀၁၀ စီးပွားရေး လွတ်လပ်ခွင့် ညွှန်းကိန်း" အစီရင်ခံစာအရ ကမ္ဘာပေါ်ရှိ ၁၇၉ နိုင်ငံ၏ စီးပွားရေး လွတ်လပ်ခွင့်ရှိမှု အတိုင်းအတာတွင် မြန်မာနိုင်ငံက နံပါတ်စဉ် ၁၇၄ တွင် ရှိနေသည်။

          ယခုကဲ့သို့ မြန်မာနိုင်ငံ အောက်ဆုံးအဆင့်သို့ ရောက်ရှိအောင် ဖန်တီးသည့် အကြောင်းအရင်းများကို အစီရင်ခံစာ၌ စိစစ်တင်ပြထားရာတွင် စီးပွားရေး ဆောင်ရွက်မှုများ၌ အစိုးရက ကြားဝင်စွက်ဖက်ခြင်း၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း ကဲ့သို့သော တည်ဆောက်ပုံ ပြဿနာများ၊ နိုင်ငံပိုင်လုပ်ငန်းများ ဆက်တိုက် အရှုံးပေါ်မှုများ၊ အားနည်းသော ဥပဒေနှင့် စည်းကမ်း ထိန်းချုပ်မှုများနှင့် ညံ့ဖျင်းသော အုပ်ချုပ်မှုစနစ် စသော အချက်များ ပါဝင်သည်။ မြန်မာနိုင်ငံရှိ ပိုင်ဆိုင်ခွင့် အခွင့်အရေးနှင့် ပတ်သက်၍ "ပုဂ္ဂလိက ပိုင်ဆိုင်မှုနှင့် အသိဥာဏ်ပညာ ဆိုင်ရာ ပိုင်ဆိုင်ခွင့်ကို အကာအကွယ် ပေးမထား" ဟု တိုတိုနှင့် လိုရင်းကို ဖော်ပြထားသည်။

          ယခု မြန်မာနိုင်ငံတွင် လိုအပ်နေသည်မှာ လက်ရှိ အုပ်ချုပ်သူများ၏ ကိုယ်အားကိုယ်ကိုး ပြောင်းလဲရေး မဟုတ်ပါ။ ဒီမိုကရေစီ နည်းကျ တင်မြှောက်သော အစိုးရ၏ ဥပဒေအရ အုပ်ချုပ်မှု အောက်သို့ ပြန်လည် ရောက်ရှိရေး ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲ များသည်လည်း အမှန်အကန် ပြောင်းလဲမှုကို ဖြစ်ပေါ်စေမည် မဟုတ်သဖြင့် မိုးကုတ်မြို့ လူထုသည်လည်း ကျန်တစ်တိုင်းပြည်လုံး ကဲ့သို့ပင် ဗိုလ်ချုပ်ကြီးများ တစ်ခုမကျန် ယူငင်နေသည်ကို နောက်ဆုတ် လက်ပိုက်ကြည့်နေရုံမှ တစ်ပါး အခြား မရှိတော့ပါ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment