Transparency Myanmar

transparency.myanmar@gmail.com

Mizzima news, 6th Mar 2010

ဒေသခံ စစ်တပ် အာဏာပိုင်များက ပြည်သူ့စစ်အဖွဲ့သို့ အတင်းဝင်ခိုင်းမှုကြောင့် မြန်မာပြည် တောင်ပိုင်း မွန်ပြည်နယ်မှ လူ ၁၀၀ ခန့် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေထဲသို့ ဝင်ပြေးခဲ့ကြကြောင်း မွန် လူသားချင်း စာနာရေး ဝန်ထမ်းများ၏ ပြောကြားမှုအရ သိရှိရသည်။

ပြည်သူ့စစ် အဖွဲ့ဝင်များ အတင်းအကြပ် စုဆောင်းနေမှုကို ရှောင်ရှားရန် အတွက် မွန်ပြည်နယ်တွင်းရှိ NMSP ထိန်းချုပ်နယ်မြေထဲသို့ လူအတော်များများ ဆက်တိုက် ထွက်ပြေးနေသည်ဟု မွန်ကယ်တင်ခြင်းအဖွဲ့ အတွင်းရေးမှူး ဇော်မင်းဦးက သောကြာနေ့တွင် မဉ္ဇိမသို့ ပြောကြားသည်။

ရွာသားတွေကို ပြည်သူ့စစ်ထဲ အတင်းဝင်ခိုင်းတယ်။ မဝင်ရင် လစဉ်ကြေး ၇ သောင်းကျပ် ပေးရမယ်လို့ တောင်းတယ်။ ဒီတော့ လူတွေက သည်းမခံနိုင်ကြတော့ဘဲ ထွက်ပြေးကြတာပါဟု ၎င်းက ရှင်းပြသည်။

          ထိုင်း-မြန်မာ နယ်စပ်အနီး ထားဝယ်ခရိုင်ရှိ NMSP ထိန်းချုပ်နယ်မြေထဲသို့ ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ဝင်ပြေးလာကြခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အပစ်ရပ် အဖွဲ့တစ်ဖွဲ့ဖြစ်သော NMSP က ထွက်ပြေးလာကြသော ရွာသားများကို စတင် နေရာချပေးနေသည်။

"အခု NMSP အရာရှိတွေက ပြန်ပြီး နေရာချပေးတဲ့ အနေနဲ့ နေစရာ မြေနဲ့ လယ်စိုက်ဖို့မြေ ပေးနေတယ်။ ဒုက္ခသည်စခန်းတော့ မရှိပါဘူး"ဟု ကယ်ဆယ်ရေး ဝန်ထမ်းက ရှင်းပြသည်။

ပြည်ပ အခြေစိုက် လွတ်လပ်သော မွန်သတင်းဌာနမှ အယ်ဒီတာ နိုင်ကဆော့မွန်က ပြောကြားရာတွင် အစိုးရက မွန်နှင့် ကရင် ဒေသများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် ပြည်သူ့စစ် အဖွဲ့များ စတင် ဖွဲ့စည်းနေခြင်း ဖြစ်ကြောင်း၊ ထိန်းချုပ်မှုကို မလိုလားသော ဒေသခံ တိုင်းရင်းသားများကို ငြိမ်သက်အောင် တပ်မတော်က မကိုင်တွယ်နိုင်၍ ဖြစ်ကြောင်း သုံးသပ်သည်။ သို့သော်လည်း ပြည်သူ့စစ် အစီအစဉ်ကို တပ်မတော်က အထောက်အပံ့ ပေးမည် မဟုတ်ဟု ၎င်းက ဆိုသည်။

"မွန်နဲ့ကရင် လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို သိရအောင် ပြည်သူ့စစ်တွေကို သတင်းပေးအဖြစ် အသုံးပြုလိမ့်မယ်။ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စတွေမှာလည်း သုံးလိမ့်မယ်" ဟု နိုင်ကဆော့ မွန်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment