Transparency Myanmar

transparency.myanmar@gmail.com

Burma News International, 5-Mar-2010

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana ရခိုင်ပြည်နယ် ဘူးသီးတောင်သို့ လူ့အခွင့်အရေး ကိစ္စ တိုးတက်မှုများ လေ့လာရန် လာရောက်စဉ်က စကားပြောရန် ကြိုးစားသူ ရိုဟင်ဂျာ လူမျိုး တစ်ဦးမှာ ဖမ်းခံရပြီး ထောင်ဒဏ် (၆)လ ပြစ်ဒဏ်ချမှတ်ခြင်းခံရကြောင်း ကာယကံရှင်၏ ဆွေမျိုး တစ်ဦးက ပြောပါသည်။

ဖမ်းဆီးခံရသူမှာ အသက် ၄၈ နှစ် ရှိ ကျော်မောင် (ခေါ်) Nurul Haque  ဖြစ်ပြီး ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပါသည်။ ၎င်းသည် စစ်ထောက်လှမ်းရေး အတွက် လည်းကောင်း၊ နစက အတွက် လည်းကောင်း၊ အလုပ် အများကြီး လုပ်ပေးခဲ့သူ ဖြစ်ပါသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်အား စကားပြောရန် ကြိုးစားသောကြောင့် ၎င်းအား မတ်လ (၁) ရက်နေ့ နံနက်(၉) နာရီခန့်တွင် ဘူးသီးတောင် ရဲစခန်းမှ သူ၏ နေအိမ်တွင် လာရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပါသည်။

ဖမ်းဆီးပြီးနောက် ၎င်းအား ဘူးသီးတောင် ရဲစခန်းသို့ ခေါ်သွားပြီး ပြင်းပြင်းထန်ထန် နှိပ်စက်ကြောင်း သိရှိရပါသည်။ နောက်ဆုံးတွင် ၎င်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခွင့်ပြုချက်မရှိပဲ သွားရောက်မှုဖြင့် တရားစွဲဆိုခဲ့ပါသည်။ ယမန်နေ့က ဘူးသီးတောင် တရားရုံးမှ ၎င်းအား ထောင်ဒဏ်(၆)လ ချမှတ်ခဲ့ပြီး ဒဏ်ငွေကျပ် သုံးသိန်းလည်း ချမှတ်ခံရကြောင်း ၎င်း၏ ရင်းနှီးသော သူငယ်ချင်း တစ်ဦးက ပြောပါသည်။

Quintana ဘူးသီးတောင် သို့ လာရောက်စဉ်က ဘူးသီးတောင် ထောင်နှင့် ဆေးရုံတို့ သို့သွားရောက်ကြည့်ရှုခဲ့ပါသည်။ ဘူးသီးတောင် မြို့နယ် မယကရုံးတွင် Quintana သည် ဘူးသီးတောင်မှ ရိုဟင်ဂျာ လေးဦး၊ မောင်းတောမှ ရိုဟင်ဂျာ လေးဦး တို့နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါသည်။ ထိုသို့ တွေ့ဆုံချိန်တွင် ဘူးသီးတောင်မြို့နယ် မဝတဥက္ကဋ္ဌနှင့် ထောက်လှမ်းရေးမှ အရာရှိများ တက်ရောက်ကြပါသည်။ ထို့ကြောင့် လာရောက်တွေ့ဆုံကြသော ရိုဟင်ဂျာများသည် အာဏာပိုင်များကို ကြောက်သောကြောင့် အဖြစ်မှန်များကို မပြောရဲကြပေ။ သို့သော် ကုလသမဂ္ဂ ကိုယ်စားလှယ်သည် အဆိုပါ ရိုဟင်ဂျာများအား လိမ္မာပါးနပ်စွာ မေးခွန်းများ မေးခဲ့ပါသည်။

'' ထောက်လှမ်းရေးက အရာရှိတွေ ပတ်လည်မှာ ဝိုင်းနေတော့ ကုလသမဂ္ဂ ကိုယ်စားလှယ် အနေနဲ့ ရိုဟင်ဂျာတွေကို မေးခွန်းတစ်ခုခု မေးဖို့ မလွယ်လှပါဘူး '' ဟု ဘူးသီးတောင်မှ ကုန်သည် တစ်ဦးက ပြောပါသည်။

အဆိုပါ ရိုဟင်ဂျာများသည် ကုလမဂ္ဂ ကိုယ်စားလှယ် ပြန်သွားပြီးနောက် စကားမှား ပြောမိ၍ ဖမ်းခံရမည်ကို ရင်တထိတ်ထိတ်နှင့် အိမ်တွင် နေကြရကြောင်း၊ သို့တိုင်အောင် ၎င်းတို့သည် အစိုးရ၏လူများ ဖြစ်ကြောင်း၊ အခြား လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

Quintana မလာမီ တစ်ရက်က ထောက်လှမ်းရေး နှင့် ရဲမှ ပုဂ္ဂိုလ်များကို ထောင်သား အသွင် ဝတ်လျက် ဘူးသီးတောင် ထောင်ထဲသို့ လွှတ်ထားခဲ့ပြီး၊ ထောင်သားများထံမှ အစိုးရ ဆန့်ကျင်ရေး စကားများ ကုလသမဂ္ဂ ကိုယ်စားလှယ်သို့ ပြောသူအား စောင့်ကြည့်ရန် တာဝန်ပေးခဲ့ကြောင်း နစက အတွက် လုပ်ပေးရသူတစ်ဦးက ပြောပါသည်။

Quintana သည် နေပြည်တော်တွင် အစိုးရ၏ အဓိက ပုဂ္ဂိုလ် အချို့နှင့် တွေ့ဆုံခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ငါးရက်ကြာ နေထိုင်စဉ် အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင် သို့ သွားရောက်ခဲ့ပါသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး၊ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကိစ္စ တိုးတက်မှုများအား ကြည့်ရှုရန် လာရောက်ခြင်း ဖြစ်ပါသည်။

၎င်း၏ ခရီးစဉ် အတွင်း ၎င်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရခဲ့သလို၊ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ၎င်းအား တွေ့ဆုံခြင်း မရှိ ခဲ့ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment