Transparency Myanmar

transparency.myanmar@gmail.com

ယခု နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကာလအတွင်း မြန်မာ စစ်အစိုးရအနေဖြင့် အမေရိကန် သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေးအဖွဲ့၏ မူဝါဒသစ် ဖြစ်သော အပြန်အလှန် စေ့စပ်ညှိနှိုင်းမှု မူဝါဒကို အသုံးပြုကာ ရွေးကောက်ပွဲသည် တရားမျှတမှု ရှိသည် ဟူသော ပုံစံမျိုး ပြသနိုင်ဖွယ် ရှိကြောင်း အစီရင်ခံစာ တစ်ရပ်က သုံးသပ်လိုက်သည်။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် Asia Society Think Tank တစ်ခုက အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒ အပြောင်းအလဲတွင် သတိထားရမည့် ကိစ္စများကို ထုတ်ဖော်ခဲ့သည်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမေရိကန်က တောင်းဆိုထားမှုများကို စစ်အစိုးရက အပြုသဘော ဆောင်စွာ တုံ့ပြန်မည့် အရိပ်အယောင်များ မတွေ့ရကြောင်း အဆိုပါ Think Tank က ဆိုသည်။

မြန်မာအစိုးရ အာဏာပိုင်များ၏ တစ်ကိုယ်တည်း ထင်ရာစိုင်းနေမှုများနှင့် ပတ်သက်၍ စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု အမေရိကန် အစိုးရက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အတွင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အမေရိကန် သမ္မတ အိုဘားမား ကိုယ်တိုင်က ခက်ထန်ကြမ်းတမ်းသော နိုင်ငံများကို ဒိုင်ယာလော့ခ်နည်းဖြင့် ချဉ်းကပ်သွားမည် ဖြစ်သည်ဟု ဆိုခဲ့သည်။

Asia Society အဆိုအရ အစောပိုင်း ကာလများတွင် ထင်သာမြင်သာ ရှိသည့် အထောက်အထားများ အနည်းငယ်သာ တွေ့ရကြောင်း၊ သို့သော် စေ့စပ် ညှိနှိုင်းမှုကြောင့် အာဆီယံတွင် အထီးကျန်နေသော မြန်မာနိုင်ငံတွင် တိုးတက် ဖြစ်ထွန်းမှုများ ဖြစ်ပေါ်လာသည်ဟု ဆိုနိုင်ကြောင်း သိရသည်။

စစ်အစိုးရက လတ်တလော ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေမှာ အဓိက အတိုက်အခံ ပါတီ ဖြစ်သော NLD အနေဖြင့် ရွေးကောက်ပွဲကို ဖိအားပေး သပိတ်မှောက်ခိုင်း စေသကဲ့သို့ ဖြစ်နေသည်။

"ဖြစ်နိုင်ခြေ ရှိသည့် စစ်အစိုးရ၏ ပင်မ ဦးတည်ချက်မှာ အမေရိကန်နှင့် စေ့စပ် ညှိနှိုင်းရေးပင် ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် အမေရိကန်အနေဖြင့် စစ်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် ၇ ရပ်ကို ထောက်ခံသည် ဟူသော အချက်ကို မြန်မာ ပြည်သူများအား ပြသလိုပုံ ရသည်" ဟု Asia Society က ဆိုသည်။

"အမေရိကန် အနေဖြင့် လွန်စွာ အန္တရာယ်များသော (မြေမြှုပ်မိုင်းများ ရှိသော) နယ်မြေထဲသို့ ဝင်ရောက်သကဲ့သို့ ရှိမည်။ မြန်မာ စစ်အစိုးရ ခေါင်းဆောင်များအား ယုံကြည် စိတ်ချရသော ရွေးကောက်ပွဲ တစ်ရပ် ကျင်းပအောင် ဖိအားပေးမှုများ ပြုလုပ်ရင်း လွဲမှားသော ရွေးကောက်ပွဲ (သို့မဟုတ်) နိုင်ငံရေး ဖြစ်စဉ် တစ်ရပ်ကို တရားဝင် အသိအမှတ် ပြုပေးလိုက်သည့် အခြေအနေမျိုး ရောက်ရှိသွားနိုင်သည်" ဟု ဆိုသည်။

ပို၍ ဆိုရပါက အမေရိကန်က ရွေးကောက်ပွဲ ဖြစ်စဉ်ကို တိုက်ရိုက် လေ့လာ စောင့်ကြည့်ရန် ကြိုးပမ်းနေခြင်းသည် အပြစ် အနာအဆာများသည့် ဖြစ်စဉ်တစ်ရပ်ကို အသိအမှတ် ပြုပေးနေသည့် ပုံစံမျိုး ဖြစ်လာနိုင်သည်။

အဆိုပါ Asia Society ၏ မြန်မာ ရွေးကောက်ပွဲအပေါ် ကောက်ချက် ဆွဲထားသော အစီရင်ခံစာကို မြန်မာ့အရေး ကျွမ်းကျင်သူ ဦးအောင်နိုင်ဦးက ထောက်ခံခဲ့သည်။ သို့သော် "မြန်မာ အစိုးရကတော့ အမေရိကန်ရဲ့ မူဝါဒ အယူအဆတွေနဲ့ ပတ်သက်ပြီး ဂရုမစိုက်မှာ မဟုတ်ဘူး" ဟု သတိပေးသည်။

"ပထဝီ နိုင်ငံရေး သဘောအရ မြန်မာစစ်တပ်က မျက်နှာသာ ရနေတယ်။ အိမ်နီးချင်းတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်က မြန်မာနိုင်ငံမှာ စစ်ရေးအင်အား ကောင်းအောင် လုပ်ပေးနိုင်တဲ့ အစိုးရမျိုး ပေါ်ထွန်းစေချင်တယ်" ဟုလည်း ၎င်းက သုံးသပ်သည်။

အမေရိကန် နိုင်ငံခြားရေး မူဝါဒအရ မြန်မာနိုင်ငံသည် ဝါရှင်တန်အတွက် မျှော်လင့် အားထားဖွယ်ရာ ကောင်းလောက်သည့် အခြေအနေမျိုး မရှိပေ။ အမေရိကန်တို့ အားထားလောက်သည့် သယံဇာတမျိုးမှာ မြန်မာနိုင်ငံတွင် အကန့်အသတ်ဖြင့်သာ ရှိသည်ဟု ဆိုသည်။

ဦးအောင်နိုင်ဦးက ဖြည့်စွက် ပြောဆိုရာတွင် ဒေသတွင်း ပါဝါများ အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ အပြောင်းအလဲကို အားပေး အားမြှောက် ပြုသင့်သည်ဟု ပြောသည်။ စစ်အစိုးရက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု ကတိပေးထားမှုအား မပျက်ပြားအောင် ဝိုင်းဝန်း လုပ်ဆောင် ပေးသင့်သည်ဟုလည်း အကြံပြုသည်။

NLD အနေဖြင့် ရွေးကောက်ပွဲမှ နုတ်ထွက်လိုက်ခြင်းဖြင့် ပြည်တွင်းရော နိုင်ငံတကာမှပါ တုံ့ပြန်မှုများ ဖြစ်ပေါ်လာသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းကမူ NLD က မည်သည့် ဆုံးဖြတ်ချက်ကို ချစေကာမူ အခိုင်အမာ ထောက်ခံမည်မှာ မလွဲမသွေပင် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၏ ပင်မနိုင်ငံရေး ရေစီးကြောင်းထဲမှ ယခုကဲ့သို့ အတိုက်အခံပါတီ နုတ်ထွက်သွားခြင်းဖြင့် အစိုးရ၏ အရှိန်အဝါဖြင့် ဖွဲ့စည်းထားသော အခြား ပါတီများ ရွေးကောက်ပွဲတွင် အားတက်သရော မှတ်ပုံတင်ကာ ဝင်ရောက် ယှဉ်ပြိုင်ကြမည်မှာ အသေအချာပင် ဖြစ်သည်။

DVB သတင်းကို ဘာသာပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment