Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် သမ္မတ ဘားရက် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့၏ စေ့စပ်ညှိနှိုင်းရေး မူဝါဒကို မြန်မာ စစ်အစိုးရက ကောင်းစွာ အသုံးချပြီး မျှတမှု မရှိသည့် ရွေးကောက်ပွဲကို မျှတမှု ရှိသည်ဟု ထင်မြင်လာစေရန် ကြိုးပမ်းနိုင်ကြောင်း သုံးသပ်ချက် အစီရင်ခံစာ တစ်စောင် ထွက်ပေါ်လာသည်။

အဆိုပါ အစီရင်ခံစာကို Asia Society ဟူသော အမေရိကန် အခြေစိုက် Think Tank တစ်ခုက မြန်မာ စစ်ဗိုလ်ချုပ်များကို ဖိအားပေးမှုများ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသော ဝါရှင်တန် အစိုးရအတွက် အထောက်အပံ့ တစ်ရပ်အနေဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အစိုးရက ရွေးကောက်ပွဲသည် ယုံကြည် စိတ်ချရမှု ရှိပြီး တိုင်းရင်းသား လူနည်းစုများ၊ နိုင်ငံရေးသမားများ အားလုံး ပါဝင်ခွင့် ရရှိစေလိုသည်။

သို့သော် အမေရိကန် အစိုးရအနေဖြင့် ယခု လာမည့် ရွေးကောက်ပွဲကို တရားဝင် အသိအမှတ် ပြုပေးသလို ဖြစ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေသည့် အချက်ကို သတိပြု သင့်သည်ဟု အဆိုပါ Think Tank က ဆိုသည်။ အဆိုပါ ရွေးကောက်ပွဲသည် ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်မျိုး မဟုတ်ဘဲ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်စေရန်သာ ရည်ရွယ်သည်ဟု အတိုက်အခံများက သုံးသပ်ထားသည်။

"အမေရိကန် အနေနဲ့ အန္တရာယ်တွေကို ကြိုတင် သိရှိထားရမည်။ စစ်အစိုးရက အမေရိကန်၏ စေ့စပ်ညှိနှိုင်းမှု မူဝါဒကို အသုံးချပြီး ၎င်းကိုယ်တိုင် အကွက်ဆင်ထားသည့် ရွေးကောက်ပွဲကို အမေရိကန်က ထောက်ခံသည် ဟူသော အချက်ကို ပြည်သူများ လက်ခံလာအောင် ကြိုးပမ်းကောင်း ကြိုးပမ်းနိုင်သည်" ဟု ပြင်းပြင်းထန်ထန် သတိပေးထားသည်။ အကယ်၍ ဖော်ပြပါ အချက်ကို သတိမမူမိပါက မြန်မာနိုင်ငံအရေးတွင် စစ်တပ် ခြယ်လှယ်နေသည့် ကိစ္စအား အမေရိကန်က အသိအမှတ်ပြု လက်ခံလိုက်သလို ဖြစ်သွားနိုင်သည်။

အဆိုပါ အစီရင်ခံစာကို ၂၀၀၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ အငြိမ်းစား ကြည်းတပ် ဗိုလ်ချုပ်ကြီး Wesley Clark နှင့် ယခင် သမ္မတဟောင်း ဂျော့ဒဗလျူဘွတ်ရှ်တို့က ပူးတွဲ ကြီးကြပ်ခဲ့သည်။ သမ္မတဟောင်း ဘွတ်ရှ်သည် ယခုအခါ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အမေရိကန် အေဂျင်စီ၏ အကြီးအကဲအဖြစ် လုပ်ကိုင်လျက် ရှိသည်။

အမေရိကန် သမ္မတ အိုဘားမားက ကာလ ကြာရှည်စွာ မြန်မာနိုင်ငံအပေါ် ကျင့်သုံးခဲ့သည့် အထီးကျန်ဖြစ်စေရေး မူဝါဒကို ပြောင်းလဲပြီး စစ်ဗိုလ်ချုပ်များနှင့် စေ့စပ်ညှိနှိုင်းသည့် မူဝါဒကို စတင် ကျင့်သုံးမည်ဟု ထုတ်ဖော်ထားသည်။ အဆိုပါ မူဝါဒသစ် ထုတ်ပြန်ပြီး ခြောက်လခန့် အကြာတွင် Asia Society Think Tank က အစီရင်ခံစာ ထုတ်ပြန် သတိပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အစိုးရ၏ မူဝါဒသစ်သည် ယခုအချိန်အထိ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် အနည်းငယ်သာ အကျိုး သက်ရောက်မှု ရှိစေသည်။ ယခု ရက်သတ္တပတ် အတွင်း၌ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရ ကျင်းပ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ထုတ်ဖော် ကြေညာလိုက်သည်။ NLD အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည် မဟုတ်သကဲ့သို့ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်လည်း မဟုတ်ကြောင်း ကြေညာခဲ့သည်။

ယင်းသို့ ကြေညာလိုက်ခြင်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မကြာမီ ကာလအတွင်း ပါတီအဖြစ်မှ တရားဝင် ဖျက်သိမ်းခံရတော့မည် ဖြစ်သည်။

အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က မြန်မာအရေးတွင် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ကြိုးပမ်းနေသောကြောင့် စိတ်ရှည်လက်ရှည် ရှိရမည်ဟု ဆိုပြန်သည်။ ဤ အတောအတွင်း မှာပင် အမေရိကန် အစိုးရ အရာရှိများက မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဝါဒကို ဖယ်ရှားပေးမည် မဟုတ်ကြောင်း အသိပေးလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို စစ်အစိုးရက လွှတ်ပေးခြင်း၊ ဒီမိုကရေစီ ဖော်ဆောင်ပေးခြင်း၊ ပြည်သူလူထုအပေါ် ကောင်းမွန်စွာ ဆက်ဆံခြင်း အစရှိသည်တို့ ပြုလုပ်မှသာ ပိတ်ဆို့ အရေးယူမှုကို ဖယ်ရှားပေးမည်ဟု ဆိုသည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ရာတွင် အချိန်နှင့် ငွေကြေး ကန့်သတ်ချက်များ ရှိလိမ့်မည် ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန် ပြည်ထောင်စုတွင် အခြားသော ကမ္ဘာ့ အရေးကိစ္စများလည်း ရှိနေသောကြောင့် ဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။ အာဖဂန်နစ္စတန်နှင့် အီရတ်မှ စစ်ပွဲများကိစ္စ၊ တရုတ်နှင့် စီးပွားရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အရေးကိစ္စများ၊ အီရန်၊ မြောက်ကိုရီးယား၏ နျူကလီယာ ကိစ္စများမှာ အမေရိကန် ရင်ဆိုင် ဖြေရှင်းနေရသော ကမ္ဘာ့အရေး ကိစ္စများပင် ဖြစ်သည်။

သို့အတွက်ကြောင့် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြန်မာနှင့် အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေးအတွက် အထူးသံတမန်တစ်ဦး ခန့်အပ်ထားသင့်သည်ဟု အစီရင်ခံစာက တိုက်တွန်းထားသည်။

ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲကို အမေရိကန်က တိုက်ရိုက် ကြီးကြပ်စောင့်ကြည့်မှု မပြုလုပ်သင့်ကြောင်း၊ အကြောင်းမှာ ယင်းသို့ စောင့်ကြပ် လေ့လာမှု ပြုခြင်းသည် အားနည်း ချို့ယွင်းချက်များ ရှိသည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုသည်ဟု ထင်မှတ် သွားနိုင်သောကြောင့် ဖြစ်ကြောင်းလည်း သတိပေးထားသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment