Transparency Myanmar

transparency.myanmar@gmail.com

ဧရာဝတီ ကိုကြည်ဝေနှင့် ကိုအောင်ဇော်သို့ ...

ကမာပုလဲ

ခုရက်ပိုင်းမှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အပေါ် ဝေဖန်ချက် သတင်းဆောင်းပါးနှစ်ပုဒ်ကို တပြိုင် နက်ဖတ်လိုက်ရပါတယ်။ ထူးခြားမှုမရှိပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ရှိလှတာက အဲဒီဆောင်းပါးနှစ်ပုဒ်လုံးဟာ ချင်းမိုင်အခြေစိုက် ၀က်ဘ်ဆိုက်မီဒီယာတခုတည်းမှာ ဖေါ်ပြထားတာဖြစ်တယ်။ ရေးဟန်ချင်းလည်းဆင် ဆိုလို ချက်ခြင်းလည်းတူ တင်ပြတဲ့နေ့ရက်ကလည်း တရက်တည်းဖြစ်နေတယ်။ မတူတာက ကလောင်အမည်တွေ ဖြစ်ပါတယ်။ တယောက်က ဧရာဝတီ သတင်းဝက်ဘ်ဆိုက်ရဲ့ တာဝန်ခံ အောင်ဇော် ဖြစ်ပြီး တယောက်ကတော့ ကြည်ဝေ လို့ အမည်ခံထားတယ်။

သူတို့ရဲ့ ဆောင်းပါးတွေကို အမည်ဖော်ပြရရင် အောင်ဇော်က "NLD မမှားသင့်တာ မှားခဲ့လေ သလား" ဖြစ်ပြီး ကြည်ဝေ ကတော့ "NLD ၏ နောက်ဆုံးနေ့များ" တို့ဖြစ်ပါတယ်။ ဆောင်းပါးနှစ်ပုဒ်စလုံးရဲ့ ဆိုလိုရင်းကတော့ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ ပါတီမှတ်ပုံတင်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မှတ်ပုံမ တင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို မ၀ံ့မရဲ မျှော့သွေးစမ်း ဝေဖန်လိုက်တာဖြစ်ပါတယ်။ ဆောင်းပါးနှစ်ပုဒ်စလုံးရဲ့ ရပ်ခံချက်က နအဖရဲ့ ရွေးကောက်ပွဲဥပဒေပါ သတ်မှတ်ရက်အတွင်း ပါတီများမှတ်ပုံမတင်ခဲ့ရင် ပါတီတည်ရှိမှု အလိုလို ပျက်ပျယ်စေရမည် ဆိုတာကို ဖြစ်ပါတယ်။ ဒီတော့ မေလ (၅) ရက်နေ့မှာ သတ်မှတ်ရက်ပြည့်မှာမို့ NLDပါတီအနေနဲ့ တရားဝင်ပါတီအဖြစ်မှ ပျက်ပျယ်သွားပြီလို့ ဆိုချင်တာပါပဲ။ ဒါဟာ ဆောင်းပါး နှစ်ပုဒ်လုံးရဲ့ တူညီတဲ့ တူရူချက်လည်းဖြစ်ပါတယ်။ စေတနာအရလည်း "မမှားသင့်တာ မှားခဲ့လေတဲ့ NLD ၏ နောက်ဆုံး နေ့များ" ဆိုတာကကို ရှင်းပြီးဖြစ်နေပါတယ်။

"ဆောင်းပါးရှင် နှစ်ယောက်စလုံးကို ပြောချင်တာက NLD ဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ အောင်သီးအောင်ပွင့်ဖြစ်တယ်။ အရေးတော်ပုံကြီးဟာ ဗိုလ်နေ၀င်း၊ န၀တ၊ နအဖ စစ်အုပ်စု အဆက်ဆက်ရဲ့ ဥပဒေအရ ပေါ်ပေါက်လာတာတွေ မဟုတ်ဘူးဆိုတာ ရှင်းပြနေရင် အတော့်ကိုလည်း ရယ်စရာကောင်းလိမ့်မယ်"

နိုင်ငံရေးပါတီများ ရှိခြင်း၊ ပျက်ခြင်း

ဒီနေရာမှာ နိုင်ငံရေးပါတီများ တည်ရှိခြင်း၊ ပျက်သုဉ်းခြင်းနဲ့ ပတ်သက်လို့ ဆောင်းပါးရှင် နှစ်ယောက်စလုံးက န၀တ၊ နအဖရဲ့ ဥပဒေအပေါ်မှာ လုံးလုံးပုံအပ်ထားပါတယ်။ ဆိုလိုတာက နအဖ လက်မခံရင်၊ ဖျက်ရင် ပျက်ရ တော့မယ်ပေါ့။ ဒီလိုဆိုရင် န၀တ၊ နအဖက မဖျက်ဘဲ ပျက်သွားတဲ့ နိုင်ငံရေးပါတီတွေအပေါ် ဘယ်လိုသဘော ထားမလဲ။ ၈၈၈၈ အရေးတော်ပုံရဲ့ အသီးအပွင့် ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီမှာ နိုင်ငံရေးပါတီတွေ ရာနဲ့ချီ ရှိခဲ့ ကြတယ်။ အဲဒီထဲက နအဖက မတရားအသင်းကြေညာပြီးဖျက်တာ ဘယ်နှစ်ပါတီရှိသလဲ။ အဲဒီ အဖျက်ခံရတဲ့ ပါတီတွေကရော တကယ်ပျက်သွားပြီလို့ ပြောနိုင်ပါသလား။ ထားပါလေ၊ လူထုဘက်က ရပ်တည်တဲ့ နိုင်ငံရေး ပါတီတွေဟာ ဖိနှိပ်သူအစိုးရ (နောက်ပိုင်းမှာ ရန်သူလို့ပဲရေးပါမယ်။) တည်ထောင်ပေးလို့ ရပ်တည်ရှင်သန်လာ တာမဟုတ်ပါဘူး။ အရေးတော်ပုံတွေနဲ့ လူထုက မွေးဖွားပေးလိုက်တာပါ။ ဒါကြောင့် လူထုထောက်ခံတဲ့၊ အရေး တော်ပုံအဆက်ဆက်မှာ အစဉ်အလာရှိခဲ့တဲ့ တိုက်ပွဲဝင် နိုင်ငံရေးပါတီတွေဟာ ရန်သူအစိုးရတွေ ဖျက်တိုင်း မ ပျက်ပါဘူး။

၁၉၆၂ မှာ ဗိုလ်နေ၀င်း ဖျက်ပစ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ၊ ပြည်သူ့တိုးတက်ရေးပါတီ ... အစရှိသဖြင့် တို့ဟာ ၈၈၈၈ အရေးတော်ပုံကြီးနဲ့ အရေးတော်ပုံကြီးအပြီးမှာ ဂုဏ်သိက္ခာရှိရှိ လူထုရင်ခွင်ထဲကနေ ပြန်ပေါ်လာတယ် ဆိုတာ သတိချပ်အပ်ပါတယ်။ ခု ဗိုလ်နေ၀င်းရဲ့ မြေးတပည့် ရန်သူစစ်အုပ်စုက မတရားအသင်းကြေညာကာ ထပ်မံဖျက်သိမ်းထားလို့ မရှိတော့ဘူး နိတ္ထိတံသွားပြီလို့ ပြောလို့ရမလား။ မရပါဘူး။ အဲဒီလို ပြောလို့ရရင် ဗိုလ် နေ၀င်းလည်း နန်းပေါ်က ဆင်းပြေးရမှာ မဟုတ်ဘူးပေါ့နော။ သမိုင်းက သူ့အလုပ် သူလုပ်ပါတယ်။

ဆောင်းပါးရှင် နှစ်ယောက်စလုံးကို ပြောချင်တာက NLD ဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ အောင်သီးအောင် ပွင့်ဖြစ်တယ်။ အရေးတော်ပုံကြီးဟာ ဗိုလ်နေ၀င်း၊ န၀တ၊ နအဖ စစ်အုပ်စု အဆက်ဆက်ရဲ့ ဥပဒေအရ ပေါ် ပေါက်လာတာတွေ မဟုတ်ဘူးဆိုတာ ရှင်းပြနေရင် အတော့်ကိုလည်း ရယ်စရာကောင်းလိမ့်မယ်။ ဆိုတော့ NLDဟာ လူထုအလိုကျ လူထုဘက်က ရပ်တည်တဲ့ ဒီမိုကရေစီရေး နိုင်ငံရေးပါတီကြီးဖြစ်တယ်။ အဲဒီနိုင်ငံရေး ပါတီမှာ နိုင်ငံရေးပါတီတို့ရဲ့ အားနည်းချက် အားသာချက်လည်း သဘာဝကျကျရှိမယ်။ အတွေးအခေါ် အယူ အဆတွေ၊ လုပ်နည်းလုပ်ဟန်တွေမှာလည်း မတူကွဲပြားတဲ့ အမြင်တွေကို ညှိရ၊ နှိုင်းရ တာတွေလည်းရှိမယ်။ ဖက်ဆစ်ဆန်တဲ့ ရန်သူစစ်အစိုးရရဲ့ စနစ်တကျ ဖိနှိပ်မှုအောက်မှာ သေလောက်အောင် အနာတရဖြစ်နေတာ လည်း ရှိမယ်။ ပါတီတွင်း ပြိုကွဲသွားစေနိုင်တဲ့ သပ်လျှိုသွေးခွဲမှုတွေကိုလည်း ရင်းဆိုင်ဖြေရှင်းကျော်လွှားနေရ မယ်။ ဒါဟာ လူထုဘက်က အမှန်အကန် ရပ်တည်လိုတဲ့ စစ်အာဏာရှင်စနစ်အောက်က တိုက်ပွဲဝင်နိုင်ငံရေးပါ တီတရပ်ရဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် ဘ၀ပြဿနာတွေဖြစ်တယ်။

အဓိကကျတာက ပါတီရဲ့ ရပ်တည်ချက်ပါ။ လူထုအကျိုးစီးပွားဘက်က ရဲရဲရပ်မလား၊ ဖိနှိပ်သူ ရန်သူစစ်အစိုးရ အလိုကျ ရပ်မလား ဆိုတာပါပဲ။ လူထုအကျိုးစီးပွားဘက်ကရပ်ရင် လူထုက တရားဝင် ရပ်တည်နိုင်အောင် တိုက်ပွဲဝင်သွားမှာပါ။ စစ်အုပ်စုအလိုကျ ရပ်ရင်တော့ ဒီခေတ်က ခွေးကတက်မပြောနဲ့ မြောင်းပုပ်မြောင်းဆွေး ထဲမှာတောင် ကိုယ့်အတွက် နေရာက ခပ်ရှားရှားပါ။ ဒါကြောင့် NLDဟာ လူထုအကျိုးစီးပွားဘက်ကရပ်သရွေ့ NLD မပျက်နိုင်ပါ။ ဆိုင်းဘုတ်နဲ့ ပါတီရုံးတွေ မည်ကာမတ္တသာရှိပြီး နိုင်ငံရေးဝိညာဉ်သေနေတဲ့ ပါတီအဖြစ်မျိုး၊ ရန်သူ့အလိုကျ၊ ရန်သူပြဌာန်းတဲ့ ဥပဒေနဲ့ ပြည်သူကို ဖိနှိပ်အုပ်ချုပ်နေရတဲ့ သမိုင်းတရားခံ နိုင်ငံရေးပါတီဘ၀ မျိုးကို NLD မရွေးချယ်ခဲ့တာဖြစ်တယ်။ ဒါဟာ တိုက်ပွဲတရပ်မှာ အဆင့်သစ်တရပ်ကို အောင်မြင်စွာ တက် ရောက်သွားနိုင်ခြင်းလည်း ဖြစ်တယ်။

ဆောင်းပါးရှင် နှစ်ယောက်စလုံးကို နိဂုံးချုပ်ပြောချင်တာက ဆောင်းပါးရှင် နှစ်ယောက်စလုံးဟာ သတင်း ဆောင်းပါးရှင်တွေဖြစ်နေတာမို့ ဒီကနေ့ NLD ပါတီမှာ ပါတီအပေါ်မှာရော လူထုအပေါ်မှာရော ပြတ်သားတဲ့ ရပ်တည်ချက်နဲ့ အကောင်းဆုံး စည်းရုံးလမ်းပြ ခေါ်ဆောင်ပေးနေသူတွေထဲမှာ အဘဦးဝင်တင် (ဟံသာဝတီ) ဟာ ထိပ်ဆုံးကပါပါတယ်။ သူဟာ ကမ္ဘာသိ ဂုဏ်သိက္ခာရှိတဲ့ သတင်းသမားတယောက်လည်းဖြစ်တယ်။ နောက်တယောက်က ပါတီဝင် မဟုတ်ပေမယ့် ပါတီကို အကောင်းဆုံး ၀ိုင်းရံပေးနေတဲ့ သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း ဖြစ်တယ်။ သူလည်း ကမ္ဘာသိ ဂုဏ်သိက္ခာရှိတဲ့ သတင်းသမားကြီးတယောက်ဖြစ်တယ်။ သူတို့ နှစ်ဦးစလုံး လူထုအကျိုးစီးပွားဘက်က ပြတ်ပြတ်သားသား ရပ်တည်ပါတယ်။ ဒါကြောင့် လူထုကလည်း သူတို့ ကို အားကိုးယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ကအစ သူတို့ကို လေးစားချစ်ခင်ယုံကြည် တယ်…။ ရှေ့မှာ နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ သတင်းသမားပါ ဆိုသူပဲဖြစ်ဖြစ် ရပ်တည်ချက် ယောင်ဝါးလို့ မရဘူး ဆိုတာ သေချာတယ်။ အညှာအတာကင်းတဲ့ သမိုင်းလမ်းပေါ် လျှောက်နေကြတာမို့ပါ။ ဒါလောက်ပါပဲ …။

ကမာပုလဲ
၂ ၀ ၁ ဝ

ရည်ညွှန်း။ ။ အောင်ဇော် - "NLD မမှားသင့်တာ မှားခဲ့လေသလား" (ဧရာဝတီ Saturday, April 10, 2010)
ကြည်ဝေ - "NLD ၏ နောက်ဆုံးနေ့များ" (ဧရာဝတီ Saturday, April 10, 2010)

ပြန်ခေါက်ထားပါ...

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment