Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Wai Moe, 19th April 2010

ပြီးခဲ့သည့် စနေနေ့က မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) တာဝန်ရှိသူများသည် အစိုးရ တာဝန်ရှိသူများနှင့် တနင်္လာနေ့က မြစ်ကြီးနားတွင် တွေ့ဆုံခဲ့သည်။

KIO အနေဖြင့် လာမည့် ကြာသပတေးနေ့တွင် နယ်ခြားစောင့်တပ် ပြောင်းလဲရေး အတွက် အဖြေ ပေးရမည် ဖြစ်သည်။

KIO ဌာနချုပ် လိုင်ဇာမှ လာသော သတင်းများအရ KIO ဗဟို ကော်မတီဝင် KIA ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် ဆွမ်လွတ်ဂမ်မော်သည် တနင်္ဂနွေနေ့က မြစ်ကြီးနားသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

ယခု အစည်းအဝေးသည် အရေးပေါ် အစည်းအဝေး ဖြစ်ကြောင်း KIO မှ ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။ ၎င်းတို့သည် မြစ်ဆုံ ရေကာတာ စီမံကိန်း ဗုံးကွဲမှုနှင့် ပတ်သက်၍ ဆွေးနွေးလိမ့်မည်ဟု ယူဆရကြောင်း ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့်အတူ ဆက်သွယ်ရေး ဝန်ကြီး၊ ကချင်ပြည်နယ် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးအသင်း ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဗိုလ်ချုပ် သိန်းဇော်လည်း တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

မြစ်ကြီးနား အနီး မြစ်ဆုံဒေသတွင် တရုတ် အစိုးရက တည်ဆောက်လျက် ရှိသော မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းတွင် စနေနေ့က ဗုံး ၂၆ လုံး ကွဲခဲ့ရာ ၁၂ လုံးမှာ ပေါက်ကွဲခြင်း မရှိကြောင်း ဒေသခံများထံမှ လာသော သတင်းများအရ သိရှိရသည်။

ချင်းမိုင်ရှိ ကချင် သတင်း အေဂျင်စီမှ လာသော သတင်းများအရ ဗုံးပေါက်ကွဲမှုအရ တရုတ် ပညာရှင် လေးဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာ ရရှိကြောင်း ဆိုသည်။

ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများနှင့် ဒေသခံများက ယင်းစီမံကိန်းသည် အဆိုပါ ဒေသရှိ လူများ၏ လူနေမှုဘဝ နှင့် ဧရာဝတီ မြစ်ကြီးနှင့် ပတ်သက်သော လူများ၊ ပတ်ဝန်းကျင်များကို ထိခိုက်မှု ရှိသည်ဟု ကန့်ကွက်ခဲ့ကြသည်။

အချို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက KIO ကို ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေး အမြင်အရ အပြစ်တင်ခဲ့ကြသည်ဟု ဆိုသည်။

"တချို့ အစိုးရ ပုဂ္ဂိုလ်တွေက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး KIO ကို စွပ်စွဲလိုကြပါတယ်။ ဒါပေမယ့် ဒါက အဓိပ္ပါယ် မရှိပါဘူး။ KIO နဲ့ ပတ်သက်ခြင်း မရှိပါဘူး" ဟု လိုင်ဇာမှ လာသော သတင်း တစ်ရပ်က ဆိုသည်။ ယခု ဖြစ်ရပ်၏ နောက်ကွယ်တွင် KIO နှင့် တရုတ် အာဏာပိုင်များ ကြားတွင် ဆက်ဆံရေး ထိခိုက်အောင် ပြုလုပ်လိုသူများက လုပ်ဆောင်ဖွယ် ရှိကြောင်း အဆိုပါ သတင်းက ပြောသည်။

ယခု ဗုံးပေါက်ကွဲမှုများမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကြားတွင် နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သက်၍ အခြေအနေများ တင်းမာနေချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

စစ်ဖက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် အပါအဝင် စစ်ဖက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဧပြီလ ၂၂ ရက်နေ့တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လိုက်နာရန် ပျက်ကွက်ပါက တရားဥပဒေအရ အရေးယူမှုများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ပြောဆိုချက်ကို အဓိပ္ပါယ် ဖွင့်ဆိုပါက ဧပြီလ ၂၈ ရက်ခန့်တွင် တရားမဝင် အဖွဲ့အစည်း အဖြစ် ကြေညာခြင်း ခံရနိုင်သည်ဟု ဆိုသည်။

တရုတ် - မြန်မာ နယ်စပ်မှ သတင်းတစ်ရပ်က ပြောကြားရာတွင် ပြီးခဲ့သည့် မတ်လကုန်နှင့် ဧပြီလဆန်းက မြန်မာ စစ်တပ် အာဏာပိုင်များသည် KIO၊ UWSA နှင့် NDAA တပ်များနှင့် တွေ့ဆုံရာတွင် လေသံ တင်းမာခဲ့သည်ဟု ဆိုသည်။

ယခု မြစ်ကြီးနား၌ တွေ့ဆုံရာတွင် ကချင် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ် ကိစ္စကိုလည်း ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။

"အခုအထိတော့ KIO ဟာ ရပ်တည်ချက် မပြောင်းပါဘူး။ ပင်လုံ သဘောတူညီချက် အရ ပြည်ထောင်စု ကာကွယ်ရေး အင်အားစု ခံယူချက်ကိုပဲ ထောက်ခံပါတယ်" ဟု KIO သတင်း တစ်ရပ်က ပြောသည်။ အဆိုပါ ပြောဆိုမှုသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ကချင်နှင့် အခြား တိုင်းရင်းသား အဖွဲ့များသည် မိမိတို့ ဒေသနှင့် နယ်စပ် ဒေသများတွင် အပြည့်အဝ အုပ်ချုပ်ခွင့် ရရှိမည် ဟူသော အချက်ကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။

တချိန်တည်းတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က ရန်ကုန်တွင် သင်္ကြန်ပွဲ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ရှစ်ဦး သေဆုံးပြီး၊ ၁၇၀ ဦး ဒဏ်ရာ ရရှိကြောင်း နိုင်ငံပိုင် သတင်းစာများက ဖော်ပြသည်။ ထိုနေ့တွင်ပင် တရုတ် - မြန်မာ အဓိက နယ်စပ်ဂိတ် မူဆယ်ရှိ ၁၀၅ မိုင် ဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

မူဆယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း မူဆယ်နှင့် လိုင်ဇာရှိ တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ ပုံမှန် ဖြစ်ကြောင်း ဧရာဝတီမှ လုပ်ငန်းရှင် တစ်ဦးအား ဆက်သွယ် မေးမြန်းချက် အရ သိရှိရသည်။

ထိုင်းမြန်မာ နယ်စပ်တွင် အခြေစိုက်သော အပစ်အခတ် ရပ်စဲထားသော မွန်ပြည်သစ် ပါတီသည် ကြာသပတေးနေ့တွင် မော်လမြိုင်၌ မြန်မာ စစ်တပ် အာဏာပိုင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး၊ DKBA သည် နယ်ခြားစောင့်တပ် ကိစ္စနှင့် ပတ်သက်၍ စနေနေ့တွင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment