Transparency Myanmar

transparency.myanmar@gmail.com

အကယ်၍ မြန်မာနှင့် ပြုလုပ်သော နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းမှုဖြင့် အကျပ်အတည်းများ ပြေလည်မှု မရှိပါက နိုင်ငံတကာ ဖိုရမ်တွင် ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကိစ္စကို ကို ထုတ်ဖော် ပြောဆိုမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစားအသောက်နှင့် သဘာဝ ဘေးအန္တရာယ်များ စီမံ ခန့်ခွဲရေး ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး Md Abdur Razzaque က ဇွန်လ ၁ ရက်နေ့တွင် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်သည် အရင်းအမြစ်များ အကန့်အသတ် ရှိနေသည့်တိုင် မှတ်ပုံတင်ထားသော ရိုဟင်ဂျာ ဒုက္ခသည်များကိုရော မှတ်ပုံမတင်ထားသည့် ရိုဟင်ဂျာ ဒုက္ခသည်များကိုပါ အထောက်အပံ့များ ပေးခဲ့ကြောင်း 'ရိုဟင်ဂျာ အကျပ်အတည်းနှင့် ဘင်္ဂလားဒေ့ရှ်အတွက် ထွက်ပေါက်'
ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲ၌ ဝန်ကြီး မစ္စတာ Md Abdur Razzaque က ပြောကြားသည်။

နိုင်ငံခြား အန်ဂျီအိုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများက ဘင်္ဂလားဒေ့ရှ် အစိုးရသည် ရိုဟင်ဂျာ ဒုက္ခသည်များကို ညှဉ်းပန်း နှိပ်စက်မှု ပြုလုပ်ပြီး ကောင်းမွန်စွာ ဆက်ဆံခြင်း မရှိဟု စွပ်စွဲ ပြောဆိုနေမှုများကိုလည်း မစ္စတာ Abdur က ပြစ်တင် ဝေဖန်သည်။

"ကျွန်တော်တို့ အဲဒီ အန်ဂျီအိုတွေရဲ့ အထောက်အပံ့ကို လိုချင်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပုံရိပ်ကို နိုင်ငံတကာမှာ သွားပုတ်လေလွင့် ပြောဆိုနေတာမျိုးတွေကိုတော့ မလိုချင်ပါဘူး။ ဒီနိုင်ငံထဲမှာ တကယ်မဖြစ်တဲ့ ကိစ္စတွေကို တကယ် ဖြစ်နေတဲ့ သဘောနဲ့ ပြောဆိုနေတာတွေကို လုံးဝ မလိုချင်ပါဘူး" ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်သည် အကျပ်အတည်းများ၊ ပြဿနာများ၏ သားကောင်သဖွယ် ဖြစ်နေပေရာ အနာဂတ် ကာလတွင် ရိုဟင်ဂျာ အရေးကိစ္စနှင့် ပတ်သက်ပြီး အစီရင်ခံစာများ၊ သုံးသပ်ချက်များ ပြုလုပ်ပါက လွဲမှားမှုများ မဖြစ်ပေါ်ရန် သတိထားသင့်သည်ဟု မစ္စတာ Abdur က နိုင်ငံခြား အန်ဂျီအိုများကို သတိပေး ပြောဆိုထားသည်။

ဒါကာ အခြေစိုက် Education, Research and Advocacy Center (CEREA) က ဦးဆောင်ပြီး National Press Club တွင် အဆိုပါ ရိုဟင်ဂျာ ကိစ္စကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ယင်းသို့ ရိုဟင်ဂျာ ကိစ္စ ဆွေးနွေးပွဲများကို ပြီးခဲ့သည့် တစ်နှစ်ခွဲခန့် လောက်ကတည်းက စတင်ကာ ပုံမှန် ပြုလုပ်ခဲ့ကြသည်

ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ရိုဟင်ဂျာ ပြဿနာကို မြန်မာ အစိုးရနှင့် အပြန်အလှန် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသည် ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားသော အရေးကိစ္စ ဖြစ်ကြောင်း မစ္စတာ Abdur က ဆိုသည်။

"ဒီမိုကရေစီ နည်းလမ်းတကျ အာဏာ ရလာတဲ့ မြန်မာ အစိုးရ လက်ထက်မှာ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။

မှတ်ပုံတင် စာရင်း မဝင်သေးသူ ရိုဟင်ဂျာများကို စာရင်းသွင်းရန် နိုင်ငံတကာ အန်ဂျီအိုကြီးများက ဖိအားပေးလျက် ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ တရားဝင် မှတ်ပုံတင်စာရင်း ပေးသွင်းတဲ့ ကိစ္စကို လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည်တွေ အစုလိုက် အပြုံလိုက် ဝင်ရောက်လာနိုင်အောင် လုပ်သလို ဖြစ်နေလိမ့်မယ်" ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် UNHCR နှင့် အစိုးရတွင် မှတ်ပုံတင်ထားသော ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ရှိသည်။ ယင်းတို့သည် ကောက်ပဇားမြို့ရှိ Teknaf နှင့် Ukhia  ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိပြီး နေထိုင်စရာ၊ အစားအစာနှင့် ဆေးဝါး အစရှိသည်တို့ ရရှိနေသည်။ ယင်းစခန်းများ အပြင်ဘက်တွင် ဒုက္ခသည် သုံးသိန်းခန့် စုဝေး နေထိုင်လျက် ရှိသည်။ သို့သော် ၎င်းတို့မှာ မည်သည့် အကျိုး ခံစားခွင့်မှ မရရှိသေးပေ။

Express သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment