Transparency Myanmar

transparency.myanmar@gmail.com

ပါကစ္စတန်နှင့် တရုတ်အကြား စွမ်းအင် ပိုက်လိုင်း သွယ်တန်းမှုသည် ဖြစ်နိုင်ချေ ရှိကြောင်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး Masood Khan က သုံးသပ် ပြောကြားသည်။ ဇွန်လ ၁၃ ရက်နေ့ထုတ် China Daily သတင်းစာတွင် တရုတ်အစိုးရက မြန်မာနှင့် ပါကစ္စတန် နိုင်ငံတို့ကိုဖြတ်သန်းပြီး လောင်စာစွမ်းအင် ပိုက်လိုင်း သွယ်တန်းရေးအတွက် စဉ်းစားလျက် ရှိကြောင်း ဖော်ပြ ပါရှိလာမှုနှင့် ပတ်သက်၍ သံအမတ်ကြီးကို မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ပြည်တွင်းသို့ လောင်စာစွမ်းအင် တင်သွင်းမှု လမ်းကြောင်းပုံစံ ပြောင်းရေးအတွက် အလေးအနက် စဉ်းစားလျက် ရှိသည်။ ပါကစ္စတန် သံအမတ်ကြီး အဆိုအရ ပါကစ္စတန် အစိုးရသည် ယခုအခါ အဆိုပါ ပိုက်လိုင်း သွယ်တန်းရေးအတွက် လုပ်ကိုင် ဆောင်ရွက်လျက်  ရှိသည်။

"တစ်နေ့ ရောက်ရင် ကျွန်တော်တို့ရဲ့ အိပ်မက်တွေ တကယ် ဖြစ်လာမှာပါ" ဟု သံအမတ်ကြီး Masood Khan က ပြောဆိုသည်။ "ပါကစ္စတန် နိုင်ငံတွင်း လုံခြုံရေး ကိစ္စကို စိုးရိမ် ပူပန်စရာ မလိုပါဘူး။ ပိုက်လိုင်း သွယ်တန်းပြီးရင် နှစ်နိုင်ငံ ရေရှည် စီးပွားရေး အကျိုးစီးပွားကို မြှင့်တင်နိုင်မှာပါ" ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

ပါကစ္စတန်-တရုတ် ပိုက်လိုင်း သွယ်တန်းရေးနှင့် ပတ်သက်ပြီး China Daily သတင်းစာတွင် ဆောင်းပါးရှင် Hongyi Lai က လောင်စာ တောင်းတမှု ဟူသော ခေါင်းစဉ်ဖြင့် ရေးသားသော ထင်မြင်ချက် ဆောင်းပါးတွင် "ရေရှည် လောင်စာ ထောက်ပံ့မှုသည် ပဓာနကျသည်။ လာမည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် လောင်စာကိစ္စကြောင့် အပြောင်းအလဲ ဖြစ်မည်" ဟု ရေးသားထားသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို အဓိက အဆုံးအဖြတ် ပေးသည့် အရာမှာ လောင်စာစွမ်းအင် လိုချင် တပ်မက်မှု ဖြစ်ခဲ့သည်မှာ အချိန်ကာလ ကြာပြီ ဖြစ်သည်။ တရုတ်အစိုးရက ထုတ်ပြန်သော စာရင်းဇယားများအရ တရုတ်ပြည်သို့ လောင်စာ တင်သွင်းမှု အခန်းကဏ္ဍမှာ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရသည်ဟု Hongyi Lai က ရေးသည်။ တရုတ်သည် အနာဂတ် ကာလတွင် ပထဝီ နိုင်ငံရေး စိန်ခေါ်မှုဖြင့် ကြောက်ခမန်းလိလိ ရင်ဆိုင်ရတော့မည် ဖြစ်သည်ဟု ဆိုသည်။

"အနာဂတ်ကာလ လောင်စာ တင်သွင်းမှု လုံခြုံ စိတ်ချရအောင် မည်သို့ လုပ်ဆောင်မည်နည်း"

ယခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံ လောင်စာ တင်သွင်းမှုမှာ ယမန်နှစ်နှင့် နှိုင်းစာလျှင် ၃၁ ရာခိုင်နှုန်းခန့် ရုတ်တရက် ခုန်တက်သွားသည်။ တစ်နေ့လျှင် ရေနံစည် ၅ ဒဿမ ၁၅ သန်းအထိ တင်သွင်းနေခြင်း ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယလောင်စာ တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်သော ဂျပန်ကို ကျော်တက်သွားပြီ ဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်း တရုတ် ဘဏ္ဍာရေး ဝန်ကြီးဌာနထုတ် Caixin မဂ္ဂဇင်း အဆိုအရ ၂၀၀၉ ခုနှစ်မှ စ၍ ယနေ့ အချိန်အထိ တရုတ်နိုင်ငံသည် ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ လောင်စာ ရောင်းဝယ်မှု သဘောတူညီချက်များ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

တရုတ်နိုင်ငံအတွက် အဓိက စိန်ခေါ်မှုမှာ တိကျရေရာသော စွမ်းအင်ရင်းမြစ် ရရှိရေးသာမက ပြည်တွင်းသို့ လောင်စာ တင်သွင်းမှု ပုံစံသစ်များ ထွက်ပေါ်ရေးလည်း ဖြစ်ကြောင်း သိရသည်။

APP သတင်းဌာန၏ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment