Transparency Myanmar

transparency.myanmar@gmail.com

Asian Correspondent, 16th Sept 2010

မြန်မာ အစိုးရသည် လာမည့် ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအား ဖျက်သိမ်းခဲ့သော်လည်း သူမအား ထောက်ခံ ပံ့ပို့သူများကို အာဏာပိုင်များက အဆက်မပြတ် ကြည့်ရှုလျက် ရှိကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဥာဏ်ဝင်းက ပြောကြားရာတွင် ၎င်းအပါအဝင် အခြားပါတီ အဖွဲ့ဝင်များ သွားလေရာ နေရာသို့ အရပ်ဝတ် ဝတ်ဆင်ထားသော အရာရှိများ အနည်းဆုံး သုံးဦးခန့် သွားလေရာ နေရာသို့ လိုက်လံ ကြည့်ရှုကြောင်း ဆိုသည်။

"NLD ကို အဓိက နိုင်ငံရေးပါတီ တစ်ခုလို့ သူတို့ မြင်နေတုန်းပဲလို့ ကျွန်တော်ယုံကြည်ပါတယ်'' ဟု ၎င်းက ပြောသည်။ "ကျွန်တော်တို့ ရွေးကောက်ပွဲ မဝင်တော့ပါဘူးလို့ ကြေညာထားပေမယ့် NLD ခေါင်းဆောင် အားလုံး အနီးကပ် စောင့်ကြည့်ခံနေရတုန်းပဲ'' ဟု သူက ပြောသည်။

ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီတစ်ခုမှလည်း အလားတူ မကျေနပ်မှုကို ဖော်ပြခဲ့ဖူးသည်။ ပြီးခဲ့သည့်လက ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်က ရဲများ၏ ခြောက်လှန့်မှုများအတွက် ရွေးကောက်ပွဲ ကော်မရှင်သို့ စာရေးသား တိုင်ကြားခဲ့သည်။

ရဲများသည် ရန်ကုန်ရှိ ပါတီ အဖွဲ့ဝင်များ၏ အိမ်များသို့ လာရောက်ပြီး ကိုယ်ရေးရာဇဝင်နှင့် ဓါတ်ပုံများကို တောင်းကြောင်း ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။ "ဒါဟာ ခြောက်လှန့်မှု တစ်ခုပါပဲ'' ဟု ၎င်းက ဆိုသည်။

NLD သည် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အစိုးရက အာဏာ မပေးခဲ့ပါ။ NLD  သည် ယခု နိုဝင်ဘာ ရွေးကောက်ပွဲအတွက် အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် နေအိမ် အကျယ်ချုပ်ခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား မပါဝင်နိုင်အောင် တားဆီးထားသည်ဟု ဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

ပါတီ ခေါင်းဆောင်များသည် NLD  ပါတီ၏ အနာဂတ်ကို ဆွေးနွေးရန်အတွက် ဗုဒ္ဓဟူးနေ့တွင် စုဝေးခဲ့ကြပြီး အစိုးရက အင်္ဂါနေ့တွင် တရားဝင် ကြေညာခဲ့သည့် ပါတီဖျက်သိမ်းမှုကို တရားစွဲဆို ကန့်ကွက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ကို ဆက်လက် ဆွေးနွေးခဲ့ကြသည်ဟု ဝါရင့် ပါတီဝင်များက ပြောကြားသည်။

ရွေးကောက်ပွဲ ကော်မရှင်က "ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၇ ခု ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၃၀ အထိ မဲဆွယ် စည်းရုံးမှုများ ပြုလုပ်နိုင်ကြောင်း၊ သို့သော်လည်း တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ပြောဆိုမှုများကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း'' ကြေညာခဲ့သည်။

ဦးဥာဏ်ဝင်းက အာဏာပိုင်များသည် NLD ကို အဓိက နိုင်ငံရေး ပါတီကြီး အဖြစ် ဆက်လက် ယူဆနေကြသေးကြောင်းကို ပါတီခေါင်းဆောင်များအား အဆက်မပြတ် စောင့်ကြည့်နေခြင်းကို ကိုးကား၍ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပါတီဆိုင်းဘုတ်နှင့် ခွပ်ဒေါင်းအလံကို ဖြုတ်မချရန် ညွှန်ကြားခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။ သူမက ဒီမိုကရေစီ အတွက် ရုန်းကန် လှုပ်ရှားမှု၊ ပြည်သူတို့အပေါ် ထောက်ခံ အားပေးမှုကို လုံးဝ နောက်ပြန်လှည့်မည် မဟုတ်ဟု ပါတီ ပြောရေးဆိုခွင့် ရှိသူမှ တဆင့် ပါတီဝင်များကို မှာကြားသည်ဟုလည်း သိရှိရသည်။

မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်ခဲ့သည်မှာ နှစ် ၅၀ ခန့် ရှိပြီ ဖြစ်သည်။ စစ်အစိုးရ နောက်ခံပါတီ အနိုင်ရရန် အကွက်ချ စီစဉ်ထားသလို၊ လွှတ်တော်အတွင်း စစ်တပ် ကိုယ်စားလှယ်များ အတွက် နေရာ ကြိုတင်ဖယ်ထားပြီး ဖြစ်သော်လည်း ယခု ရွေးကောက်ပွဲသည် အရပ်ဖက် အုပ်ချုပ်ရေးသို့ အသွင် ကူးပြောင်းရာတွင် အရေးကြီးသည့် အဆင့်ဖြစ်သည်ဟု လက်ရှိ အစိုးရက အသံလွှင့်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment