Transparency Myanmar

transparency.myanmar@gmail.com

The Daily Star, 25th October 2010

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားခရိုင် ဆိုနာဒီယာ ရေနက် ဆိပ်ကမ်း တည်ဆောက်ခြင်း၊ မြန်မာ နိုင်ငံကို ဖြတ်သန်း၍ စစ်တကောင်း ဆိပ်ကမ်း မြို့တော်နှင့် ယူနန်ပြည်နယ် ကူမင်းကို ဆက်သွယ်မည့် အဝေးပြေး လမ်းမ ဖောက်လုပ်ခြင်းတို့အတွက် ဘင်္ဂလားဒေ့ရှ်အား ဘက်ပေါင်းစုံ ထောက်ပံ့ ဖြည့်ဆည်းပေးရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ထုတ်ဖော် ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ် သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က အောက်တိုဘာ ၁၉ မှ ၂၂ ရက်အထိ ၄ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ် အပြီး ၎င်း၏ ရုံးခန်း၌ မနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ၏ အာမခံချက်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ဆိုနာဒီယာ ရေနက်ဆိပ်ကမ်းနဲ့ စစ်တကောင်း ကူမင်း အဝေးပြေးလမ်း တည်ဆောက်ဖို့ တရုတ် နိုင်ငံကို အကူအညီ တောင်းခဲ့ပါတယ်။ ဘေဂျင်းက ကျွန်တော်တို့ကို ဒီကိစ္စနှင့် ပတ်သက်လို့ ကူညီဖို့ အာမခံခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ အရာရှိများအား လေ့ကျင့်သင်တန်း ပေးရာတွင်လည်း အကူအညီ ပေးမည်ဟု တရုတ်တို့က အာမခံခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တရုတ်နိုင်ငံ ခရီးစဉ်၏ ရလဒ်များနှင့် ပတ်သက်၍ ဟတ်ဆန်မာမွတ်က ပြောကြားရာတွင် မက္ကဆီကို ကင်ဘန်တွင် ကျင်းပမည့် လာမည့် ရာသီဥတု ဆိုင်ရာ ဆွေးနွေးပွဲ မှတပါး အနာဂတ်တွင် ဘင်္ဂလားဒေ့ရှ် နှင့်အတူ ပူးပေါင်း လုပ်ဆောင် သွားလိုသည့် ဆန္ဒကို တရုတ်ကို ထုတ်ဖော် ပြောဆိုခဲ့သည်ဟု ဆိုသည်။

ရာသီဥတု ကိစ္စ အပါအဝင် ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များမှာ ၎င်းနှင့် တရုတ် ခေါင်းဆောင်များ၏ ပြောဆို ဆွေးနွေးမှုများ အတွင်းမှ သိသိသာသာ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟု ဟတ်ဆန်မာမွတ်က ဆိုသည်။

ဒေါက်တာ ဟတ်ဆန်က UNFCCC ရာသီဥတု ဆိုင်ရာ ဆွေးနွေးပွဲများတွင် ရာသီဥတု ဆိုင်ရာ ညှိနှိုင်းရေး အကြီးအကဲများနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် NDRC  ဥက္ကဋ္ဌ ဇီရှင်ဟွာနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံက ရာသီဥတု ဆိုင်ရာ ကိစ္စတွေမှာ ကျွန်တော်တို့နှင့် အတူ လုပ်ဆောင်ချင်တာပါ။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ရပ်တန့်ပစ်ဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ သမိုင်းဝင် အမှားမျိုးကို ကျွန်တော်တို့ မလုပ်ချင်ပါဘူး" ဟု ၎င်းက ဆိုသည်။

ကိုပင်ဟေဂင် ရာသီဥတု ညီလာခံ၏ ဆုံးဖြတ်ချက်အတိုင်း ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ရန်ပုံငွေမှ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် တစ်နှစ်လျှင် ဒေါ်လာ ၁၀ သန်း လှူဒါန်းသွားရန် ဆန္ဒရှိကြောင်းကိုလည်း တရုတ်က ထုတ်ဖော် ပြောကြားခဲ့သည်ဟု ယင်းက ပြောသည်။

ရာသီဥတု ပြောင်းလဲမှု၏ ဆိုးဝါးသော အကျိုး သက်ရောက်မှုများကို ရင်ဆိုင်ရန် တရုတ်နိုင်ငံက နည်းပညာနှင့် ငွေကြေး အကူအညီများကို ဖြည့်ဆည်းပေးမည်ဟု ဒေါက်တာ ဟတ်ဆန်က ပြောကြားသည်။

ဒေါက်တာ ဟတ်ဆန်က ၎င်း၏ တရုတ် ခရီးစဉ် အတွင်း တရုတ်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဆိုင်ရာ ဒုတိယဝန်ကြီးတို့ကို အလည်အပတ် ဖိတ်ခေါ်ခဲ့သည် ဟုလည်း သိရှိရသည်။

အထက်ပါ ခရီးစဉ်တွင် အဖွဲ့ဝင် ၆ ဦးပါ ကိုယ်စားလှယ် အဖွဲ့ကို ဒေါက်တာ ဟတ်ဆန်က ဦးဆောင်ခဲ့သည်။ အခြား အဖွဲ့ဝင်များ အဖြစ် BRAC  University မှ ဒုတိယ အဓိပတိ ဒေါက်တာ အေနန်နီရှက်၊ ဘင်္ဂလားဒေ့ရှ် စည်းရုံး လှုံ့ဆော်ရေး ဝန်ကြီး အဝါမီလိဂ် အာမက်ဟူစိန်နှင့် တရုတ်နိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မန်ရှီဖေ့စ် အာမက်တို့ လိုက်ပါသွားကြသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment