Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 26th October 2010

မြန်မာ အစိုးရက အနည်းဆုံး ၎င်းတို့၏ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ပြီးသည် အထိ တပ်ခ်ပြည်နယ်နှင့် မျက်နှာချင်းဆိုင်ရှိ နယ်စပ် စစ်ဆေးရေးဂိတ်ကို ပိတ်ထားလိမ့်မည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန် ရှိသူများက မျှော်လင့်ထားကြသည်။

ပြီးခဲ့သော ဇူလိုင်လတွင် လူထု လုပ်ငန်း ဌာနက သောင်ရင်းမြစ် ထိုင်းနိုင်ငံဖက် ကမ်းပါးကို ကွန်ကရစ် တမံ တည်ဆောက်ရာ မြန်မာဖက်ကို အကြောင်း မကြားဘဲ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ကွန်ကရစ် ကမ်းပါး တည်ဆောက်ခြင်းကြောင့် ရေစီးကြောင်း ပြောင်းလဲကာ မြန်မာ ဖက်ကမ်းကို ရေတိုက်စားမှု ဖြစ်စေသည်ဟု နေပြည်တော်က အကြောင်းပြ ပြောသည်။

နယ်စပ် ဝင်ပေါက် ပိတ်လိုက်ပြီး နောက်ပိုင်း နယ်စပ် ကုန်သွယ်ရေး နှေးကွေး သွားခဲ့ပြီး  ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ အတွက် အဓိက ပြဿနာများ ဖြစ်ပေါ်စေခဲ့သည်။

ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျာဗား အပါအဝင် ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်များက နယ်စပ် ပြန်လည် ဖွင့်လှစ်ရေး အတွက် မြန်မာ အာဏာပိုင်များနှင့် ညှိနှိုင်း စေ့စပ်ရန် ကြိုးစားခဲ့ကြသည်။

ထိုင်းအာဏာပိုင်များက မြန်မာ အစိုးရ၏ နယ်စပ် ပိတ်ထားခြင်း ရည်ရွယ်ချက်ကို မေးမြန်း ခဲ့ကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်း ရပ်ကွက်က မနေ့က ပြောကြားသည်။

သတင်း ရပ်ကွက်က ပြောကြားရာ၌ တစ်နှစ်လျှင် ဘတ်ငွေ ၂၀ ဘီလျံကျော် တန်ဖိုး ရှိသည့် အဆိုပါ နယ်စပ် ကုန်သွယ်ရေးမှ  အာဏာပိုင်များက အပြည့်အဝ အကျိုးအမြတ် ရနေသည် ဖြစ်ရာ တပ်မတော်က ဒေသတွင်း အုပ်ချုပ်ရေး ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်လိုခြင်းကြောင့် နယ်စပ် ဝင်ပေါက် ပိတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။

ထို့အပြင် နယ်စပ် ကူးသန်း ရောင်းဝယ်ရေး၏ အကျိုးအမြတ် အများစုကို နယ်စပ်တလျှောက် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်များက ရရှိနေခြင်းကို မြန်မာ အစိုးရက ဒေါသ ထွက်နေသည်ဟုလည်း သိရှိရသည်။ နယ်စပ် ပြန်မဖွင့်မီ တိုင်းရင်းသား လက်နက်ကိုင်များ၏ ကုန်သွယ်ရေး အဆုံးသတ် သွားရန် မြန်မာ အာဏာပိုင်များက ဆန္ဒ ရှိနေကြသည် ဟုလည်း သတင်း ရပ်ကွက်က ပြောကြားသည်။

နယ်စပ် ပိတ်ထားခြင်း ဆိုးကျိုးများ လျော့ပါး သွားစေရန် အတွက် တရားမဝင် နယ်စပ်ဂိတ် ၁၈ ခု ထားရှိ ဆောင်ရွက်ရန် ထိုင်းနှင့် မြန်မာ တာဝန်ရှိသူများ သဘောတူခဲ့ကြသည်။ နယ်စပ် ဖြတ်ကူး ကုန်သွယ်မှုကို နေဝင်ပြီး ညပိုင်းတွင် ခွင့်ပြုမည် ဖြစ်၍ တစ်ညလျှင် လိုက်ထရပ် ငါးစီးစာ ကုန်စည်များ မြန်မာ နိုင်ငံ တွင်းသို့ တင်သွင်းခွင့် ပြုမည်ဟု ဆိုသည်။

အဆိုပါ ကိစ္စကို ပူးတွဲ နယ်စပ် ကော်မတီမှ တဆင့် ၂ ဖက် တာဝန်ရှိသူများ ညှိနှိုင်း နေကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ကာဆစ် ပီရိုမြက သောကြာနေ့ မဲဆောက် ခရီးစဉ်တွင် ပြောကြားသည်။

မြန်မာ နိုင်ငံ ပြည်တွင်း လုံခြုံရေး အခြေအနေ တိုးတက်မှု ရှိလာချိန်မှသာ နယ်စပ် ဂိတ်ပေါက်ကို ပြန်ဖွင့်မည့် လက္ခဏာ ရှိပြီး နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အပြီးတွင် ဖြစ်လာလိမ့်မည်ဟု ထိုင်းအာဏာပိုင်များက မျှော်လင့်ထားကြကြောင်း ကာဆစ် ပီရိုမြက မှတ်ချက်ပေးသည်။

ထိုင်းနိုင်ငံ၏ သောင်ရင်းမြစ် ကမ်းပါး တည်ဆောက်မှုကို မြန်မာ အစိုးရက ကန့်ကွက်ခဲ့သော်လည်း ၎င်းတို့ ကိုယ်တိုင်ကမူ အလားတူ ၁ ကီလိုမီတာ အရှည် ရှိသော မြစ်ကမ်းပါးကို တည်ဆောက်ခဲ့ကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်း ရပ်ကွက်က ဆိုသည်။

ထိုင်းနိုင်ငံဖက် မြစ်ကမ်းပါးကို ရေတိုက်စား စေမည့် မြန်မာတို့၏ စီမံကိန်းကို ကန့်ကွက်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စီစဉ်နေသည်။ မြန်မာဖက်မှ ကမ်းပါး လုပ်ငန်း စတင်ပြီး ရက်အနည်းငယ် အကြာတွင် ထိုင်းလူထု လုပ်ငန်း ဌာနကလည်း လုပ်ငန်း ပြန်လည် စတင်ခဲ့သည်။

အဆိုပါ စီမံကိန်း အပေါ် ဒုတိယ အကြိမ် ကန့်ကွက်ခြင်းကို မြန်မာ တာဝန်ရှိသူများက ထိုင်း အာဏာပိုင်များထံ ပြီးခဲ့သော တနင်္လာနေ့ ပေးပို့ခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment