Transparency Myanmar

transparency.myanmar@gmail.com

BBC News, 8th November 2010

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင် ဖြစ်လိုသော အိန္ဒိယနိုင်ငံ၏ ရည်မှန်းချက်ကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အားပေး ထောက်ခံလိုက်သည်။

၃ ရက်ကြာ ခရီးစဉ်၏ အပြီးသတ်၊ အိန္ဒိယ ပါလီမန်တွင် မိန့်ခွန်း ပြောကြားစဉ် သမ္မတ အိုဘားမားက အိန္ဒိယ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့သည်။

ကုလ သမဂ္ဂ၏ ထိပ်ပိုင်း စားပွဲတွင် နေရာ ရရန် နှစ်ပေါင်း များစွာ ကြိုးစား စည်းရုံးနေသော အိန္ဒိယနိုင်ငံကို ၎င်း၏ မှတ်ချက်များက နှစ်သိမ့် ကျေနပ် စေပါလိမ့်မည်။

အိန္ဒိယ အနေဖြင့် ကုလ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နေရာကို ချက်ချင်း ရလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း၊ မစ္စတာ အိုဘားမား ပြောကြားသည့် အတိအကျ မသိနိုင်သော ကုလသမဂ္ဂ ပြုပြင် ဖွဲ့စည်းမှုမှာ နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်း အကဲခတ် လေ့လာသူများက ပြောကြားသည်။

အမေရိကန် ခေါင်းဆောင်က ဝါရှင်တန်-ဒေလီ ဆက်ဆံရေးသည် ယခု ရာစုနှစ်၏ ထင်ရှားသော လုပ်ဖော် ကိုင်ဖက်များ စာရင်း ဝင်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

တရားဥပဒေ ရှေ့မှောက်သို့

"ကမ္ဘာ့ ခေါင်းဆောင် ၂ နိုင်ငံ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယ နိုင်ငံဟာ ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး အတွက် လုပ်ဖော် ကိုင်ဖက်တွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လာမယ့် ၂ နှစ်ပြီးရင် လုံခြုံရေး ကောင်စီမှာ အိန္ဒိယနိုင်ငံ တာဝန်ယူတဲ့ အချိန်မှာပေါ့" ဟု သမ္မတ အိုဘားမားက ပြောကြား လိုက်ချိန်တွင် လက်ခုပ် သြဘာသံများ ဆူညံသွားသည်။

"အမေရိကားက ကြိုဆိုနေတဲ့ အဆက်မပြတ် ရှင်သန် တည်တံ့မယ့် နိုင်ငံတကာ အာဏာ တစ်ရပ်မှာ အရည်အချင်း ရှိတဲ့၊ ထိရောက်မှု ရှိတဲ့၊ သိက္ခာရှိတဲ့၊ တရားဝင်တဲ့ ကုလသမဂ္ဂ အဖွဲ့ကြီး ဖြစ်လာဖို့ ကိစ္စ ပါဝင်ပါတယ်။ ကျွန်တော် ဒီနေ့ ဒီလို ပြောရတဲ့ အကြောင်းကတော့ လာမယ့်နှစ်တွေ အတွင်းမှာ အိန္ဒိယနိုင်ငံ အမြဲတမ်း အဖွဲ့ဝင် အဖြစ် ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ပြုပြင် ဖွဲ့စည်းဖို့ ကျွန်တော် လေ့လာ နေလို့ပါပဲ" ဟု ၎င်းက ပြောကြားသည်။

လက်ရှိ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံမှာ အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ဗြိတိန်နှင့် ရုရှားတို့ ဖြစ်သည်။

အိန္ဒိယအတွက် နောက်ထပ် အရေးကြီးသော အချက်တစ်ခုမှာ ၎င်း၏ ဒေသတွင်း ပြိုင်ဖက် ပါကစ္စတန်မှ စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ သမ္မတ အိုဘားမားက ပြောကြားခဲ့မှု ဖြစ်သည်။

"ပါကစ္စတန် ခေါင်းဆောင်တွေဆီ ကျွန်တော်တို့ အခိုင်အမာ ဆက်လက် တောင်းဆိုရမှာ ကတော့ သူတို့ရဲ့ နယ်စပ်စည်း အတွင်းမှာ အကြမ်းဖက် သမားတွေ ဘေးကင်းစွာ ခိုလှုံနေတာဟာ လက်ခံ နိုင်စရာ မရှိဘူး ဆိုတဲ့ အချက်ပါပဲ၊ မွန်ဘိုင်း တိုက်ခိုက်မှု နောက်ကွယ်က အကြမ်းဖက် သမားတွေကို တရားဥပဒေ ရှေ့မှောက်ကို ပို့ဆောင် ရမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် မွန်ဘိုင်း (ဘုံဘေ) တိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများကို အမှတ်တရ နေရာသို့ စနေ၊ တနင်္ဂနွေတွင် အိုဘားမား သွားရောက်ခဲ့သည် ဟုလည်း သိရှိရသည်။

အရေိကန် သမ္မတသည် အမေရိကန် ပို့ကုန်များ မြှင့်တင်ရန် ရည်ရွယ်သည့် အာရှ ၁၀ ရက် ခရီးစဉ်တွင် အင်ဒိုနီးရှား၊ တောင်ကိုးရီးယားနှင့် ဂျပန် နိုင်ငံများသို့ ဆက်လက် သွားရောက်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment