Transparency Myanmar

transparency.myanmar@gmail.com

AFP, 9th November 2010

ဆင်းရဲ မွဲတေမှုနှင့် အစာရေစာ ပြတ်လပ်မှု မြင့်တက်လာခြင်းကို တားဆီးရန် အတွက် ထိရောက်မှု မရှိသော စိုက်ပျိုးမှု နည်းလမ်းများကို ပြင်ဆင်ကာ ကမ္ဘာ့ဆန် ထုတ်လုပ်မှုကို မြှင့်တင်ရန် အရေးပေါ် လုပ်ဆောင်ဖို့ လိုအပ် နေသည်ဟု ကျွမ်းကျင်သူများက ကမ္ဘာ့ဆန် ကွန်ဂရက်တွင် အင်္ဂါနေ့က ပြောကြားခဲ့ကြသည်။

"ကျွန်တော်တို့ အခု ချက်ခြင်း လုပ်ဆောင် ရမှာပါ။ နောက်အပတ်၊ နောက်လ၊ နောက်နှစ် မဟုတ်ပါဘူး၊ ဒီနေ့ စရမှာပါ" ဟု ကုလ သမဂ္ဂ လယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့ အကြီးအကဲ Kanayo Nwanze က ဟနွိုင်း ကွန်ဂရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆန်သည် ကမ္ဘာ့ လူဦးရေ ထက်ဝက်ခန့် ဖြစ်သော လူဦးရေ ၃ ဘီလျံကျော် အတွက် အဓိက အစားအစာ ဖြစ်နေပြီး ဆန်စိုက်ပျိုး ထုတ်လုပ်သော ဒေသများမှာ တစ်ရက်လျှင် ၁.၂၅ ဒေါ်လာပင် မရသည့် အစွန်းရောက် ဆင်းရဲ နွမ်းပါးသော လူဦးရေ သန်း ၅၆၀ နီးပါး နေထိုင်ရာ ဒေသများ ဖြစ်သည်။

လက်ရှိ နည်းလမ်းများကို ပြန်လှန် ပြင်ဆင်ခြင်း မပြုလုပ်ပါက ရုတ်တရက် မြင့်တက်လာသော ဆန်ဝယ်အားက ထုတ်လုပ်မှုကို မကြာမီ အတွင်း ကျော်တက် သွားလိမ့်မည်ဟု နိုင်ငံတကာ ဆန်သုတေသန အဖွဲ့အစည်း IRRI မှ Robert Ieigler က ဖိုရမ်သို့ ပြောကြားသည်။

အထက်ပါ နည်းလမ်းများတွင် အထွက် တိုးမှု နှေးကွေးခြင်းနှင့် သဘာဝ သယံဇာတာ စီမံခန့်ခွဲမှု မမှန်ကန်၊ မပြည့်ဝခြင်းတို့ ပါဝင်သည်ဟု ၎င်းကဆိုသည်။

ဗီယက်နမ်သည် ထိုင်းနိုင်ငံ၏ နောက်တွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဆန်တင်ပို့သော နိုင်ငံ ဖြစ်သော်လည်း နိုင်ငံ၏ စားနပ်ရိက္ခာ ထုတ်လုပ်မှု ကဏ္ဍသည် လူဦးရေ လျှင်မြန်စွာ တိုးပွားလာခြင်း၊ သဘာဝ ဘေးအန္တရာယ် မကြာခဏ ပိုမို ကျရောက်မှုများ အပါအဝင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင် နေရဆဲ ဖြစ်သည်ဟု ဝန်ကြီးချုပ် ငုယင်တန်ဒေါင်းက ပြောကြားသည်။

"စားနပ်ရိက္ခာ လုံခြုံမှု သေချာစေဖို့ လုပ်ဆောင်ရေးဟာ စီးပွားရေး ကိစ္စအတွက်၊ လူသားချင်း စာနာတဲ့ ကိစ္စအတွက်သာ မကပါဘူး။ နိုင်ငံတွေနဲ့ ကမ္ဘာလုံး ဆိုင်ရာ လူမှု-နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု ရှိစေဖို့ အတွက်လည်း ထိထိ ရောက်ရောက် သက်ရောက်မှု ရှိပါတယ်" ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ အစာရေစာ မလုံလောက်သူ ၀.၅ % နေထိုင်နေသော အာရှဒေသတွင် စားနပ်ရိက္ခာ လုံခြုံမှု တိုးတက် လာစေရန် အတွက် အာရှ နိုင်ငံများ အနေဖြင့် ဆန်စိုက်ပျိုး ထုတ်လုပ်မှု သိသာစွာ တိုးမြင့်ရေးနှင့် ကောင်းစွာ စီမံ ခန့်ခွဲရေး တို့ကို လုပ်ဆောင်ရန် လိုအပ်သည်ဟု ဖော်ပြထားသော IRRI ၏ အစီရင်ခံစာ ထုတ်ပြန် အပြီးတွင် အထက်ပါ ၃ ရက်ကြာ ညီလာခံကို ကျင်းပခြင်း ဖြစ်သည်။

အာရှတိုက်တွင် ကမ္ဘာ့ ဆန်စပါး ၉၀ % စိုက်ပျိုး ထုတ်လုပ်နေပြီး ဆန်စပါး ကုမ္ပဏီ လုပ်ငန်းပေါင်း ၂၀၀ ကျော် ရှိသည်ဟု သိရှိရသည်။

သက္ကရာဇ် ၂၀၅၀ တွင် လူဦးရေ သန်း ၉ ထောင် ရှိလာမည့် လျှင်မြန်စွာ ကြီးထွားလာသော ကမ္ဘာ့ လူဦးရေကို စားနပ်ရိက္ခာ ဖူလုံစေရန် ယခု ညီလာခံက ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆန်ကွန်ဂရက် ကမကထ ပြု စီစဉ်သူ စိုက်ပျိုးရေး ဝန်ကြီး Cao Duc Phat ၏ အဆိုအရ သိရှိရသည်။

၎ နှစ် တစ်ကြိမ် ကျင်းပသည့် ဆန်ကွန်ဂရက်သည် ကမ္ဘာ့အကြီးဆုံး ဆန်လုပ်ငန်း နယ်ပယ် စည်းဝေးပွဲကြီး ဖြစ်ပြီး သုတေသန ပညာရှင်များ၊ ကုန်သည်များ၊ စိုက်ပျိုးရေး ဝန်ကြီးများ၊ အာရှတိုက်နှင့် ကမ္ဘာ တလွှားမှ အခြား ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀၀ ကျော် အတူတကွ စုဝေး ကြခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment