Transparency Myanmar

transparency.myanmar@gmail.com

BBC News, 22nd November 2010

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ ပြေလျော့စေရေး အတွက် လုပ်ငန်း စတင်လျက် ရှိပြီး၊ ဝါရှင်တန်၊ ဆိုးလ်၊ ပြုံယမ်းတို့နှင့် ဆွေးနွေးပွဲများ အတွဲလိုက် ကျင်းပနေသည်။

တောင်ကိုရီးယား ပိုင်ကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်ခဲ့သည့် အင်္ဂါနေ့က အကြမ်းဖက် ဖြစ်ရပ်မျိုး ထပ်မံ မပေါ်ပေါက်အောင် ရှောင်ရှားရေးသည် ဦးစားပေး ကိစ္စ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ယခု ဖြစ်ရပ်တွင် တောင်ကိုရီးယားက ပြန်လည် တုန့်ပြန် ပစ်ခတ်ခဲ့ပြီး၊ အမေရိကန် တပ်ဖွဲ့များနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို တနင်္ဂနွေနေ့တွင် စတင်မည်ဟု ကြေညာခဲ့သည်။

၎င်းစစ်ရေး လေ့ကျင့်မှုသည် ကျွန်းဆွယ် ဒေသကို စစ်ပွဲ ချောက်ကမ်းပါးသို့ တွန်းပို့ နေသည်ဟု ပြုံယမ်းက ပြောကြားသည်။ အမေရိကန်နှင့် အခြား အင်အားကြီး နိုင်ငံများက ပြုံယမ်း၏ တစ်ဦးတည်းသော မဟာမိတ် ဘီဂျင်းအား ၎င်း၏ သြဇာကို သုံး၍ အကြပ်အတည်းကို ပြေလည်အောင် ပြုလုပ်ရန် အကြိမ်ကြိမ် တိုက်တွန်းထားကြသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျားချီသည် မြောက်ကိုရီးယား သံအမတ်နှင့် သောကြာနေ့က တစ်ဦးချင်း တွေ့ဆုံခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့်လည်း တယ်လီဖုန်းဖြင့် ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာန ထုတ်ပြန်ချက် အရ သိရှိရသည်။

လတ်တလော ထိပ်တန်း ဦးစားပေး ကိစ္စမှာ အနေအထားကို ထိန်းချုပ် နိုင်ရေးနှင့် အဆိုပါ ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်ပွား စေရေးပင် ဖြစ်သည်ဟု သတင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးခြင်း စကားပြောဆိုမှု၏ အသေးစိတ် အချက် အနည်းငယ်ကို ထုတ်ပြန်ခဲ့သော်လည်း အမေရိကန် နိုင်ငံခြားရေး ဌာနက ယခုတိုင် မှတ်ချက် မပေးသေးပါ။

အင်္ဂါနေ့က တောင်ကိုရီးယားပိုင် ယွန်ပြောင်းကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်ခဲ့စဉ် အနည်းဆုံး တောင်ကိုရီးယား (၄) ဦး သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်ရပ်ကြောင့် တောင်ကိုရီးယားက ၎င်း၏ ကာကွယ်ရေး ဝန်ကြီးကို အစားထိုး ခန့်အပ်ကာ ကျွန်းပေါ်မှ အရပ်သား အများစုကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

သောကြာနေ့ မွန်းလွဲပိုင်းက နောက်တစ်ကြိမ် ဖြစ်ပွားသော ဖြစ်ရပ်တွင် ကျွန်းအနီးမှ အမြောက်သံများ ကြားရသဖြင့် လူအများ အပြေးအလွှား ပုန်းရှောင်ခဲ့ကြရသည်။ သို့သော်လည်း ၎င်းပစ်ခတ်သံများသည် မြောက်ကိုရီးယားတို့၏ ပုံမှန် စစ်ရေး လေ့ကျင့်ခန်းမှ ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု တောင်ကိုရီးယား စစ်ဖက်က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

အထက်ပါ ဖြစ်ရပ်ကြောင့် သတိပေး တပ်လှန့်ထားစဉ် အတောအတွင်း တောင်ကိုရီးယားရှိ အမေရိကန် တပ်မှူး ဗိုလ်ချုပ် ဝေါ်လ်တာရှပ်သည် ယွန်ပြောင်းကျွန်းသို့ သွားရောက်ခဲ့သည်။

အင်္ဂါနေ့က အမြောက်များဖြင့် ပစ်ခတ်မှုသည် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုပဲ ပြီးဆုံးခဲ့သော ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲ နောက်ပိုင်း မြောက်ကိုရီးယားတို့၏ ရန်စမှုများထံမှ တစ်ခုသာ ဖြစ်သည်။

ယွန်ပြောင်းကျွန်းနှင့် နီးနီးကပ်ကပ် စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ကာ အမြောက်ဖြင့် ပစ်အောင် လှုံ့ဆော် ရန်စခဲ့သည်ဟု ပြုံယမ်းက တောင်ကိုရီးယားကို ပြစ်တင် စွပ်စွဲလိုက်သည်။

နောက်ပိုင်းတွင် မြောက်ကိုရီးယား အစိုးရပိုင် KNCA သတင်းဌာနက ဆိုးလ်က စီစဉ်နေသော သီတင်းပတ်ကုန် စစ်ရေး လေ့ကျင့်မှုကို ကန့်ကွက် သတိပေး ပြောကြားခဲ့သည်။

မြောက်ကိုရီးယားကို ပစ်မှတ်ထားသည့် စစ်ရေး လေ့ကျင့်မှုများ ထပ်မံ ပြုလုပ်ရန် စစ်ပွဲ လိုလားသူများက မိုက်မိုက်မဲမဲ စီစဉ်နေမှုကြောင့် ကိုရီးယား ကျွန်းဆွယ်၏ အနေအထားမှာ စစ်ပွဲနှင့် တစ်လက်မချင်း နီးကပ်လာနေသည်ဟု KNCA ကြေညာချက်တွင် ဖော်ပြထားသည်။

မကြာမီ ပြုလုပ်မည့် အမေရိကန် - တောင်ကိုရီးယားတို့၏ (၄)ရက်ကြာ စစ်ရေး လေ့ကျင့်ခန်းများကို ယခုအပတ် တိုက်ခိုက်မှု မတိုင်မီကပင် ကောင်းစွာ စီစဉ်ထားပြီးဖြစ်ကာ မြောက်ကိုရီးယားနှင့် တရုတ် နှစ်နိုင်ငံ စလုံးကို ဒေါသထွက်စေခဲ့သည်။

တရုတ် ကမ်းရိုးတန်းမှ ကီလိုမီတာ ၃၂၀ အထိ ကျယ်ပြန့်သော ၎င်း၏ သီးသန့် စီးပွားရေးဇုံ အနီးတွင် မည်သည့် ကျူးကျော် ရန်စမှုမှ မလုပ်ရန် ဘီဂျင်းက သတိပေးထားသည်။

သို့သော်လည်း ပင်တာဂွန်က တရုတ်နိုင်ငံသည် ရေတပ် လေ့ကျင့်မှုများနှင့် ပတ်သက်၍ သတင်း ရရှိထားပြီး ဖြစ်သည်ဟု အခိုင်အမာ ပြောကြားလိုက်ပြီး တရုတ် နိုင်ငံကို ဦးတည် ပြုလုပ်ခြင်း မဟုတ်ဟုလည်း ခုခံပြောကြားခဲ့သည်။

ယခင်က ပြုလုပ်ခဲ့သည့် စစ်ရေး လေ့ကျင့်ခန်းများ နည်းတူ ယခုလေ့ကျင့်မှုများသည် ကာကွယ်ရေးအသွင် သဘာဝကို ဆောင်ပြီး၊ ရန်လိုသော မြောက်ကိုရီးယားအား တားဆီးမှု ခိုင်မာ တောင့်တင်းစေရန် ရည်ရွယ်သည်ဟု ပင်တာဂွန်က ပြောကြားသည်။

တချိန်တည်းတွင် တောင်ကိုရီးယားကလည်း ယွန်ပြောင်းကျွန်းပေါ်ရှိ တပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်လိုက်ပြီး အလားတူ ကျူးကျော်ရန်စသည့် ဖြစ်ရပ်မျိုးကို ပြင်းပြင်းထန်ထန် တုန့်ပြန်နိုင်ရန် အတွက် တွေ့ဆုံညှိနှိုင်းရေး စည်းကမ်းများကို ပြောင်းလဲမည်ဟု ပြောကြားလိုက်သည်။

တွေ့ဆုံညှိနှိုင်းရေး စည်းမျဉ်းဟောင်းများသည် စစ်ပွဲဖြစ်ပေါ်မှုကို တားဆီးရန် အတွက် အလွန်အမင်း အလေးထားလွန်းသည်ဟု တောင်ကိုရီးယား ကက်ဘိနက်က ဆုံးဖြတ်သည်။

မြောက်ကိုရီးယားက စစ်ဖက် (သို့) အရပ်ဖက် ပစ်မှတ်များကို တိုက်ခိုက်မှုပေါ် မူတည်၍ လာမည့် အနာဂတ်တွင် အဆင့်အမျိုးမျိုးဖြင့် တုန့်ပြန်ခြင်းကို တောင်ကိုရီးယားက အကောင်အထည် ဖော်တော့မည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီက ၎င်း၏သားငယ် ကင်ဂျုံအန်းအား သိသိသာသာ အာဏာလွှဲပြောင်းမှု ပြုလုပ်နေသည့် အတွက် ယခု သီတင်းပတ် တင်းမာမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment