Transparency Myanmar

transparency.myanmar@gmail.com

အာဖရိကဒေသတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကြီးထွားလာမှုကို အမေရိကန် ပြည်ထောင်စုက အနီးကပ်စောင့်ကြည့် လေ့လာလျက်ရှိကြောင်း WikiLeaks ကထုတ်ပြန်သော လျှို့ဝှက်သံတမန် ကြေးနန်းတစ်ရပ်အရသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းပေးပို့ခဲ့သော ကြေးနန်းတစ်စောင်အရ နိုက်ဂျီးရီးယားနိုင်ငံ၊ လာဂိုမြို့တော်အခြေစိုက် အမေရိကန်သံတမန် အရာရှိကြီးတစ်ဦးက တရုတ်နိုင်ငံကို "ရက်စက်ကြမ်းကြုတ်ပြီး ဖျက်လိုဖျက်စီးလုပ်လိုသော"နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ပြောဆိုခဲ့ကြောင်း သိရသည်။

သို့သော် တရုတ်ပြည်သည် စစ်မက်ရေးအရလုံခြုံရေး သို့မဟုတ် ထောက်လှမ်းရေးဆိုင်ရာ ခြိမ်းခြောက်မှုပေးနေသည့် နိုင်ငံတစ်ခုဟု မထင်မှတ်ကြောင်း အဆိုပါသံတမန်ကဆိုသည်။ လွတ်လပ်သော မီဒီယာသစ်တစ်ခုဖြစ်သည့် WikiLeaks သည် လက်ရှိအချိန်အထိ လျှို့ဝှက်အမေရိကန် ကြေးနန်း ၁၁၀၀ ခန့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ဘီဘီစီသတင်းထောက်က ယခုနောက်ဆုံးWikiLeaks ကထုတ်ပြန်လိုက်သော စာရွက်စာတမ်းများသည် အာဖရိကတိုက်တွင်း အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ အားပြိုင်မှုကို အတွင်းကျကျ သိနိုင်အောင် အထောက်အပံ့ပေးကြောင်း ပြောကြားသည်။ အဆိုပါ ကြေးနန်းကို The Guardian သတင်းစာတွင် ထုတ်ဖော်ခဲ့ပြီး ကြေးနန်းတွင် အာဖရိကရေးရာအမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Johnnie Carson ၏ပြောဆိုမှုများကို ကိုးကားဖော်ပြထားသည်။ မစ္စတာ Johnnie Carson က ဖေဖော်ဝါရီလအတွင်း လာဂိုမြို့တော်တွင်ပြုလုပ်သော ရေနံကုမ္ပဏီ ကိုယ်စားလှယ်များ အစည်းအဝေး တွင် တရုတ်နိုင်ငံနှင့် ပတ်သက်၍ ယင်းသို့ မှတ်ချက်ပေးခြင်းဖြစ်သည်။

မစ္စတာ Johnnie Carson က တရုတ်နိုင်ငံသည် "လွန်စွာကြမ်းကြုတ်သော၊ ဖျက်လိုဖျက်စီး လုပ်လိုသည့် စိတ်ဓာတ်ရှိသော စီးပွားရေးပြိုင်ဘက်တစ်ဦးဖြစ်ပြီး အကျင့်စာရိတ္တလည်း မရှိ" ဟု ဆိုသည်။ "တရုတ်ဟာ အာဖရိကအရေးကိစ္စအတွက် အာဖရိကမှာရှိနေတာမဟုတ်ဘူး။ တရုတ်ဟာ တရုတ်ကိုယ်ကျိုးအတွက်သာ အာဖရိကမှာရှိနေတာပါ" ဟု ဆိုသည်။

ထို့ပြင်သူက "အာဖရိကမှာ တရုတ်နိုင်ငံရှိနေတဲ့ ဒုတိယအချက်က ကုလသမဂ္ဂမှာ အာဖရိကနိုင်ငံတွေရဲ့ မဲလိုချင်လို့ပဲ" ဟု ၎င်းကဆိုသည်။ တရုတ်သည် အမေရိကန် ပြည်ထောင်စုအတွက် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများပေးနေသည့် နိုင်ငံတစ်ခုအဖြစ် မရှုမြင်ကြောင်း၊ "သူတို့အာဖရိကမှာ စစ်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ်တွေ ချုပ်ထားပြီပြီလား။ သူတို့က အာဖရိကသားတွေကို စစ်ရေးလေ့ကျင့်မှုတွေ လုပ်ပေးနေလား။ အာဖရိကမှာ ထောက်လှမ်းရေးမစ်ရှင်တွေ လုပ်နေပြီလား" ဟု သူကမေးခွန်းထုတ်သည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံတွင် ဒီမိုကရေစီထွန်းကားအောင် ဆက်လက် တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ အာဏာရှင်ဆန်သော တရုတ်အရင်းရှင်စနစ်သည် နိုင်ငံရေးအရ စိန်ခေါ်လျက်ရှိကြောင်း မစ္စတာ Johnnie Carson ကဆက်လက်ပြောဆိုသည်။ တရုတ်သည် ဇင်ဘာဘွေ နိုင်ငံသမ္မတ ရောဘတ်မူဂါဘီ နှင့်အပေးအယူများ ပြုလုပ်လျက်ရှိသလို ဆူဒန်သမ္မတ ဘာရှိယာ နှင့်လည်း အပေးအယူလုပ်နေကြောင်း အဆိုပါကြေးနန်းအရသိရသည်။

အမေရိကန်လျှို့ဝှက်သံတမန် ကြေးနန်းတွင် တရုတ်နိုင်ငံနှင့် ကင်ညာနိုင်ငံတို့၏ စစ်တပ်နှင့် ထောက်လှမ်းရေးဆိုင်ရာ အစီရင်ခံစာများလည်း ပါဝင်သည်။ တရုတ်နိုင်ငံသည် ကင်ညာတွင် တယ်လီဖုန်း ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းများ တပ်ဆင်ပေးလျက်ရှိပြီး ကန်ထရိုက် စာချုပ်များလည်း ချုပ်ဆိုထားသည်။ ဘီဘီစီသတင်းထောက် Jonathan Marcus က လျှို့ဝှက် ကြေးနန်းများကြောင့် အာဖရိကတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို Case Study ပြုလုပ်နိုင်ကြောင်း ပြောကြားသည်။ ကင်ညာနိုင်ငံတွင် တရုတ်သြဇာလွှမ်းမိုးမှုမှာ အဆက်မပြတ်တိုးပွားလျက်ရှိပြီး အခြေခံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများတွင်လည်း ပါဝင်လျက်ရှိသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment