Transparency Myanmar

transparency.myanmar@gmail.com

Times of India, 25th December 2010

အိန္ဒိယ နိုင်ငံတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင် ကျင်းပမည့် အိန္ဒိယ-မြန်မာ ပြည်ထဲရေး အတွင်းဝန် အဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံ တရားဝင် အကူအညီ ပေးရေး စာချုပ် (Mutual Legal Assistance Treaty MLAT) ကို လက်မှတ် ရေးထိုးလိမ့်မည် ဖြစ်သည်။

လေးရက်ကြာ အစည်းအဝေးတွင် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် အများစုကို ဆွေးနွေးမည် ဖြစ်ရာ နိုင်ငံတကာ နယ်စပ်တွင် လှုပ်ရှားနေသော သူပုန် အုပ်စုများအား တိုက်ခိုက်ရေး၊ ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရေး၊ လက်နက် မှောင်ခို ရောင်းဝယ်ခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အကြောင်းများ ပါဝင်မည် ဖြစ်သည်။

"MLAT ဟာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံရဲ့ တူညီတဲ့ ရည်မှန်းချက်တွေ အတွက် အရည်အသွေး ပိုတက်လာနိုင်ပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု အပါအဝင် ရာဇဝတ်မှုများ ဖိနှိပ်ရေး၊ ကာကွယ်ရေး၊ အရေးယူရေး၊ ရှာဖွေ ဖော်ထုတ်ရေးတို့မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကူအညီ ပေးနိုင်တဲ့ တရားဝင် ယန္တရား တစ်ခု ထားရှိနိုင်ရေး ဖြစ်ပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

MLAT စာချုပ်ကို အစည်းအဝေး ပြီးဆုံးမည့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လက်မှတ် ရေးထိုးမည် ဖြစ်သည်။ အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့ကို ပြည်ထောင်စု ပြည်ထဲရေး အတွင်းဝန် Gopal K Pillai က ဦးဆောင်မည် ဖြစ်ပြီး မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ပြည်ထဲရေးဌာန ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေက ဦးဆောင်မည် ဖြစ်သည်။

Pillai က အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားနေသော အိန္ဒိယ သူပုန်အုပ်စုများ ကိစ္စကို တင်ပြသွားမည် ဖြစ်ပြီး၊ အဆိုပါ သူပုန်များကို မြန်မာ အစိုးရက အရေးယူ ပေးရေးကိုလည်း ပြောကြားသွားမည် ဖြစ်သည်။

နိုင်ငံ စစ်သားများကြား အင်္ဂလိပ်စာနှင့် မြန်မာစာ သင်ကြားရေး အစီအစဉ် ရေးဆွဲရန် အဆိုပြုချက် ကိုလည်း အနည်းအကျဉ်း ဆွေးနွေးရန် ရှိသည်။ အဆိုပြုချက်တွင် အိန္ဒိယ စစ်သားများအား မြန်မာစာ သင်ကြားပေးရန်နှင့် မြန်မာ စစ်သားများအား အင်္ဂလိပ်စာ သင်ကြားပေးပြီး နှစ်ဦး နှစ်ဖက် ဘာသာ စကား အခက်အခဲ မဖြစ်စေရန် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DW-WORLD.DE, By DEUTSCHE WELLE, 24th December 2010

ပြီးခဲ့သည့် နိုဝင်ဘာလက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးခဲ့ခြင်းသည် အနှစ် နှစ်ဆယ် အတွင်း ပထမဆုံး ပြုလုပ်ပေးခဲ့သည့် ရွေးကောက်ပွဲ သတင်းကို လွှမ်းမိုးခဲ့သည်။ သူမ တဖန် ပြန်လည် လွတ်မြောက် လာခဲ့ခြင်းသည် မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုများ အတွက် မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာခြင်းကို ဖြစ်စေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြန်လည် လွတ်မြောက်လာပြီး ကတည်းက မီဒီယာများနှင့် တွေ့ဆုံခြင်း၊ NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်း စသည်ဖြင့် တက်ကြွစွာ လှုပ်ရှားလျက် ရှိပြီး ဒေသတွင်းကလည်း သူမအား စစ်တပ်နှင့် ဒီမိုကရေစီ အတိုက်အခံများကြား ရင်ကြား စေ့ရေး အတွက် တံတား ခင်းရာတွင် ပိုမို ကြီးကျယ်သော ကဏ္ဍမှ ပါဝင် လုပ်ဆောင်ရေးကို တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုကို လူအများစုက ကြိုဆိုခဲ့ကြသည်။ Forum for Democracy in Burma မှ စိုးအောင် အပါအဝင် အချို့ လှုပ်ရှားသူများက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းသည် ပြုပြင် ပြောင်းလဲရေးနှင့် တွေ့ဆုံ ဆွေးနွေးရေးတို့ အတွက် ခြေလှမ်း တစ်စိတ် တစ်ပိုင်းသာ ဖြစ်ကြောင်း ဆိုသည်။ "ဒီကိစ္စတွေ အတွက် တိုးတက်မှုလို့ ပြောမယ် ဆိုရင်တော့ ပြောနိုင် ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ကျန်နေ သေးတာကိုလည်း မမေ့သင့်ပါဘူး။ ဒီအကျဉ်းသားတွေ ကိစ္စမှာ ဘာတိုးတက်မှုမှ မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရုံနဲ့ မလုံလောက်ပါဘူး။ စစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုထားတာကို ချက်ချင်း အကြောင်း ပြန်ဖို့ လိုပါတယ်" ဟု စိုးအောင်က ပြောသည်။

နိုဝင်ဘာ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုင်းအဝိုင်းက တရားမဝင်မှုများ၊ မရိုးသားမှုများ ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ကြပြီး ယခုအခါ အရပ်သား အစိုးရဖွဲ့၍ သမ္မတ ရွေးချယ်ခြင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်သူများ ရွေးချယ်ခြင်းများ ပြုလုပ်တော့မည် ဖြစ်သည်။

"၂၀၁၁ ကတော့ ၂၀၁၀ ထက်စာရင် မသေချာ မရေရာမှုတွေ ပိုများလာမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတယ် ဆိုပေမယ့် ဘယ်လောက် ကြာကြာ လွှတ်ပေးထားမလဲ မသေချာပါဘူး။ သူမနဲ့ လူများ တွေ့ဆုံမှု မီဒီယာများမှာ သူမ လှုပ်ရှားမှုများ၊ တွေ့ဆုံမှုများ အပေါ် ကန့်သတ်မှုများ ပိုလုပ်လာပါတယ်။ သူမကို လွှတ်ပေး အပြီးမှာ နိုင်ငံခြားသားတွေမှာ အမည်မည်း စာရင်းသွင်းတာတွေ၊ ပြန်ပို့တာတွေ များလာပါတယ်" ဟု လူ့အခွင့်အရေး အုပ်စု တစ်ခု ဖြစ်သော Alternative ASEAN Network မှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် Debbie Stothardt က ပြောကြားခဲ့သည်။

တိုင်းရင်းသားများ မဟာမိတ်ဖွဲ့

မြန်မာ အစိုးရသည် ကြိုးတန်းပေါ် လမ်းလျှောက်ရသည့် အနေအထားတွင် ရှိကြောင်း၊ ရှမ်းသံတော်ဆင့် သတင်း အေဂျင်စီမှ ဒါရိုက်တာ တစ်ဦး ဖြစ်သူ ခွန်စိုင်းက ပြောကြားခဲ့သည်။ "အစိုးရက ဒီမိုကရေစီ နိုင်ငံ ဖြစ်ပြီလို့ ပြချင်နေတယ်လေ။ ဒီတော့ ဘာဖြစ်လာမလဲ ဆိုရင် အတိုက်အခံကလည်း အစိုးရ ဘယ်လောက် သည်းခံနိုင်မလဲ ဆိုတာ၊ ဘယ်လောက် စမ်းသပ်နိုင်မလဲ ဆိုတာရယ်၊ အစိုးရကလဲ ဘယ်လောက် သည်းခံ နိုင်စွမ်း ရှိမလဲ ဆိုတာပေါ်မှာ မူတည်နေပါတယ်" ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသား အုပ်စုများသည်လည်း အစိုးရက နယ်ခြားစောင့်တပ် ပြောင်းခိုင်းနေမှုကြောင့် ယခုနှစ်တွင် ဖိအားများ ရှိခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်က အစိုးရသည် အဆိုပါ တိုင်းရင်းသား အုပ်စုများနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိထားခဲ့သည်။ သို့သော် ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲ ကာလတွင် ကရင် ပြည်နယ်၌ တိုက်ခိုက်မှု အနည်းငယ် ရှိခဲ့ခြင်းကြောင့် ကရင်လူမျိုးများ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

တိုင်းရင်းသား လက်နက်ကိုင် အချို့သည် စစ်ရေး အရ မဟာမိတ် အဖွဲ့သစ် ဖွဲ့စည်းလျက် ရှိသည်။ သို့သော် မြန်မာ စစ်တပ်တွင်  အင်အား လေးသိန်းကျော် ရှိပြီး၊ တိုင်းရင်းသား လက်နက်ကိုင်များမှာ အင်အား ၆၅၀၀၀ ခန့်သာ ရှိသည်။

တဖန် မြန်မာနိုင်ငံတွင် စိတ်ပျက် အားငယ်နေသော ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်မှု အပြည့် ထားလျက် ရှိပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အတွက် ညှိနှိုင်း နိုင်လိမ့်မည်ဟု မျှော်လင့်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 24th December 2010

လာအို နိုင်ငံတွင် ဘူဆုန်း ဘူဖာဘန် ရုတ်တရက် နုတ်ထွက်သွားပြီးနောက် ဝန်ကြီးချုပ် အသစ် တစ်ယောက် ထပ်မံ တင်မြှောက်လိုက်သည်ဟု ကြေညာခဲ့သည်။

ဝန်ကြီးချုပ် ရာထူးကို ၄ နှစ်ကျော်ခန့် ရယူထားခဲ့သော အသက် ၅၆ နှစ် အရွယ်ရှိ ဘူဆုန်းကို ကွန်မြူနစ် ကြီးစိုးသော အမျိုးသား လွှတ်တော်က သောင်ဆင်း သာမာဗွန်ဖြင့် အစား ထိုးခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ဘူဆုန်းက မိသားစု ကိစ္စများကို အကြောင်းပြ ခဲ့သော်လည်း လေ့လာ ဆန်းစစ်သူများကမူ ၎င်းနုတ်ထွက်ရခြင်း၏ အကြောင်းရင်းသည် ပါတီတွင်း အုပ်စုကွဲများ ပြန်လည် ညှိနှိုင်းမှု၏ ရလဒ်ဖြစ်ရန် များသည်ဟု ပြောကြားသည်။

လာအိုသည် လာမည့်နှစ် အစောပိုင်း၌ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသော နိုင်ငံ ဖြစ်သည်။

အစိုးရ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက မစ္စတာ ဘူဆုန်းသည် လာအို ပြည်သူ့ တော်လှန်ရေး ပါတီ၏ ဗဟို ကော်မတီဝင် အဖြစ် ဆက်လက် ရှိနေမည်ဟု ပြောကြားခဲ့သည်။ ၎င်းပါတီသည် အာဏာကို လက်ဝါးကြီး အုပ်လု နီးပါး ချုပ်ကိုင်ထားသည့် ပါတီ ဖြစ်သည်။

စီးပွားရေး မဟာဗျူဟာ

ယခု ဝန်ကြီးချုပ်သစ်ကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၀၁ ဦးက တခဲနက် သဘောတူ အတည်ပြု ခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံ ကြီးမားသော်လည်း လူဦးရေ နည်းပါးပြီး ဗီယက်နမ်၊ တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်မြေချင်း ထိစပ်နေသော ကုန်းတွင်းပိတ် နိုင်ငံ တစ်ခု ဖြစ်သည့် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲများကို ဂရုတစိုက် စီစဉ် ဖန်တီးလျက် ရှိသည်။

"လက်ဖက်ညွန့်တွေကို ရွေးခူးသလိုမျိုး၊ ပါတီတွင်း အုပ်စုကွဲ အလိုင်းမင့် ပြောင်းသွားတာမျိုးပါ။ ပေါလစ် ဗျူရိုထဲမှာ အာဏာ ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားတာပေါ့" ဟု သြစတြေးလျ နိုင်ငံ မဲလ်ဘုန်း Deakin University မှ School of International and Political Studies ၏ နာယက ပါမောက္ခ Damien Kinqsbury က ပြောကြားသည်။

"ပွင့်လင်း မြင်သာမှု မရှိတာကတော့ အသေအချာပါပဲ။ ဒါပေမယ့် တစ်ခါတစ်ခါ ဖြစ်လာတတ်ပါတယ်" ဟု ၎င်းက BBC သို့ ပြောကြားသည်။

၎င်းက ဆက်လက်၍ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ၏ ရလဒ်အဖြစ် မူဝါဒပိုင်း အပြောင်းအလဲ ဖြစ်လာမည့် အလားအလာ မရှိပဲ တိုင်းပြည်တွင်း တရုတ် လွှမ်းမိုးမှု ကြီးထွားခြင်း ဆက်လက် ဖြစ်ပေါ်နေမည့် အလားအလာ ရှိသည်ဟု ပြောကြားခဲ့သည်။

အာရှတိုက်၏ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်သော လာအို နိုင်ငံသည် ပြည်ပ အလှူရှင်များ အပေါ် ကြီးမားစွာ မှီခိုနေရသည်။

ဗီယက်နမ်နှင့် နိုင်ငံရေးအရ ရင်းရင်းနှီးနှီး ကြာမြင့်စွာ ဆက်ဆံခဲ့သည့် လာအို နိုင်ငံ တဝှမ်းတွင် တရုတ်နိုင်ငံက ကြီးမားစွာ ရင်းနှီး မြှုပ်နှံလျက် ရှိပြီး၊ လမ်းများ ဖောက်လုပ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် စက်မှုဇုံများ တည်ဆောက်ခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။

ထို့အပြသ် တရုတ်မှ လာအိုသို့ မြန်နှုန်းမြင့် ရထား ပြေးဆွဲရန် စီစဉ်ထားသည် ဟုလည်း သိရှိရသည်။

၂၀၂၀ နောက်ဆုံး ထား၍ တိုင်းပြည်အား ဖွံ့ဖြိုးမှု နိမ့်ကျခြင်းမှ ကယ်တင်ရန် အတွက် ၂၀၁၅ အထိ နှစ်စဉ် စီးပွားရေး ကြီးထွားမှု အနည်းဆုံး ၈% ရရှိ အောင်မြင်နိုင်ရမည်ဟု ယခင် လာအို ဝန်ကြီးချုပ်က ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။

ကြီးမားသော ပြည်ပ ရင်းနှီး မြှုပ်နှံမှု စီမံကိန်းများက ယခု ဖွံ့ဖြိုးရေး မဟာ ဗျူဟာ၏ အခြေခံကို ဖွဲ့စည်းပေးခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

          NGO အဖွဲ့အစည်းများ ဘက်က လာအို နိုင်ငံအား ပြည်ပ လုပ်သားများ တင်သွင်းခြင်းကို ကန့်ကွက်ခဲ့ကြပြီး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု စီးပွား ဖွံ့ဖြိုးမှုအပေါ် ဆိုးကျိုးများ သက်ရောက် လာမည့် အလားအလာကို သတိပေးခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နယ်စပ် ဖြတ်ကျော် အကြမ်းဖက် လှုပ်ရှားမှုများ၊ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခို ကူးမှုများကို အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်း တိုက်ဖျက် သွားမည် ဖြစ်ကြောင်း အရာရှိကြီးများက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ ပူးပေါင်းပြီး နယ်စပ်ဒေသ လုံခြုံရေး မြှင့်တင်ရန် နှင့် နယ်စပ် ဖြတ်ကျော် အကြမ်းဖက်မှု ဆိုင်ရာ သတင်း အချက် အလက်များ မျှဝေရန် သဘော တူညီမှု ရရှိခဲ့ကြောင်း မီဇိုရမ် ပြည်နယ် အုပ်ချုပ်ရေး ဌာနက ဆိုသည်။

အိန္ဒိယ ဗဟိုအစိုးရနှင့် မြန်မာ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို မီဇိုရမ် ပြည်နယ်၊ Champhai မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အိန္ဒိယ အရာရှိကြီးများ အဆိုအရ အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ဝင်များ မြန်မာ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်ရန် မြန်မာ အာဏာပိုင်များက သဘော တူညီခဲ့သည်။ မြန်မာ စစ်တပ်မှ နယ်မြေခံ တပ်ရင်းမှူးထံမှ ခွင့်ပြုချက် ရရှိပြီးနောက် မြန်မာ အာဏာပိုင်များက ယင်းသို့ သဘော တူညီခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် အိန္ဒိယ ကိုယ်စားလှယ်များ အဖွဲ့အား ပူးတွဲ ပြည်ထဲရေး ဝန်ကြီး S Singh က ဦးဆောင်ပြီး မြန်မာ အရာရှိများ အဖွဲ့ကို ချင်းပြည်နယ် စစ်ဒေသမှူး ဦးနေအောင်က ဦးဆောင်သည်။ အိန္ဒိယ အရာရှိကြီးများ အဆိုအရ အချို့သော စစ်သွေးကြွများသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တွင် ခြေကုပ်ယူ စခန်းချကာ စစ်သင်တန်းများလည်း ပို့ချလျက် ရှိကြောင်း သိရသည်။

"ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယ စစ်သွေးကြွတွေနဲ့ ပြောက်ကျားတွေကို ဖြိုခွင်းပြီး နောက်ပိုင်း မြန်မာနိုင်ငံထဲက တောင်ပေါ် ဒေသတွေနဲ့ တောအုပ်တွေထဲမှာ ခြေကုပ် ယူလာကြတာ" ဟု နယ်စပ် လုံခြုံရေး တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောသည်။

မီဇိုရမ် ပြည်ထဲရေး ဌာနမှ အရာရှိ တစ်ဦးက မီဇိုရမ်သည် ခွဲထွက်ရေး သူပုန်များ ကင်းစင်သည့် ဒေသတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် အခြားဒေသမှ သူပုန်များက မီဇိုရမ်ကို လုံခြုံရေး အတွက် ခိုလှုံစရာ နေရာအဖြစ် အသုံးပြုကြကြောင်း ပြောဆိုသည်။

မီဇိုရမ် ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၄၀၄ ရှည်လျားသည့် နယ်စပ် ပိုင်ဆိုင်ထားပြီး ဘင်္ဂလားဒေ့ရှ်နှင့် ၃၁၈ ကီလိုမီတာ ထိစပ်လျက် ရှိသည်။

Calcutta News သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.