Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင် ရရှိသွားသော စစ်အစိုးရ ကျောထောက် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)သည် လာမည့် အစိုးရ အဖွဲ့သစ်တွင် ထိပ်ပိုင်း ခေါင်းဆောင် ခန့်အပ်ရေးအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က နေပြည်တော်၌ တံခါးပိတ် အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။

ရွေးကောက်ပွဲတွင် ပါလီမန် လွှတ်တော် နေရာ စုစုပေါင်း ၇၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သော USDP ပါတီ ကိုယ်စားလှယ်များသည် နေပြည်တော်၌ အစိုးရ အဖွဲ့သစ် ရာထူးများ ခန့်ရေးအတွက် သုံးရက်တာ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"ဒီဆွေးနွေးပွဲဟာ မကြာမီ ပေါ်ပေါက်လာမယ့် ပါလီမန် လွှတ်တော် အတွက် ပြင်ဆင်မှု တစ်ခု ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ အစိုးရသစ်ရဲ့ ထိပ်ပိုင်း ရာထူးတွေ အတွက် လူရွေးချယ်တာတွေ လုပ်ကြမယ်လို့ ထင်ပါတယ်" ဟု အမည် မဖော်လိုသူ အစိုးရ အရာရှိကြီး တစ်ဦးက ပြောကြားသည်။

မြန်မာ စစ်အစိုးရသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်အတွက် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်သည်။

စစ်အစိုးရ၏ ကိုယ်စားလှယ် ပါတီ ဖြစ်သော USDP က လွှတ်တော်ကြီး သုံးရပ်၌ အမတ် နေရာ စုစုပေါင်း ၈၄၂ နေရာ ရရှိခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက် တင်မြှောက်ခံရသူ ပါလီမန် အမတ်များ အနေဖြင့် သမ္မတနှင့် ဒုတိယ သမ္မတ ရာထူးနေရာ ရယူမည့် သူများ နာမည်ကို ရွေးကောက်ပွဲ ကျင်းပပြီး သုံးလအတွင်း ဆန္ဒပြု ရမည် ဖြစ်သည်။ ထိုနောက် သမ္မတ နှင့် ဒုတိယ သမ္မတ တို့က အစိုးရ အဖွဲ့သစ် ဝန်ကြီးများကို ရွေးချယ်ပြီး ပါလီမန် ခေါ်ယူရမည် ဖြစ်သည်။

ယင်းသို့ ရွေးချယ် ခန့်အပ်မည့် လုပ်ငန်းစဉ်သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော USDP ပါတီ၏ ဦးဆောင်မှု အောက်တွင် ရှိမည် ဖြစ်သည်။ USDP ပါတီသည် စစ်ဘက် အရာရှိ ဟောင်းကြီးများ၊ စစ်အစိုးရအဖွဲ့ ဝန်ကြီးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အကယ်၍ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် USDP ပါတီ ကိုယ်စားလှယ် လောင်းများ အများအပြား အနိုင် မရရှိခဲ့လျှင် သော်လည်း အသစ် ဖြစ်ပေါ်လာမည့် ပါလီမန် လွှတ်တော် သုံးရပ်သည် စစ်တပ်၏ ထိန်းချုပ်မှု အောက်မှ ကင်းလွတ်မည် မဟုတ်ပေ။ အကြောင်းမှာ စစ်အစိုးရ ဦးဆောင် ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ပါလီမန် လွှတ်တော်၏ အမတ် နေရာ ၂၅ ရာခိုင်နှုန်းကို စစ်ဘက်မှ တိုက်ရိုက် ခန့်အပ်မည် ဖြစ်၍ ဖြစ်သည်။ အဆိုပါ ၂၅ ရာခိုင်နှုန်းသည် ပါလီမန် လွှတ်တော်တွင်း မည်သို့သော သဘော မတူညီမှုမျိုး ကိုမဆို ဗီတိုအာဏာ သုံးနိုင်သည့် အခြေအနေတွင် ရှိသည်။

မြန်မာ ရွေးကောက်ပွဲသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင် ဝေဖန်မှု များစွာ ရရှိခဲ့သည်။ အကြောင်းမှာ ရွေးကောက်ပွဲ၌ နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရရှိခြင်း၊ လွတ်လပ်ပြီး မျှတမှု မရှိသော ရွေးကောက်ပွဲ ဖြစ်ခြင်း တို့ကြောင့် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၇ နှစ် ဆက်တိုက် နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

Monster and Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် အစိုးရ အနေဖြင့် ငွေကြေး ဖောင်းပွမှုကို ကောင်းစွာ ထိန်းချုပ် ထားနိုင်မည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သုံးသပ် ပြောကြားလိုက်သည်။

တရုတ် ဗဟိုဘဏ်က အတိုးနှုန်းထားများ မြှင့်တင်ပေးလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီး နောက်တစ်နေ့တွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်းက ယင်းသို့ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။ တရုတ် အနေဖြင့် ပြည်တွင်း အိမ်ယာမြေ ဈေးနှုန်းများ မြင့်တက်မှု ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကိုလည်း အရှိန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် လများအတွင်း လုပ်ဆောင်ခဲ့သော ငွေကြေးဆိုင်ရာ တင်းကြပ်မှုများ၊ ဈေးနှုန်း ထိန်းချုပ်ရေး အပါအဝင် ဘဏ္ဍာရေးနှင့် ပတ်သက်သော လုပ်ဆောင်ချက်များ၏ အကျိုး ရလဒ်များကို စတင် ရရှိတော့မည် ဖြစ်သည်ဟုလည်း မစ္စတာ ဝမ်ကျားပေါင်က ဆိုသည်။

တရုတ် ပြည်သူ့ဘဏ် (ဗဟိုဘဏ်) က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အတိုးနှုန်းများကို မြှင့်တင် ပေးလိုက်သည်။ ယင်းသို့ အတိုးနှုန်း မြှင့်တင်ပေးခြင်းသည် အချိန်ကာလ နှစ်လ အတွင်း ဒုတိယ အကြိမ် ဖြစ်ပြီး ၎င်းမှာ ဘေဂျင်း အစိုးရ၏ ငွေကြေး ဖောင်းပွမှု တိုက်ဖျက်ရေး အစီအစဉ် တစ်ရပ်လည်း ဖြစ်သည်။

လေ့လာ သုံးသပ်သူများ အဆိုအရ ယခု နောက်ဆုံး အတိုးနှုန်း မြှင့်တင် ပေးလိုက်မှုသည် တရုတ် ဘဏ်များ၏ အရန်ငွေကြေး လိုအပ်ချက် မြင့်တက်လာမှုကို ပြသရာ ရောက်သည်ဟု ဆိုသည်။ "ဗဟိုဘဏ်သည် အရန်ငွေကြေး လိုအပ်မှု အချိုးကို ခြောက်ကြိမ် ဆက်တိုက် ထုတ်ဖော်ခဲ့ပြီး အတိုးနှုန်းကိုလည်း နှစ်ကြိမ် ဆက်တိုက် မြှင့်တင်ပေးခဲ့သည်။ ယင်းသို့ လုပ်ဆောင်ခြင်းသည် ဈေးကွက်အတွင်း ငွေပေါ်လာစေရေးနှင့် စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ဖြစ်သည်" ဟု မစ္စတာ ဝမ်ကျားပေါင်က ပြောသည်။

"ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဈေးနှုန်းတွေကို အကျိုးအကြောင်း ဆီလျော်မှု ရှိတဲ့ အဆင့်တစ်ခုမှာ ကောင်းစွာ ထိန်းသိမ်း ထားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အစိုးရ အဖွဲ့အစည်း တစ်ခုရဲ့ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦး အနေနဲ့ ကျွန်တော့်မှာ တာဝန် ရှိပါတယ်။ ထို့အတူ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် အောင်မြင်မယ် လို့လည်း ယုံကြည်မှု ရှိပါတယ်" ဟု မစ္စတာ ဝမ်ကျားပေါင်က မှတ်ချက်ပေး ပြောဆိုသည်။

ဒီဇင်ဘာ လဆန်းပိုင်းတွင် တရုတ် အစိုးရက ချင့်ချင့်ချိန်ချိန် ရှိမည့် ငွေကြေး ပေါ်လစီ တစ်ရပ် ပြောင်းလဲ ကျင့်သုံးမည်ဟု ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ အတိုးနှုန်း မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း Xinhua သတင်း ဌာန အဆိုအရ သိရသည်။

ဗဟိုဘဏ် အနေဖြင့် ငွေကြေး ဖောင်းပွမှုနှင့် အိမ်ယာမြေ အပါအဝင် အက်ဆက်များ ဈေးနှုန်း အဆမတန် မြင့်တက်မှု ထိန်းချုပ်ရေး လုပ်ဆောင်ချက်များကို ထိထိ ရောက်ရောက် လုပ်ဆောင် သွားမည် ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ဧပြီလနှင့် စက်တင်ဘာလတို့တွင် ပိုင်ဆိုင်မှု ထိန်းချုပ်ရေးတို့ကို တိုးမြှင့် လုပ်ဆောင်လာသည်။ အကြောင်းမှာ အိမ်ယာမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်သွားမှုကို ထိန်းချုပ် လိုသောကြောင့် ဖြစ်သည်။

"အခုချိန် ထိတော့ လုပ်ဆောင်ချက်တွေ ကောင်းကောင်း မပြီးပြတ်သေးပါဘူး။ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို ပုံစံ နှစ်မျိုးနဲ့ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်" ဟု မစ္စတာ ဝမ်ကျားပေါင်က ဆိုသည်။

တရုတ် အစိုးရက ၂၀၁၁ ခုနှစ်မှ စတင်၍ ဈေးနှုန်း ချိုသာသည့် အိုးအိမ် တိုက်ခန်းပေါင်း ၁၀ သန်းအထိ ဆောက်လုပ်သွားရန် စီစဉ်လျက် ရှိသည်ဟု ဆိုသည်။ အိမ်ခြံမြေ ဈေးကွက်ထဲတွင် ဈေးနှုန်းများ အဆမတန် မြင့်တက်မှုကို ငွေကြေးဆိုင်ရာ ပေါ်လစီများ ကျင့်သုံးပြီး လျော့ကျသွားအောင် ပြုလုပ်မည်ဟု မစ္စတာ ဝမ်ကျားပေါင်က အသေးစိတ် ပြောဆိုသည်။

"စိန်ခေါ်မှုတွေ ရှိနေတယ် ဆိုတာ မှန်ပေမယ့် ကျွန်တော်တို့ရဲ့ ကြိုးပမ်းချက်တွေကြောင့် အိမ်ခြံမြေ ဈေးနှုန်းတွေ သင့်တော်တဲ့ အဆင့်တစ်ခုကို ပြန်လည် ရောက်ရှိသွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသွားသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.