Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၈.၃.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

လွှတ်တော်သစ်မှ ဖွင့်ဟ ပြလိုက်သည့် မြန်မာ့ အရေးကိစ္စများ

(The Diplomat မှ Mong Palatino ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပါလီမန် လွှတ်တော် စတင် ခေါ်ယူခဲ့သည်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့ ကတည်းက ဖြစ်သည်။ သို့သော် လွှတ်တော် အစည်းအဝေးများ ကျင်းပစဉ်အတွင်း ကိုယ်စားလှယ်များအား အစိုးရဝန်ကြီးများကို မေးခွန်းများ မေးမြန်းခွင့် ပြုခဲ့သည်မှာ ရက်သတ္တ နှစ်ပတ်မျှပင် ရှိသေးသည်။ လွှတ်တော် အစည်းအဝေးများနှင့် ပတ်သက်သော သတင်း အချက်အလက်များကို နိုင်ငံပိုင် သတင်းစာများ ထုတ်ဖော် ရေးသားမှုများမှ တစ်ဆင့် ကျွန်ုပ်တို့ သိရှိခွင့် ရကြသည်။

ဤ မြန်မာပါလီမန် လွှတ်တော်သစ်နှင့် ပတ်သက်၍ ယခုအချိန်အထိ ကျွန်ုပ်တို့ မည်သည့်အရာများ ထူးထူးခြားခြား တွေ့ရှိခဲ့သနည်းဟု မေးချင်သည်။ အားလုံး မျှော်လင့်ထားသည့် အတိုင်းပင် ယင်းလွှတ်တော်ကို စစ်အစိုးရကသာ အဓိက လွှမ်းမိုးထားရာ ဆွေးနွေးပွဲများ၌ ကိုယ်စားလှယ်များ အနေဖြင့် အငြင်းအခုန်လုပ်၍မရပေ။ ရွေးကောက်ပွဲတွင် အမတ်နေရာ အနည်းငယ်သာ ရရှိခဲ့ကြသော အတိုက်အခံ ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများ မေးမည် ဆိုပါက မေးမည့် မေးခွန်းကို ကြိုတင် တင်ပြကြရသည် ဖြစ်ရာ အစိုးရဝန်ကြီးများ အနေဖြင့် အတိုက်အခံတို့ ထုတ်ဖော် မေးမြန်းသော အရေးကိစ္စကြီးများ အတွက် ကြိုတင်ပြင်ဆင်ခွင့် ရရှိသွားသည်။ သို့သော် အဆိုပါ မေးမြန်းမှုများကြောင့်ပင် မြန်မာနိုင်ငံ၏ အခြေအနေကို အကဲဖြတ်နိုင်မည့် အဖိုးတန် သတင်း အချက်အလက်များနှင့် ကိန်းဂဏန်းများကို မမျှော်လင့်ဘဲ ရရှိနိုင်သည်ကို သတိပြုသင့်သည်။

လတ်တလော အနေအထားတွင် အသစ်တက်လာမည့် အစိုးရအဖွဲ့သစ် အများအမြင်တွင် ဂုဏ်သိက္ခာ ရှိစေရေးထက် စစ်အစိုးရ လက်အောက်တွင် မြန်မာနိုင်ငံသားများ မည်မျှ အတိုင်းအတာ အထိ ဆိုးဆိုးရွားရွား နေထိုင်ခဲ့ကြသည် ဟူသော အမြင်များ ပပျောက်ရေးအတွက် အဓိကထား လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။ ဥပမာပြရပါက မကြာသေးခင် ရက်ပိုင်းက ကျင်းပသော ပါလီမန် အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးက နာဂစ်ဆိုက်ကလုန်းနှင့် ဂီရိမုန်တိုင်း ကြောင့် ပျက်စီးသွားရသော လယ်ယာမြေများ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်း၏ ပြောဆိုမှုကို ကြည့်လျှင် ထိခိုက်ပျက်စီးမှုများပေါ် စစ်အစိုးရက မည်မျှ အတိုင်းအတာအထိ ဖုံးကွယ်ရန် ကြိုးစားနေသည် ဟူသော အချက်မှာ ပေါ်လွင်သွားသည်။

ကျွန်ုပ်တို့ လေ့လာ တွေ့ရှိချက်များအရ ဧရာဝတီတိုင်းရှိ လယ်ယာ စိုက်ပျိုးရေးအတွက် အသုံးပြုသည့် တမံများ၏ ၃၇ ရာခိုင်နှုန်း ပျက်စီးသွားခဲ့သလို ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတွင်လည်း ယနေ့အချိန်အထိ ပျက်စီးနေဆဲပင် ဖြစ်သည်။ အမ်းမြို့နယ်တွင် ၄၆ ရာခိုင်နှုန်း ပျက်စီးခဲ့ပြီး ရမ်းဗြဲမြို့နယ်တွင် ၄၂ ရာခိုင်နှုန်း ပျက်စီးသွားသည်။  ယခုလို နာဂစ် ဆိုက်ကလုန်းဒဏ် သင့်ခဲ့သော နေရာဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို နှေးကွေးစွာပင် လုပ်ကိုင်လျက် ရှိသည့်တိုင် မြန်မာအစိုးရက ၎င်းတို့၏ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းများ အောင်မြင်မှုရရှိခဲ့ကြောင်း၊ အချို့သော နိုင်ငံများဆိုလျှင် မြန်မာနိုင်ငံ၏ နာဂစ်အလွန် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက်များကို စံနမူနာ ထားလာကြကြောင်း ရဲရဲတင်းတင်းပင် ပြောဆိုခဲ့သည်။

ဤမျှ မကသေးပါ။ ကျန်းမာရေးဝန်ကြီးက မြန်မာနိုင်ငံသည် ဆင်းရဲ နွမ်းပါးသူများကို အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသလို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးကလည်း  ၁၉၇၂ ခုနှစ် နောက်ပိုင်းမှစ၍ လစာများ တိုးမြှင့်ပေးလာခဲ့သည်မှာ ကိုးကြိမ်တိတိ ရှိနေပြီ ဖြစ်သောကြောင့် အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ရေးကို ဦးစားပေး လုပ်ကိုင်ရန် လိုအပ်မည် မဟုတ်ကြောင်း ဆိုသည်။

ထို့ပြင် လတ်တလော ကျင်းပနေသော လွှတ်တော် အစည်းအဝေးများကြောင့် မြန်မာနိုင်ငံ၏ သတင်း အချက်အလက်များ ဆင်ဆာ ဖြတ်တောက်မှု အကြောင်းကိုလည်း သိခွင့်ရ ပြန်သည်။ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တင်ပြသည့် စာမူကြမ်းများ အနက်မှ အချို့ကို အဘယ်ကြောင့်ဌာနက ခွင့်မပြုခဲ့ရကြောင်း သိရှိလိုသည်ဟု မေးမြန်းရာ ပြန်ကြားရေး ဝန်ကြီးက မြန်မာနိုင်ငံတွင် ပုံနှိပ်ထုတ်ဝေလိုသော စာပေနှင့် သတင်းအချက်အလက် မှန်သမျှ လုပ်ထုံးလုပ်နည်းအရ စာပေစိစစ်ရေးဌာနသို့ တင်ပြရမည် ဖြစ်ကြောင်း ဖြေကြားသည်။

ဤအချက်ကို ကြည့်လျှင် မည်သည့်စာမူမဆို စာပေစိစစ်ရေးမှ အငယ်တန်း အရာရှိများထံသို့ ဦးစွာ တင်ပြရခြင်း၊ ထို့နောက် ဒုတိယ ညွှန်ကြားရေးမှူး၊ ထိုမှတစ်ဆင့် ဌာနအကြီးအကဲ၏ ခွင့်ပြုချက် ရယူရန် လိုအပ်သည် ဟူသောအချက်မှာ ရှင်းလင်းသွားသည်။ ထို့ပြင် တင်ပြလာသော စာမူပါ အကြောင်းအရာနှင့် ပတ်သက်၍ လိုအပ်ပါက အခြား သက်ဆိုင်ရာ ဝန်ကြီးဌာန များသို့လည်း တင်ပြရသည်ဟု သိရပြန်သည်။ စာပေစိစစ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ နောက်ဆုံး အဆုံးအဖြတ် ပေးသူမှာ ပြန်ကြားရေးဝန်ကြီး ဖြစ်သည်။ သို့ဆိုပါက မြန်မာနိုင်ငံတွင် နေ့စဉ်ထုတ် သတင်းစာ ငါးစောင်မျှသာ ရှိရသည့် အကြောင်းအရင်းကို ကောင်းစွာ နားလည် သဘောပေါက်နိုင်သည်။

သို့ဆိုပါက ယခု ထွက်ပေါ်လာသော လွှတ်တော်သည် စစ်အစိုးရ အကြိုက် လုပ်ဆောင်ပေးရသော အင်စတီကျူးရှင်းသစ် တစ်ခုဟုဆိုနိုင်သည်။ သို့သော် အဆိုပါ လွှတ်တော်မှ ထွက်ပေါ်လာသော သတင်းအချက်အလက် များကြောင့် စီးပွားရေး ပိတ်ဆို့ အရေးယူခံထားရသည့် မြန်မာနိုင်ငံတွင်း ဆိုးရွားသော အခြေအနေများကို ကျွန်ုပ်တို့ အနေဖြင့် သိရှိနိုင်မည် ဖြစ်သည်။

*******************************************************************************************************************

မြန်မာ အစိုးရသစ် ဧပြီ ၁ ရက်နေ့ လုပ်ငန်းစမည်

(25 March 2011 ရက်စွဲပါ Monsters and Critics မှ “Myanmar’s New Government to Start Work pn April” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့သစ်သည် ဧပြီလ ၁ ရက်နေ့တွင် စတင် တာဝန်ယူမည်ဟု တာဝန်ရှိသူများက သောကြာနေ့တွင် ပြောကြားလိုက်သည်။ ရန်ကုန်မြို့တော်မှ ၃၅၀ ကီလိုမီတာ ကွာဝေးသော နေပြည်တော်မြို့သစ်တွင် အခြေစိုက်သည့် အမည် မဖော်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက “သမ္မတသစ်အတွက် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို မတ်လ ၃၀ (သို့) ၃၁ ရက်မှာ ကျင်းပပါလိမ့်မယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ ၁၅ မိနစ်လွှတ်တော်က ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ကို သမ္မတသစ်အဖြစ် ဖေဖော်ဝါရီ ၄ ရက်တွင် ရွေးချယ်တင်မြှောက် ခဲ့ရာ ၁၉၉၂ ခုနှစ်မှ စ၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နေရာကို အစားထိုးမည် ဖြစ်သည်။

ဦးသိန်းစိန် (၆၅ နှစ်) သည် ပြီးခဲ့သော နိုဝင်ဘာ ရွေးကောက်ပွဲတွင် ၇၇ % အနိုင်ရရှိခဲ့သည်ဟု ဆိုသော စစ်အစိုးရနောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌနေရာကိုလည်း ရယူထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ ရွေးကောက်ပွဲ မဝင်နိုင်အောင် လက်တစ်လုံးခြား ဖယ်ထုတ်ခြင်း၊ စစ်အစိုးရ၏ ပြည်ခိုင်ဖြိုးပါတီ အနိုင် မရ ရအောင် မဲလိမ်ခြင်း စသော သိက္ခာမဲ့မှုများကြောင့် နိုဝင်ဘာလက ရွေးကောက်ပွဲများကို အနောက် ဒီမိုကရေစီ နိုင်ငံများက ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ကြသည်။

မကြာမီ လာမည့် မြန်မာ အစိုးရ အဖွဲ့သစ်တွင် စစ်သားလူထွက် ၂၆ ဦးနှင့် အရပ်သား ၄ ဦး ပါဝင်သည်ဟု သိရှိရသည်။

********************************************************************************************************************

တရုတ်ပြည်၏ မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းများတွင် လာဘ်စားမှုများ တွေ့ရှိ

(Financial Times မှသတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းနှင့် ရှန်ဟိုင်းမြို့သို့ ဆက်သွယ် ဖောက်လုပ်သည့် မြန်နှုန်းမြင့် မီးရထားလမ်း စီမံကိန်း ဘတ်ဂျက် ရန်ပုံငွေများထဲမှ ဒေါ်လာ သန်း ၃၀ နီးပါးခန့် အလွဲ သုံးစားလုပ်ခြင်း ခံရသည်ကို စုံစမ်းစစ်ဆေးရေး အဖွဲ့များက ရှာဖွေတွေ့ရှိကြောင်း Financial Times သတင်းစာက ရေးသားဖော်ပြသည်။ အဆိုပါကိစ္စသည် တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်မီးရထား ဆက်သွယ်ရေး အခန်းကဏ္ဍအတွက် လွန်စွာ ဆိုးရွားသော ဖြစ်ရပ်တစ်ခု ဟုလည်း ဖော်ပြသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စာရင်းစစ်ချုပ်ရုံးက ယမန်နှစ်က အကောင်အထည်ဖော် စတင် ဖောက်လုပ်ခဲ့သော ဘေဂျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့်(High Speed) မီးရထားလမ်း ဆက်သွယ်ရေး စီမံကိန်း၏ သုံးလတာ ကာလအတွင်း ပုံမှန်မဟုတ်သော ငွေကြေး သုံးစွဲမှုများနှင့် အလွဲသုံးစားမှုများ ရှိသည်ကို စစ်ဆေးတွေ့ရှိကြောင်း၊ အဆိုပါအမှုကို တရားစီရင်ရေး အာဏာပိုင် အဖွဲ့ထံသို့ တရားဝင် စစ်ဆေးမှုများ ပြုလုပ်ရန် လွှဲပြောင်း ပေးလိုက်ကြောင်း ထုတ်ဖော် ပြောဆိုသည်။

တရုတ်နိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီး Liu Zhijun နှင့် ဒုတိယ အင်ဂျင်နီယာချုပ် Zhang Shuguang တို့မှာ 'စည်းမျဉ်း စည်းကမ်းများ ဆိုးဆိုးရွားရွား ချိုးဖောက်မှု' ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ လတွင် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ယင်းတို့နှစ်ဦးသည် တရုတ်နိုင်ငံ၏ ဥပဒေအတိုင်း အဂတိ လိုက်စားမှုနှင့် ဆက်နွယ်သော ရာဇဝတ်မှုများဖြင့် တရားစွဲဆို ခံရနိုင်သည်။

မစ္စတာ Liu Zhijun သည် လွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း အဂတိ လိုက်စားမှုများ ကျူးလွန်ခဲ့သည့် တရုတ်အစိုးရ စီနီယာ အရာရှိကြီး တစ်ဦးဖြစ်ပြီး ၎င်း ရာထူးမှ ထုတ်ပယ်ခြင်း ခံရမှုသည် တရုတ်ပြည်က အနာဂတ် ရည်မှန်းချက်တစ်ခု ဖြစ်သော မြန်နှုန်းမြင့် ရထားလမ်း ချဲ့ထွင် ဖောက်လုပ်ရေး အစီအစဉ်ကို များစွာ ထိခိုက် နစ်နာစေသည်။ သို့သော် လက်ရှိ အနေအထားတွင် ဝန်ကြီးဟောင်း Liu Zhijun နှင့်  ဒုတိယ အင်ဂျင်နီယာချုပ် Zhang Shuguang တို့ နှစ်ဦးစလုံး ဒေါ်လာ ၃၃ ဘီလီယံ ကုန်ကျမည့် ဘေဂျင်း-ရှန်ဟိုင်း ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော် စာရင်းအင်းအဖွဲ့က စုံစမ်းစစ်ဆေးမည့် သူများ စာရင်းတွင် ပါဝင်ခြင်း မရှိသေးပေ။

အဆိုပါ ရထားလမ်းသည် ကီလိုမီတာ ၁၃၂၈ ကီလိုမီတာ ရှည်လျားပြီး လာမည့် ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ် ပေးရန် စီစဉ်ထားကြောင်း၊ ယင်းရထားလမ်းသည် တရုတ်နိုင်ငံ အတွက် တန်ဖိုးများစွာ ကုန်ကျပြီး အရှည်ဆုံး မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

သို့သော် ယင်းရထားလမ်း စီမံကိန်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ၊ သတင်းဆိုးများ မကြာခဏ ဆိုသလို ထွက်ပေါ်လျက် ရှိသည်။ ယခု စာရင်းစစ်ဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ချို့ယွင်းချက်ရှိသော လုပ်ထုံးလုပ်နည်းများ၊ ငွေကြေး ပိုမိုတောင်းခံမှုများ၊ ဖြေရှင်းချက် မပေးနိုင်သော စရိတ်စကများ၊ ငွေလက်ခံ ဘောက်ချာအတုများကို တွေ့ရှိရသည်ဟု ဆိုသည်။ ဘေဂျင်းမှ ရှန်ဟိုင်းသို့ သွားရာတွင် အချိန်အားဖြင့် ၁၀ နာရီမျှပေးရလေ့ရှိသော်လည်း ရထားလမ်း ဖောက်လုပ်မှုသာ ပြီးဆုံးသွားပါက လေးနာရီသာ ကြာမြင့်တော့မည် ဖြစ်သည်။

ရထားပို့ဆောင်ရေး ဝန်ကြီးကို ရာထူးမှမထုတ်ပယ်မီ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် တရုတ်ထိပ်တန်း ခေါင်းဆောင်များက တိုင်းပြည်၏ အစီအစဉ်များကို ပြန်လည် စဉ်းစားချင့်ချိန်ရန် အမိန့်ထုတ်ခဲ့သည်။ သို့သော် ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခြင်း ခံရသောမှုကြောင့် စီမံကိန်းနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်မှုများ ပြုလုပ်ရန် တွန်းအားပေးမှုများ ပိုမိုလာကြောင်း လုပ်ငန်း ကျွမ်းကျင်သူများနှင့် ပြည်တွင်း မီဒီယာများက ဆိုသည်။

တရုတ်နိုင်ငံသည် ကီလိုမီတာပေါင်း ၁၇၀၀၀ ရှည်လျားသော မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး ယင်း ရထားလမ်း ကွန်ယက်သည် ကမ္ဘာပေါ်တွင် အရှည်ဆုံးဖြစ်ကြောင်း အရာရှိကြီးများက ပြောသည်။ သို့သော် အကယ်၍ ပြန်လည် သုံးသပ်မှုများ ပြုလုပ်ခြင်းကြောင့် စတင် လုပ်ကိုင်နေပြီ ဖြစ်သော စီမံကိန်းများကို ထိခိုက်မည်မဟုတ်ဟု ဆိုသည်။ တရုတ်အစိုးရကလည်း ယခုနှစ်အတွင်း ရထားလမ်း ဖောက်လုပ်ရေး အတွက် ဒေါ်လာ ၁၃၀ ဘီလီယံအထိ သုံးစွဲသွားရန် စီစဉ်ထားကြောင်း ကြေညာထားပြီး အဆိုပါ အစီအစဉ်သည် ပြောင်းလဲဖွယ်မရှိဟု တရုတ်ရထားလမ်း ဖောက်လုပ်ရေးဌာနမှ အရာရှိများက ဆိုသည်။

သို့သော် အနာဂတ်ကာလတွင် ဆက်လက်ဖောက်လုပ်မည့် ရထားလမ်း စီမံကိန်းများကို တင်းတင်းကြပ်ကြပ် စိစစ်မှုများ ပြုလုပ်လာဖွယ် ရှိလာနိုင်သည်။ လက်ရှိ ဖောက်လုပ်လျက် ရှိသော ရထားလမ်း စီမံကိန်းများတွင် အဂတိ လိုက်စားမှုများ ရှိနေသောကြောင့် ရထားလမ်း လုံခြုံစိတ်ချရမှု အတွက် ပြန်လည် စစ်ဆေးမှုများ ပြုလုပ်လာနိုင်သည်။

*****************************************************************************************************************

မြန်မာငလျင်ကြောင့် ထိုင်းနိုင်ငံရှိ ဆည်တမံများ ထိခိုက်မှု မရှိခဲ့ဟု ဆို

(The Nation သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားသော မြေငလျင်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသမှ အရေးကြီးသော ဆည်တမံကြီးများ ပျက်စီးထိခိုက်မှု မရှိခဲ့ကြောင်း ဆည်မြောင်းဝန်ကြီး ဌာနက အတည်ပြု ပြောဆိုသည်။ "ကျွန်တော်တို့ဌာနက ချင်းရိုင်နဲ့ ချင်းမိုင်ပြည်နယ်မှာ ရှိတဲ့ ဆည်တမံကြီးတွေကို စစ်ဆေးကြည့်ရှုဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ မြန်မာပြည်မှာ လှုပ်တဲ့ငလျင်ကြောင့် ဘာမှ ထိခိုက်ပျက်စီးမှု မရှိခဲ့တာကို တွေ့ရပါတယ်" ဟု ဆည်မြောင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် Chalit Damrongsak က ပြောကြားသည်။

"ဆည်တမံကြီးတွေမှာ အက်ကြောင်း ထသွားတာတို့ ဘာတို့ မရှိပါဘူး။ ချင်းရိုင်၊ ချင်းရိုင်၊ တက်၊ မယ်စရေး၊ ဟွေချမ်း နဲ့ နောင်နု ပြည်နယ်တွေမှာ ရှိတဲ့ အဓိက ဆည်ကြီးတွေ တစ်ခုမှ ထိခိုက်မှုမရှိပါဘူး" ဟု ၎င်းကဆိုသည်။ မိမိတို့ဌာန အနေဖြင့် ဆည်လုပ်ငန်း အရာရှိများ အားလုံးကို ထိုင်းနိုင်ငံ တစ်ဝန်းမှ ဆည်တမံများအား စစ်ဆေးကြည့်ရှုရန်လည်း အမိန့်ထုတ်ပြန် ထားသည်ဟု ၎င်းက ပြောကြားသည်။ မတ်လ ၂၄ ရက်နေ့ညက မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် အင်အား ပြင်းထန်သော မြေငလျင် လှုပ်ခတ်သွားရာ ထိုင်းနိုင်ငံဘက်ရှိ ဒေသအတော်များများမှ အဆောက်အအုံ များလည်း လှုပ်ခါသွားသည်။ မြို့တော် ဘန်ကောက်တွင်မူ မြို့နေပြည်သူများ စိုးရိမ် ထိတ်လန့်သွားကြပြီး ညဘက်ပိုင်းအထိ လမ်းမများ ပေါ်တွင်သာ နေထိုင် သွားလာ နေကြသည်ကို တွေ့ရသည်။

******************************************************************************************************************

မြန်မာ ငလျင်ဒဏ်ခံ ဒေသများသို့ ရောက်ရှိရန် ကယ်ဆယ်ရေး အဖွဲ့များ ခက်ခက်ခဲခဲကြိုးစားလျက်ရှိ

(Mummbai Mirror မှ 27 March 2011 ရက်စွဲပါ “Rescuers Struggle to Reach Myanmar Quake-Hit Areas” ကို ဘာသာ ပြန်ဆိုသည်)

ကြာသပတေးနေ့ညက အင်အားပြင်း ငလျင်က ကတ္တရာလမ်းများကို ခွဲကာ နေအိမ် ရာပေါင်း များစွာကို အုတ်ကျိုးပုံ ဖြစ်အောင် ပြုလုပ်ခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံ ငလျင်ဒဏ်ခံ ဝေးလံခက်ခဲသော ဒေသများမှ အသက်ရှင် ကျန်ရစ်သူ ထောင်ပေါင်းများစွာထံ ရောက်ရှိနိုင်ရန် အတွက် ကယ်ဆယ်ရေး အဖွဲ့များက စနေနေ့အထိ ခက်ခက်ခဲခဲ ကြိုးပမ်းနေရဆဲ ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံဘက်တွင် ၇၅ ဦး သေဆုံးပြီး ထိုင်းနိုင်ငံဘက်တွင် အမျိုးသမီးတစ်ဦး သေဆုံးသည်ဟု မြန်မာတာဝန်ရှိသူ တစ်ဦးက ပြောကြားသော်လည်း “ကျွန်တော်တို့ မရောက်နိုင်သေးတဲ့ နေရာတွေ ရှိနေသေးတဲ့ အတွက် သေဆုံးသူ အရေအတွက် ပိုများလာနိုင်ဖွယ် ရှိပါတယ်” ဟု ယင်းက ဆိုသည်။

ထိုင်းနယ်စပ်၊ လာအိုနယ်စပ်များ အနီးရှိ မြန်မာနိုင်ငံ အရှေ့ပိုင်း နေရာကို ဗဟိုပြု၍ ပြင်းအား ၆.၈ မဂ္ဂနီကျု ရှိသော ငလျင် ကြာသပတေး နေ့ညက လှုပ်သွားခဲ့ရာ ဝေးလံသော ဗီယက်နမ်မြို့တော် ဟနွိုင်း အထိ တုန်ခါသွားခဲ့သည်။

မြန်မာနိုင်ငံ ရှမ်းပြည် အရှေ့ပိုင်းမှ တာလေ၊ မိုင်းလင်း၊ တာချီလိတ်မြို့များသည် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရပြီး နေအိမ် ရာပေါင်းများစွာ ပြိုကျခြင်း၊ ဘုန်းကြီးကျောင်းများ၊ အစိုးရ အဆောက်အအုံများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ တံတားကျိုးသွားပြီး ကတ္တရာလမ်းများ ကြီးမားစွာ ကွဲအက်သွားခဲ့သည့် တာလေမြို့တွင်းမှ နေအိမ် အပျက်အစီးများ ထဲတွင် ရှာဖွေ ကယ်ဆယ်နေသော ကယ်ဆယ်ရေး အဖွဲ့ အနည်းငယ်ကိုသာ မြင်တွေ့ရသည်။

“တစ်ရွာလုံး ပျက်စီးသွားပါပြီ” ဟု ပြောကြားခဲ့သော ဒေသခံ မနန်းမြင့်က သူမ ရန်ကုန်တွင် ရှိနေစဉ် လှုပ်သွားသော ငလျင်ကြောင့် သူမ၏ ဖခင်၊ ယောက်မ ဖြစ်သူနှင့် တူဖြစ်သူတို့ အသက် ဆုံးရှုံးခဲ့ရကြောင်း မျက်ရည်စက်လက်ဖြင့် ပြောပြခဲ့သည်။ ထိုအတောအတွင်း ငလျင်ဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော နေရာများတွင် လူပေါင်း တစ်သိန်းခွဲခန့် ဒုက္ခ တွေ့ဖွယ် ရှိကြောင်း ပြောကြားခဲ့သော World Vision အဖွဲ့အစည်းက ငလျင် ဒဏ်ခံ မိသားစုပေါင်း ၂၅၀၀ အတွက် အရေးပေါ် တဲထိုးရန် တာပေါ်လင်များ၊ ရှေးဦး သူနာပြု ပစ္စည်းများ ပေးပို့နေသည်ဟု သိရသည်။

*********************************************************************************************************************

ကုလအေဂျင်စီများ အကူအညီပေးရေး စာရင်းကောက်

(27 March 2011 ရက်စွဲပါ ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်မှ “Aid Assessment In Wake of Deadly Quake In Myanmar” ကို ဘာသာ ပြန်ဆိုသည်)

ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီများသည် မြန်မာ နိုင်ငံ အရှေ့ပိုင်း ငလျင်ဒဏ် ခံဒေသများတွင် လူသားချင်း စာနာသော အကူအညီ လိုအပ်ချက်များအား ကွင်းဆင်း စာရင်း ကောက်ယူလျက် ရှိသည်။ ထိုဒေသများ၌ လူ ဒါဇင်ပေါင်း များစွာ သေဆုံးပြီး အိမ်များ၊ ဆေးရုံများ၊ ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့သည်။

ငလျင်မှာ ရစ်ခ်ျတာ စကေး ၆.၈ ရှိပြီး ငလျင် ဗဟိုချက်မှာ ရှမ်းပြည်နယ်တွင် ဖြစ်သည်။ ယင်းသည် လာအို၊ ထိုင်းတို့နှင့် နယ်စပ်ချင်း ထိစပ်သော ဒေသ ဖြစ်သည်။ ငလျင်သည် ဗုဒ္ဓဟူးနေ့ည စံတော်ချိန် ၈း၃ဝ က လှုပ်သွားခဲ့ခြင်း ဖြစ်သည်။

တရားဝင် စာရင်းအရ သေဆုံးသူ (၇၃) ဦးရှိသွားပြီ ဖြစ်ပြီး ထပ်မံ တိုးလာနိုင် သေးသည်ဟု မျှော်လင့်ရသည်။

*************************         **************************

--

Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment