Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၈.၃.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

KIA က မြန်မာစစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်

(Asian Correspondent မှ 22 March 2011 ရက်စွဲပါ “KIA meets Burma Army face-to-face” သတင်းကို ဘာသာ ပြန်ဆိုသည်)

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIA ထိန်းချုပ်နယ်မြေများမှ မည်သည့် လှုပ်ရှားမှုကိုမဆို ရပ်ဆိုင်းရန် ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မြန်မာစစ်တပ်ကို သတိပေး လိုက်သည်ဟု Kachin News Group(KNG) က KIA နှင့် နီးစပ်သည့် ပြည်တွင်း သတင်းရပ်ကွက်ကို ကိုးကား ပြောကြားခဲ့သည်။ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA-N အပေါ် နောက်ဆုံး ထိုးစစ်ဆင်မှုကို မြန်မာစစ်တပ်က စတင်ခဲ့ပြီးနောက် အထက်ပါ သတိပေးမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

ကချင်ပြည်နယ် လိုင်ဇာ အခြေစိုက် ဒိုင်လောင်ရန် KIA ဗဟို စစ်ဖက် ဌာနချုပ်က အဆိုပါ သတိပေးချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အကယ်၍ မြန်မာ အစိုးရတပ်ဖွဲ့များ KIA နယ်မြေအတွင်းဝင် ရောက်လာပါက လက်နက်ကိုင် တိုက်ပွဲများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ရှမ်းပြည်မြောက်ပိုင်းမှ KIA တာဝန်ရှိသူများ၏ အဆိုအရ သိရှိရသည်။

ယခုအချိန်တွင် KIA နယ်မြေအတွင်းရှိ လှုပ်ရှားမှုများကို မြန်မာတပ်ဖွဲ့များက ရပ်ဆိုင်းထားကြောင်း၊ အကယ်၍ KIA ၏ သတိပေးမှုကို လစ်လျူရှုခဲ့ပါက တိုက်ပွဲ ဖြစ်ပွားရလိမ့်မည် ဖြစ်ကြောင်း မုန်းကိုးမှ ပြည်တွင်းစစ်ရေး အကဲခတ်များက ထိုင်းနိုင်ငံအခြေစိုက် Kachin News Group သို့ပြောကြားခဲ့သည်။

KIA တပ်မဟာ(၄) သို့ ချဉ်းကပ်လမ်းသည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အနီး လွိုင်ကန်တွင် အခြေစိုက်သည်။ ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် KIA တပ်မဟာ(၄) ၏ တပ်ရင်း ၅ ရင်းအနက် တပ်ရင်းအမှတ် (၁၇)နှင့် အမှတ်(၁၉) တို့သည် မြန်မာစစ်တပ်နှင့် SSA-N အကြား လတ်တလော တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာနှင့် အနီးဆုံးတွင် ရှိနေသည်။

မြန်မာစစ်တပ်နှင့် SSA-N တို့၏ တိုက်ပွဲ နောက်ဆုံး အနေအထားကို KIA က အနီးကပ် စောင့်ကြည့် နေသည်ဟု KIA တာဝန်ရှိသူများက ဆိုသည်။ တိုင်းရင်းသား အုပ်စု ၁၂ ဖွဲ့တို့ ပူးပေါင်းကာ အသစ် ဖွဲ့စည်းထားသည့် နိုင်ငံရေးနှင့် စစ်ရေးအဖွဲ့အစည်းဖြစ်သော United Nationalities Federal Council (UNFC) တွင် KIA နှင့် SSA-N နှစ်ဖွဲ့စလုံး အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်။ မြန်မာစစ်တပ်နှင့် SSA-N အကြား ဖြစ်ပွားသော လတ်တလော တိုက်ပွဲသည် မတ်လက ဖွဲ့စည်းခဲ့သည့် UNFC ကို စမ်းသပ်လိမ့်မည်ဟု တရုတ်နယ်စပ်မှ စစ်ရေး အကဲခတ်များက မှတ်ချက်ပေးသည်။

KIA သည် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံမှ ဒုတိယ အင်အား အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ဖြစ်သည်။ KIA တွင် တပ်မဟာ ၅ ခု ရှိပြီး ၄ခုမှ ကချင်ပြည်နယ်တွင် အခြေစိုက်သည်။ လက်ရှိတွင် စုစုပေါင်း တပ်ရင်း ၃၀ ခန့် ရှိနေပြီ ဖြစ်ကာ အမြဲတမ်းနှင့် အရံ တပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၃၀,၀၀၀ ကျော် ရှိသည်ဟု KIA က ဆိုသည်။

မြန်မာအစိုးရက သတ်မှတ်သည့် လက်နက်ကိုင် အုပ်စုများ လက်နက်စွန့်ရန် နောက်ဆုံး သတ်မှတ်ရက် မနှစ်က စက်တင်ဘာ ၁ ရက်တွင် ကုန်ဆုံးခဲ့ပြီး နောက်ပိုင်း UWSA ဝတပ်ဖွဲ့၊ KIA၊ SSA-N၊ NDAA စသော အပစ်ရပ် တပ်ဖွဲ့များနှင့် မြန်မာအစိုးရ စစ်တပ် အကြား တင်းမာမှုများ ကြီးထွားလာခဲ့သည်။ မြန်မာအစိုးရ၏ တောင်းဆိုမှုကို လက်ခံရန် ငြင်းဆန်ခဲ့ပြီး နောက်ပိုင်း လက်နက်ကိုင် အုပ်စု အားလုံးက သူတို့၏ တပ်ဖွဲ့များကို ကြိုတင် အားဖြည့် တည်ဆောက်ခဲ့ကြသည်။

မနှစ်က အောက်တိုဘာ ၁၃ ရက် ကချင်ပြည်နယ်မှ မိုင်းကွဲမှု ဖြစ်စဉ်တွင် ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။ မိုးကောင်းမြို့နယ်မှ ရွာသား ၅ ဦးသည် KIA သူပုန်များ ထောင်ထားသော မိုင်းကို နင်းမိကာ ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိသည်ဟု အစိုးရ အာဘော် New Light of Myanmar သတင်းစာက ဆိုသည်။

ကိုယ်ပိုင် အုပ်ချုပ်ရေး ရရှိရန် စစ်အစိုးရကို ဆယ်စုနှစ်များစွာ တိုက်ပွဲ ဝင်ခဲ့ခြင်းကို အဆုံးသတ်ကာ ၁၉၉၄ တွင် မြန်မာအစိုးရနှင့် အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသား ကချင် လွတ်မြောက်ရေး တပ်မတော် KIA ကို မြန်မာအစိုးရက “သူပုန်” ဟူသော အခေါ် အဝေါ်ဖြင့် ပထမဆုံး သုံးစွဲလိုက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ သူပုန် ဟူသော အခေါ်အဝေါ် သုံးစွဲခြင်းသည် ကောင်းသော လက္ခဏာ မဟုတ်ပါ၊ KIA သည် မြန်မာ စစ်အစိုးရနှင့် ၁၆ နှစ်တိတိ အပစ်အခတ် ရပ်စဲခဲ့ပြီး ကချင် ပြည်သူများအတွက် ကိုယ်ပိုင် ရပ်တည်ခွင့်ကို ကြိုးစားနေခြင်း ဖြစ်သည်။

တိုင်းရင်းသား အုပ်စုများ အနေဖြင့် တရုတ်နိုင်ငံမှ အထူး အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်သော ဟောင်ကောင်၊ မကာအို တို့ကဲ့သို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ရရှိစေမည့် မြန်မာနိုင်ငံတွင်းမှ စစ်မှန်သော ပြည်ထောင်စု တစ်ခု၏ ကောက်ကြောင်း ပုံသဏ္ဍာန်များနှင့် ပတ်သက်၍ ဘေဂျင်းနှင့် အခြေခံကျကျ ဆွေးနွေးမှုများကို KIA က ပြုလုပ်ခဲ့သည်ဟု The International Crisis Group က ပြောကြားခဲ့သည်။

သို့သော်လည်း တိုင်းရင်းသား အုပ်စုများ လက်နက်စွန့်ရန် မြန်မာအစိုးရ၏ နောက်ဆုံး သတ်မှတ်ရက်သည် KIA အပါအဝင် ငြင်းဆန်ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် ပဋိပက္ခ ဖြစ်ပေါ်နိုင်မှု အပေါ် စိုးရိမ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ပြီးခဲ့သော နိုဝင်ဘာလတွင် မြန်မာ အစိုးရကလည်း တပ်ဖွဲ့ အသစ်များနှင့် ခဲယမ်း မီးကျောက်များကို ကချင်ပြည်နယ်သို့ စတင် စေလွှတ် ပေးပို့လျက် ရှိသည်ဟု Kachin News Group မှ ထုတ်ပြန်သော သတင်းအရ သိရှိရသည်။

မန္တလေးမှ ပေးပို့သော စစ်ဖက် ထောက်ကူ ပစ္စည်းများ သယ်ဆောင်လာသည့်  မော်တော်ယာဉ်များ နိုဝင်ဘာ ၃၀ ရက်တွင် ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည်ဟု မျက်မြင် သက်သေများက အတည်ပြု ပြောကြားကြောင်း KNG သတင်းဌာနက ပြောဆိုသည်။ အဆိုပါ စစ်ဖက်သုံး ထရပ်ကားများသည် တရုတ်မြန်မာ နယ်စပ်ရှိ KIO ဌာနချုပ်နှင့် နီးကပ်သည့် လိုင်ဇာသို့ ဆက်လက် ထွက်ခွာ သွားကြသည်ဟု ဆိုသည်။ မြန်မာအစိုးရ၏ နယ်ခြားစောင့်တပ် အစီအစဉ်ကို ငြင်းပယ်ခဲ့သော KIO သည် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ဖြစ်ပြီး အမြဲတမ်း အင်အား ၁၀,၀၀၀ ကျော် ရှိသည်ဟု သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများက မြန်မာအစိုးရ၏ နယ်ခြားစောင့်တပ် အစီအစဉ်နှင့် အခြေခံ ဥပဒေသစ်ကို ငြင်းပယ်ခဲ့ကြပြီး နောက်ပိုင်း ပဋိပက္ခများ ပိုမိုကြီးထွားလာဖွယ် ရှိသည်ဟု လေ့လာဆန်းစစ်သူ အများစုက ယူဆထားကြသည်။ တိုင်းရင်းသား အုပ်စုများကလည်း ၎င်းတို့လက်ရှိ အခြေအနေတွင် ရရှိထားသည့် အခြေခံ အခွင့်အရေးများပင် မကျန်ရှိအောင် မကြာမီ ပေါ်ပေါက်လာမည့် အရပ်ဖက် အစိုးရ အတုက ပြုလုပ်လိမ့်မည်ဟု ယုံကြည် နေကြသည်။

************************************************************************************************

မြန်မာစစ်တပ်က “ဝ” ကို တိုက်မှာလား

(Asian Correspondent မှ 22 March 2011 ရက်စွဲပါ “Will Burma go to war against the Wa”ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

ဝတပ်ဖွဲ့ UWSA က ၎င်း၏ မဟာမိတ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသော သံလွင်မြစ်ကြောင်း တလျှောက်ရှိ ဝ ရှေ့တန်းတပ်ဖွဲ့ များအား ၂၄နာရီ တပ်လှန့်သည့် အမိန့် ထုတ်ပြန်ထားကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာန(S.H.A.N) အဆိုအရ သိရှိရသည်။ SSA-N နှင့် မြန်မာအစိုးရ တပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားမှုမှာ တစ်ပတ်ခန့် ကြာပြီ ဖြစ်သည်။

UWSA က စစ်ပွဲကို မလိုလားသော်လည်း ဝပြည်နယ်ကို ကာကွယ်ရန် အတွက် တပ်ဖွဲ့များ အားလုံးကို  အဆင်သင့် တပ်လှန့်ထားခြင်း ဖြစ်ပြီး မိမိတို့က စတင် ပစ်ခတ်မည် မဟုတ်ပါဟု အမည် မဖော်လိုသူ ဝ ထိပ်ပိုင်း အရာရှိတစ်ဦးက ပြောကြားသည်။

နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်ခံရန် ထပ်တလဲလဲ တောင်းဆိုနေသော မြန်အအစိုးရနှင့် ဝတပ်ဖွဲ့ UWSA တို့ အကြား ဆိုးဝါးနေသော ဆက်ဆံရေးကို ပြုပြင်ရန် တရုတ် ကာကွယ်ရေး ဌာန တာဝန်ရှိသူများက ၂၀၁၀  မတ်လအတွင်းက ကြိုးစားခဲ့ကြဖူးသည်။ အသေးစိတ် အချက်အလက်များ မသိရသေးသော်လည်း ဝတပ်ဖွဲ့အပေါ် အချည်းနှီး စစ်ဆင်နွဲမှု မပြုလုပ်ဖို့ မြန်မာအစိုးရကို တရုတ်နိုင်ငံက ထပ်မံ စည်းရုံးရန် ကြိုးစားနေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

လတ်တလော တွင်မူ UWSA နှင့် SSA-N အကြား ဖြစ်နိုင်ချေ ရှိသမျှ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ထားရန် အတွက် မြန်မာအစိုးရက သံလွင်မြစ်ကြောင်း တလျှောက် တပ်ဖွဲ့များ ပိုမို ဖြန့်ကျက်လျက် ရှိသည်။ SSA-N က သံလွင်မြစ် အနောက်ခြမ်းတွင် လှုပ်ရှားပြီး UWSA က သံလွင်မြစ် အရှေ့ခြမ်းတွင် လှုပ်ရှားခြင်း ဖြစ်သည်။

SSA, UWSA, NDAA, KIA စသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် အကယ်၍ မြန်မာစစ်တပ်က တိုက်ခိုက်လာလျှင် တစ်ဖွဲ့ကို တစ်ဖွဲ့ ကူညီရန် ၂၀၁၀ ဧပြီလတွင် သဘောတူညီချက် တစ်ရပ် လက်မှတ် ရေးထိုး ထားကြသည်။ SSA-N သည် မေလ ၁၃ ရက်နောက်ပိုင်းမှ စ၍ မြန်မာစစ်တပ်နှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုနောက်ဆုံး တိုက်ခိုက်မှုများမှာ ကျေးသီးမြို့နယ် အတွင်း ဖြစ်ပွားနေခြင်း ဖြစ်သည်။

မြန်မာစစ်တပ် ဖက်မှလည်း အနည်းဆုံး ၃၀ခ န့် ကျဆုံးကာ ၁၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ပြီး SSA ဖက်မှ ၄ ဦး ကျဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိသည်ဟု SSA သတင်းရပ်ကွက်က ဆိုသည်။

သို့ရာတွင် အင်အားအကြီးဆုံး UWSA ဝတပ်ဖွဲ့က ပြောကြားရာတွင် SSA သည် မဟာမိတ် ဖြစ်သော်လည်း တိုက်ပွဲ ဖြစ်ပွားနေမှုတွင် မကူညီနိုင်ပါဟု ဆိုသည်။ ဝအရာရှိ တစ်ဦး၏ အဆိုအရ UWSA သည် မြန်မာအစိုးရနှင့် ဆွေးနွေးရန် မျှော်လင့်နေဆဲ ဖြစ်ပြီး တိုက်ပွဲပဋိပက္ခ အတွင်း ကြားဝင် စွက်ဖက်ခြင်း မပြုရန် ဆုံးဖြတ်ထားသည်ဟု သိရှိရသည်။ သို့သော်လည်း မြန်မာစစ်တပ်၏ လှုပ်ရှားမှုနှင့် မြန်မာအစိုးရ မည်သို့ ဆုံးဖြတ်မည် ဆိုသည်ကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုပါသည်။

မည်သို့ပင်ဆိုစေ မြန်မာအစိုးရက ရှမ်းပြည်တပ်မတော် SSA နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် KIA တို့ကို “သူပုန်တပ်ဖွဲ့များ” ဟုသုံးစွဲ ခေါ်ဝေါ်ခဲ့သည်။ မြန်မာအစိုးရ အာဘော် New Light of Myanmar သတင်းစာက မတ်လ ၂၀ရက် တနင်္ဂနွေနေ့တွင် သတင်း ထုတ်ပြန်ရာ၌ “မြန်မာနိုင်ငံ တဝှမ်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရန် အစိုးရက ကြိုးပမ်း လုပ်ဆောင်နေချိန်တွင် သူပုန်တပ်ဖွဲ့ ဖြစ်သော SSA (ဝမ်ဟိုင်း)က အဖျက် လုပ်ရပ်များကို လုပ်ဆောင်နေသည်။ မိုင်းရှုးနှင့် မိုင်းယန်းမြို့နယ်များမှ လမ်းများ၊ တံတားများကို SSA က ဖျက်ဆီးနေသည်” ဟု ဖော်ပြထားသည်။

မြန်မာအစိုးရ တပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှု အတွင်း ဒေသခံ အရပ်သား ရာပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးစဉ် အစိုးရတပ်များက လက်နက်ကြီးများ အသုံးပြု ပစ်ခတ်ခြင်းကြောင့် အရပ်သားများ ဒါဇင်နှင့်ချီ၍ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သည် ဟုလည်း သိရှိရသည်။

ထို့အပြင် မြန်မာအစိုးရက “ဝခေါင်းဆောင်များ အနေဖြင့် နယ်ခြားစောင့်တပ် အစီအစဉ် အပေါ် အပြုသဘော ဆောင်သော အဖြေပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် UWSA ကို တရားဝင် အဖွဲ့အစည်း အဖြစ် ကြေညာခံရသည့် အခြေအနေသို့ ရောက်ရှိ သွားစေလိမ့်မည်” ဟု တရုတ်ပွဲစားများမှ တဆင့် အသိပေးခဲ့သည်။

အခြား တဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများက ဖေဖော်ဝါရီ လလယ်တွင် ထိုင်း-မြန်မာနယ်စပ် လျှို့ဝှက်နေရာ တစ်ခုတွင် ပြုလုပ်သော အစည်းအဝေးတွင် သမိုင်းမှတ်တမ်း ဝင်မည့် လုပ်ရပ် တစ်ခုကို ပြုလုပ်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် United Nationalities Federal Council UNFC ဟုခေါ်သော ညွှန့်ပေါင်း အဖွဲ့အစည်း တစ်ရပ်ဖွဲ့စည်း ထူထောင်ရန် တခဲနက် သဘောတူညီမှု ရရှိခဲ့ကြခြင်း ဖြစ်သည်။

၁၂ အုပ်စု အဖွဲ့ဝင် အဖြစ် ပါဝင်သော အဖွဲ့အစည်းတွင် စစ်ဒေသ ၄ခု ဖွဲ့စည်းရန် စိတ်ကူး ကြံဆခဲ့ကြသည်။ မြောက်ပိုင်းစစ်ဒေသ (တရုတ်-မြန်မာ နယ်စပ်ဒေသ)၊ အရှေ့ပိုင်း စစ်ဒေသ (ထိုင်း-မြန်မာ နယ်စပ်ဒေသများ)၊ အနောက်ပိုင်း စစ်ဒေသ (အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများ) အထူးစစ်ဒေသ (အတိအကျ မသတ်မှတ်ရသေး) ဟူ၍ ၄ ခု ဖွဲ့စည်းမည်ဟု ဆိုသည်။

ထို့အပြင် ဆက်စပ် လုပ်ဖော် ကိုင်ဖက်များ ဖြစ်ပေါ်လာရန် စောင့်ကြည့် လေ့လာနေသည့် UWSA ဝတပ်ဖွဲ့၊  ရှမ်းပြည် တပ်မတော်-တောင်ပိုင်း SSA-N စသော အုပ်စုများ ကိုလည်း UNFC အဖွဲ့အစည်းက လက်ကမ်း ကြိုဆိုလျက် ရှိသည်ဟု သိရှိရသည်။

*******************************************************************************************

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အထ္ထုပ္ပတ္တိ ရေးသူကို မြန်မာနိုင်ငံမှ ပြန်လည်နှင်ထုတ်

(AFP သတင်းမှ 25 March 2011 ရက်စွဲပါ “The Shwe biographer deported from Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာအာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အထ္ထုပ္ပတ္တိကို ရေးသားသူ ဗြိတိသျှ စာရေးဆရာက သူ့အား ရဲထောက်လှမ်းရေးက စုံစမ်း သိရှိသွားပြီးနောက် မြန်မာနိုင်ငံမှ မည်သို့ နှင်ထုတ်ခံခဲ့ရပုံကို သောကြာနေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်ပတ်ကြာ နေထိုင်ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရုတ်တရတ် ပြန်လည် ထွက်ခွာခဲ့ရစဉ် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသည်ဟု Benedict Rogers က ဆိုသည်။

“The Shwe:Unmasking Burma’s Tyrant” စာအုပ်ရေးသားသူ Benedict Rogers က ဘန်ကောက်တွင် ပြောကြားရာ၌ အရပ်ဝတ် အရာရှိများ သူ၏ ဟိုတယ်သို့ အင်္ဂါနေ့ညပိုင်း ရောက်ရှိလာစဉ် သူရေးသော စာအုပ်မျက်နှာဖုံး မိတ္တူပါဝင်သော ဖိုင်ကို ပြသ ရည်ညွှန်းခဲ့ကြသည်ဟု ဆိုသည်။

Christian Solidarity Worldwide အတွက် အလုပ်လုပ်နေသော Rogers က ပြည်နှင်ဒဏ် ပေးခံရသော အတွေ့အကြုံသည် မကြုံဘူးသော အသစ်အဆန်း တစ်ခုဖြစ်ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ ၁၂ နှစ်ကျော် လုပ်ဆောင်ခဲ့သူ အနေဖြင့် အမှန်တကယ် စိတ်မကောင်း ဖြစ်မိသည်ဟု ပြောကြားသည်။ သို့သော်လည်း ယခုကဲ့သို့ နှင်ထုတ်ခံရခြင်းကို မအံ့သြမိပါဟု Rogers ကဆိုသည်။

ယခု ဆုံးဖြတ်ချက်၏ နောက်ကွယ်မှ အကြောင်းရင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အကြောင်း ရေးသားသော စာအုပ်ပင် ဖြစ်သည်ဟု တာဝန်ရှိသူများက လေဆိပ်တွင် သူအား ပြောကြားခဲ့ကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံမှာတော့ Than Shwe ဆိုတဲ့နာမည်ဟာ ကြောက်ရွံ့မှု၊ မုန်းတီးမှု၊ ရူးကြောင်ကြောင် ဟု သတ်မှတ်မှုတို့ကို ညီတူညီမျှ စေ့ဆောင်ပေးပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်ရာဇဝတ်မှုများ အပါအဝင် မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပြစ်မှု မှန်သမျှ အားလုံးအပေါ်မှာ ဦးဆောင်လမ်းညွှန်သူ တစ်ဦး ဖြစ်ပါတယ်” ဟု Bendict Rogers က သူရေးသော အထ္ထုပ္ပတ္တိ စာအုပ် နိဒါန်းတွင် ဖော်ပြထားသည်။

မြန်မာ တာဝန်ရှိသူ တစ်ဦးက “Bendict Rogers သည် တိုးရစ်တစ်ဦး အဖြစ် ဝင်ရောက် လာခဲ့ပြီးနောက် ရန်ကုန်မှ ပြန်လည်ထွက်ခွာရန် ပြည်နှင်ဒဏ် ပေးခံရခြင်း ဖြစ်သည်” ဟု ပြောကြားသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ရေးတဲ့ စာရေးဆရာ ဖြစ်တယ် ဆိုတာကို အာဏာပိုင်တွေက သိသွားပြီးတော့ သူ့ကို ပြည်နှင်ဒဏ် ပေးခဲ့တာပါ။ အခု အချိန်မှာ နာမည်ပျက် စာရင်းဝင် သွားပြီ ဖြစ်လို့ ဒီကို ပြန်လာလို့ မရတော့ပါဘူး”ဟု တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အာဏာရှင် အုပ်ချုပ်မှုကို ၁၉၉၂ တွင် စတင်ခဲ့ပြီး အနှစ် ၅၀ စစ်အုပ်ချုပ်ရေး အောက်တွင် ဆင်းရဲမွဲတေ သွားခဲ့သော တိုင်းပြည်ကို ဆက်လက် လွှမ်းမိုးရန် ကြံစည်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော နိုဝင်ဘာက အငြင်းပွားဖွယ် ရွေးကောက်ပွဲများ အပြီး နိုင်ငံရေး စနစ်သစ် တစ်ခုသို့ ဦးတည်နေသော်လည်း ဗိုလ်ချုပ်မှူးကြီး၏ သစ္စာခံ တပည့်ရင်း တစ်ယောက်ကို သမ္မတခန့်ကာ ကျန်ဗိုလ်ချုပ် လူထွက်များကို  လွှတ်တော်ကို လွှမ်းမိုးထားခြင်းဖြင့် တပ်မတော်က ယင်း၏ အာဏာ ချုပ်ကိုင်မှုကို ဆက်လက် ကာကွယ်ထားသည်။

Bendict Rogers က မြန်မာ တာဝန်ရှိသူများကို မေးခွန်းထုတ်ခွင့် အခွင့်အလမ်းကို အသုံးပြုခဲ့ပြီး “ဒီမိုကရေစီ နိုင်ငံလို့ ကိုယ့်ကိုကိုယ် ကြေညာနေတဲ့ တိုင်းပြည်က ဘာဖြစ်လို့ ကျွန်တော့်ကို ပြန်ပို့ရတာလဲ” ဟုမေးမြန်းခဲ့ကြောင်း သိရှိရသည်။

၎င်းတာဝန်ရှိသူက “မြန်မာနိုင်ငံဟာ တစ်ချိန်ချိန်မှာတော့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမှာပါ၊ ဒါပေမယ့် ဖြည်းဖြည်းခြင်း၊ ဖြည်းဖြည်းခြင်းပေါ့” ဟု Rogers အား ပြောကြားခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် အမှန်အတိုင်း ဝန်ခံရမည် ဆိုလျှင်မူ မြန်မာနိုင်ငံတွင် ပြောင်းလဲမှုကို လုံးဝ မတွေ့ရသေးပါ။

*************************         **************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment