Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၉.၃.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

အမေရိကန် သံတမန်နှင့် မြန်မာအတိုက်အခံများတွေ့

(29 March 2011 ရက်စွဲပါ The Peninsula မှ Myanmar opposition meets US diplomat ကို ဘာသာ ပြန်သည်)

အမေရိကန် သံတမန် တစ်ဦးသည် အတိုက်အခံပါတီမှ ခေါင်းဆောင်များနှင့် ယမန်နေ့က စီးပွားရေး အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ သို့သော် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်း မရှိကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးက ပြောသည်။

“ဒီနေ့လည်က နိုင်ငံရေးပါတီ ရှစ်ခုနဲ့ အမေရိကန်သံရုံးက ယာယီတာဝန်ခံ Larry Dinger တို့ sanction နှင့် ပတ်သက်လို့ ဆွေးနွေးကြပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ နိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။ NDF သည် ယခင်ကတည်းက အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့က ချမှတ်ထားသော sanction များကို ဆန့်ကျင်ခဲ့သည်။

“ကျွန်တော်တို့ ပြောခဲ့တာတွေကို သူတို့ကို ရှင်းပြခဲ့တာပါပဲ။ သူတို့က ကျွန်တော်တို့ ရပ်တည်ချက်အတွက် ခိုင်မာတဲ့ သက်သေတွေ ပြဖို့ပြောပါတယ်။ သူတို့ကတော့ ပြန်စဉ်းစားဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားရာတွင် အမေရိကန်ဘက်က စစ်အစိုးရအား ဖိအားပေးရန် sanction များကို ထားရှိခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာ sanction များကို ထောက်ခံသူများက ပြောကြားရာတွင် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ခန့် ရှိသော စစ်အစိုးရအား ဖိအားပေးရန် ဤနည်းလမ်းသာ ရှိသည်ဟု ဆိုသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုလ ဂျာမန်သတင်းစာ တစ်စောင်နှင့် အင်တာဗျူးရာတွင် တိုင်းပြည်တွင် တစ်ခုခု ပြောင်းလဲမှု ဖြစ်သည်အထိ sanction များ ဆက်ရှိနေသင့်ကြောင်း ပြောခဲ့သည်။ နိုဝင်ဘာ ရွေးကောက်ပွဲ အပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ် အပြီးတွင် အဆိုပါ ကိစ္စအား အခြေအတင် ပြောမှုများ ပြန်လည် စတင်လာခဲ့ခြင်း ဖြစ်ပြီး အီးယူက ဧပြီလတွင် စစ်အစိုးရအပေါ် sanction များ ဆက်ထား သင့်မသင့် ဆုံးဖြတ်ရန် ရှိသည်။

ဥရောပ သံတမန်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အတိုက်အခံပါတီများနှင့် မကြာသေးမီက sanction ရုတ်သိမ်းရေး ဖြစ်နိုင်ခြေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတကာ ဥာဏ်ကြီးရှင် အဖွဲ့ဖြစ်သော International Crisis Group ကမူ sanction များ အလုပ် မဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

*************************************************************************************************************************

FIFA ၏ မြန်မာနိုင်ငံ အသုံးစရိတ် ရန်ပုံငွေကို ဆွစ်ဇာလန် အစိုးရ စတင် စုံစမ်းစစ်ဆေးမည်

(Goal.com မှ 26 March 2011 ရက်စွဲပါ “Swiss Government To Launch Investigation Into FIFA Spending In Burma” သတင်းကို ဘာသာ ပြန်သည်)

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် FIFA က နာမည်ပျက် စာရင်းဝင် မြန်မာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် စီးပွားရေးအရ ပတ်သက် ဆက်ဆံခဲ့ပြီးနောက် ဆွစ်ဇာလန် အစိုးရက စုံစမ်းစစ်ဆေးမှု စတင် ပြုလုပ်တော့မည်ဟု သိရှိရသည်။ FIFA ကိုယ်စား ဘောလုံး စီမံကိန်းများ အပြီးသတ်ရန် အတွက် ပိုက်ဆံများကို နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ တိုက်ရိုက် ပေးရမည့်အစား ဆောက်လုပ်ရေး ကုမ္ပဏီသို့ ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆွစ်ဇာလန် သတင်းမဂ္ဂဇင်း Woz က ဆိုသည်။

မြန်မာနိုင်ငံတွင် ဘောလုံးစီမံကိန်းများ အပြီးသတ်ရန် ခွဲတမ်းရသည့် ရန်ပုံငွေများကို မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ရရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဦးဇော်ဇော်သည် Max Myanmar ဆောက်လုပ်ရေး ကုမ္ပဏီကို ထူထောင်ထားသူ ဖြစ်ပြီး နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ ရောက်ရှိရမည့် ရန်ပုံငွေများမှာ သူ၏ ပုဂ္ဂလိက ကုမ္ပဏီသို့ ရောက်ရှိ သွားခဲ့သည်ဟု ယုံကြည်ရသည်။ အဆိုပါ ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်ခြင်း ရှိ/မရှိ  ယခုတိုင် မသိရှိရသေးပဲ စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိချက်များကို ရှင်းလင်းရဦးမည် ဖြစ်သည်။

FIFA အဖွဲ့အစည်းသည် ဇူးရစ်မြို့တော်တွင် အခြေစိုက် ထားသောကြောင့် ရန်ပုံငွေများကို ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမရှိပါ ဟူသော ချေပပြောဆိုမှုများကို စုံစမ်းစစ်ဆေးရေး ကိစ္စမှာ ဆွစ်ဇာလန် အစိုးရက ရွေးချယ်ရမည့် ကိစ္စသာ ဖြစ်သည်။ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် အပေါ် အရေးယူမှု sanctions များ ချမှတ်ဖွယ် ရှိသည် ဟုလည်း သိရှိရသည်။

ထွက်ပေါ်လာသော စွပ်စွဲချက်များနှင့် ပတ်သက်သည့် ကြေညာချက်ကို ဆွစ်ဇာလန် အစိုးရက အစောပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး “ယခု ကိစ္စ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြုလုပ်ရန် လိုအပ်သည်။ FIFA နှင့် ဆက်သွယ် ဆောင်ရွက်မည်” ဟုဖော်ပြထားသည်။

FIFA ဥက္ကဋ္ဌ ဆက်ဘလတ်တာ အား ဦးဇော်ဇော်က မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ချိန်တွင် ကောလဟလများ စတင်ထွက်ပေါ်လာခဲ့သည်။ ဦးဇော်ဇော်သည် အီးယူ၊ အမေရိကန် ပြည်ထောင်စုနှင့် ဆွစ်ဇာလန် အစိုးရတို့က နာမည်ပျက်စာရင်း သတ်မှတ်ခံရသူ ဖြစ်ပြီး ဆက်ဘလတ်တာ ကလည်း အဂတိ လိုက်စားမှုမှ ကင်းရှင်းရန် ကြိုးစားဖွယ် ရှိပေရာ ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် ကစားပွဲ အတွင်းမှ အလှည့်အပတ် မီးတောက်ကို ဓါတ်ဆီ လောင်းပေးသလိုသာ ဖြစ်လာပါလိမ့်မည်။

အကယ်၍သာ FIFA မှ မည်သူမည်ဝါ ဖြစ်စေ၊ မြန်မာဘောလုံး အဖွဲ့ချုပ်ဖြစ်စေ၊ Max Myanmar အုပ်စုဖြစ်စေ ဘောလုံး ရန်ပုံငွေများကို အလွဲသုံးမှု အတွက် အပြစ်ရှိကြောင်း တွေ့ရှိရပါက ကြီးလေးသော ပြစ်ဒဏ်များကို ဆွစ်ဇာလန် အစိုးရက ချမှတ်နိုင်ဖွယ် ရှိနေသည်။ အကယ်၍ စွပ်စွဲမှုများ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည် ဆိုပါက ပါဝင် ပတ်သက်သူ မည်သူကိုမဆို ဒဏ်ငွေ ဒေါ်လာ ၅၇၀,၀၀၀ အပါအဝင် အများဆုံး ထောင်ဒဏ် ၁နှစ် အထိ ပြစ်ဒဏ် ချမှတ်ခံ ရလိမ့်မည် ဖြစ်သည်။

ဆွစ်ဇာလန် အစိုးရ၏ မည်သည့် စုံစမ်း စစ်ဆေးမှုကိုမဆို FIFA ကာအကောင်းဆုံး ခုခံ ကာကွယ် ချေပမည် ဖြစ်ပြီး စုံစမ်းစစ်ဆေးမှု အမှန်တကယ် ပြုလုပ်နေပြီဟူသော မှန်းဆချက်များ ကြီးထွားလာခြင်းကိုလည်း ခပ်တင်းတင်း တုန့်ပြန် ပြောဆိုခဲ့ပြီး ဖြစ်သည်။

“FIFA က လက်မှတ် ထိုးထားတဲ့ ကန်ထရိုက် စာချုပ်တွေနဲ့ အသေးစိတ် အချက် အလက်တွေဟာ လျှို့ဝှက် ကန့်သတ် အဆင့် ဖြစ်ပါတယ်” ဟု FIFA ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

********************************************************************************************

ငလျင်များ ဆက်တိုက်လှုပ်မှုကြောင့် အပျက်အစီး ပိုများ

(25 March 2011 ရက်စွဲပါ The NewYork Times မှ Seth Mydans ရေးသားသော Aftershocks Raltle Myanmar or Toll Rises ကို ဘာသာ ပြန်သည်)

မြန်မာနိုင်ငံတွင် သောကြာနေ့က နောက်ဆက်တွဲငလျင်များ လှုပ်ခတ်မှုကြောင့် လူများသည် လမ်းမများ၊ ပန်းခြံများတွင် ယာယီတဲများ ထိုးကာ ဘုရားရှိခိုးဆုတောင်းနေကြရသည်။ လွန်ခဲ့သော တစ်ရက်ကျော်က လှုပ်ခဲ့သော ငလျင်ကြီးကြောင့် လူ(၇၀)ကျော် သေဆုံးကာ၊ ရာပေါင်းများစွာ ဒဏ်ရာရပြီး၊ အဆောက်အဦး ရာနှင့်ချီ၍ ပျက်ဆီးခဲ့ရသည်။

ငလျင်များကို အိမ်နီးချင်း ထိုင်း၊ လာအို၊ တရုတ်နိုင်ငံ တောင်ပိုင်း၊ ဗီယက်နမ်နှင့် မိုင်ရာချီ၍ ဝေးသော ရန်ကုန်မြို့တို့မှ ခံစားရသည်။ ထိခိုက်မှုများနှင့် ပတ်သက်၍ နိုင်ငံပိုင် မီဒီယာများက သတင်း ထုတ်ပြန်ရာတွင် လူ(၇၄)ဦး သေဆုံးပြီး၊ (၁၁၁) ဦးဒဏ်ရာ ရသည်ဟု ဆိုသည်။ အဆိုပါ သတင်းတွင် အိမ်(၃၉၀)၊ ဘုန်းကြီးကျောင်း (၁၄)ကျောင်းနှင့် အစိုးရ အဆောက်အဦး (၉)လုံး ပျက်စီးသည်ဟု ထပ်မံ ဖော်ပြခဲ့သည်။

တာချီလိတ်မြို့တွင် လူနှစ်ဦး သေဆုံးပြီး၊ ခြောက်ဦးမှာ ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေရကြောင်း သတင်းများက ဆိုသည်။ တာချီလိတ်မှ ထိုင်းနယ်စပ်တွင် ရှိပြီး၊ ရွှေတြိဂံမြို့တော် အဖြစ် တင်စား ခေါ်ဝေါ်ခဲ့သည်။ ဒေသတွင်းတွင်မူ မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် လူသိများခဲ့သည်။ သို့သော် ခရိုင်ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် လူ(၂၀၀)ခန့်ကို ဆေးကုသ ပေးနေရပြီး နောက်ထပ် ရောက်ရှိလာဆဲ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယခု အချိန်ထိ သေဆုံးသူ (၁၀၀) ရှိသွားပြီ ဖြစ်ကြောင်း၊ သို့သော် လွတ်လပ်စွာ အတည်ပြုခွင့် မရှိကြောင်းလည်း ၎င်းကပြောသည်။

ဒေသခံများက ပြောကြားရာတွင် ရှမ်းပြည်နယ်တွင် အဓိက တံတားတစ်စင်း ကျိုးသောကြောင့် ငလျင် ဗဟိုချက်အနီး မြောက်ဖက်မိုင်(၆၀)ခန့်တွင် အများအပြား ပိတ်မိနေခဲ့သည်ဟု ဆိုသည်။ အချို့မှာ မြစ်ကမ်းနံရံများ တလျှောက် မြေပြိုမှုကြောင့် ပိတ်မိနေခဲ့ရာ လှေများဖြင့် မြစ်ကိုဖြတ်၍ ဒဏ်ရာရသူများကို သယ်ဆောင်လျက် ရှိသည်။ တာချီလိတ်တွင် အိမ်ထောင်စုများသည် ပန်းခြံများ၊ လွင်တီးခေါင်များတွင် ဖျာကို အမိုးလုပ်၍ နေထိုင်နေပြီး၊ သဲပုံဖြင့် ဘုရားပြုလုပ်၍ ဘုရားရှိခိုးလျက် ရှိကြသည်။ “ကမ္ဘာမြေစောင့်နတ်၊ ကောင်းကင်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်များ ကျွန်တော်မျိုးမတို့အိမ်ကို စောင့်ရှောက်တော်မူကြပါ” ဟု ဖယောင်းတိုင်နှစ်တိုင်အား ထွန်း၍ အသက်(၈၅)နှစ်ရှိ အမျိုးသမီးကြီး Pa Hung က ဆုတောင်းလျက်ရှိသည်။

ဘုရားစင်ဘေးတွင် ရေထည့်ထားသော ပလပ်စတစ်ပုလင်းကြီးကို ချထား၍ သူမ၏ သမီး နန်းဟွမ်(၄၈)နှစ်သည် နောက်ထပ် ငလျင်ကို စောင့်ကြည့်လျက်ရှိသည်။ လမ်းတစ်လျှောက်တွင်လည်း လူများသည် ရေပုလင်းများထောင်၍ နောက်ဆက်တွဲ ငလျင်အတွက် သတိပေးချက် ပြုလုပ်ထားကြသည်။

“ရှင်မနေ့ညကသာရှိမယ်ဆိုရင်၊ လမ်းပေါ်မှာ လူတွေထွက်အိပ်နေတာ တွေ့လိမ့်မယ်” ဟုနန်းဟွမ်ကပြောသည်။ သူမက လမ်းတဖက်ရှိ အဆောက်အဦး နံရံမှ အက်ကြောင်းကြီးကို ပြ၍ “ကျွန်မတော့ အဲဒီနားမှာမနေရဲဘူး” ဟု ပြောသည်။

သုံးဘီး တက္ကစီမောင်းသူ Chai Nhung (၂၉)နှစ်က ပြောကြားရာတွင် အဒေါ်တစ်ယောက်နှင့် ဆွေမျိုးတစ်ဦးတို့ Ta Lua တွင် တံတားကျိုး၍ မြေပြိုမှုကြောင့် သေဆုံးကြရကြောင်း၊ ၎င်းတို့အား တာချီလိတ်တွင် သဂြိုလ်ရန် သယ်လာရန်မဖြစ်နိုင်ကြောင်း ပြောသည်။ “သူတို့အိမ်က တံတားဘေး မှာလေ။ တံတားဘေးက အိမ်တွေ အတန်းလိုက် မြစ်ထဲ ကျကုန်တာ” ဟု ၎င်းကပြောသည်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေးက ပြောကြားရာတွင် magnitude ၆.၈ ရှိ အဆိုပါငလျင်သည် အနက်(၆)မိုင်ရှိသောကြောင့် ၎င်း၏ပြင်းထန်သော လှုပ်ခါမှုသည်ဧရိယာ ကျယ်ကျယ်ပြန့်ပြန့်တွင် အဆောက်အဦးများ ကြီးမားစွာ ပျက်စီးလိမ့်မည်ဖြစ်ကြောင်း၊ နာရီဝက်အကြာတွင် magnitude ၄.၈ ရှိ ငလျင်တစ်ခု ထပ်မံလှုပ်သေးကြောင်း ဆိုသည်။

တာချီလိတ် တဖက်ကမ်းရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နံရံပြိုကျမှုကြောင့် အမျိုးသမီး တစ်ဦး အိပ်နေစဉ် သေဆုံးကြောင်း တာဝန်ရှိမှုကြောင့်၊ လူများလမ်းများပေါ်သို့ ပြေးထွက်လာခဲ့သော်ကြသော်လည်း ထိခိုက်မှုကြီးကြီးမားမာ မရှိကြောင်း တာဝန်ရှိသူများက ပြောကြားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ချင်းမိုင်တွင်လည်း ကမ္ဘာလှည့်ခရီးသွား အများစုသည် တစ်ညလုံး အပြင်တွင်သာ အချိန်ဖြုန်းကြရသည်။

Friends of Asian Elephants ကိုတည်ထောင်သူ Soraida Salwala ကပြောကြားရာတွင် ထိုင်းနိုင်ငံ Lampang ရှိ သူမ၏ ဗဟိုဌာနတွင် ငလျင် မလှုပ်မီ ဆင်များသည် အငြိမ်မနေ ဖြစ်နေကြကြောင်း၊ ပြောသည်။ ဆင်ထိန်းများက ပထမတွင် ဆင်များမြွေကိုကြောက်၍ အငြိမ်မနေဖြစ်နေကြသည်ဟု ထင်ကြောင်း သူမကပြောသည်။

မြန်မာနိုင်ငံတွင်း အဆက်အသွယ် ကောင်းကောင်းရှိသည့်ထိုင်းနိုင်ငံ အခြေစိုက်ပြည်ပရောက် မြန်မာများ၏ ဧရာဝတီဝက်ဆိုဒ်၏ အဆိုအရ တာချီလိတ်တွင် စစ်တန်းလျားပြိုမှုကြောင့် စစ်သားများနှင့် မိသားစုများ (၁၇)ဦး သေဆုံးကြောင်း သိရသည်။ ဧရာဝတီကပင် တာလေတွင် ငလျင်ကြောင့် မကြာမီက ဆောက်လုပ်ပြီးစီးသော ခရစ်ယာန် ဘုရားရှိခိုးကျောင်းအတွင်းသို့ လူများဝင်ပြေးကြရာ၊ နောက်ထပ် ငလျင်လေးများကြောင့် ဘုရားကျောင်း ပြိုကာ လူများသဆုံးသည်ဟု ဆိုသည်။

နောက်ငလျင် အသေးများ လှုပ်ခတ်မှုကြောင့် တရုတ်၏ ယူနန်နှင့် နုန်နင်းတွင် အဆောက်အဦးများ တစ်မိနစ်ခန့် တုန်ခါခဲ့ကြောင်း တရုတ်၏ ဆင်ဟွာဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ငလျင်များကြောင့် ငလျင်ဗဟိုချက်နှင့် ၃၇၅ မိုင်ဝေးသော ဟနွိုင်မြို့တွင်လည်း ထိတ်လန့်မှုများဖြစ်ခဲ့ကြောင်း၊ ပြတင်းပေါက်များ တုန်ခါမှုရှိကြောင်း ဗီယက်နမ် သတင်းအေဂျင်စီ သတင်းထုတ်ပြန်ခဲ့သည်။ ငလျင်ဗဟိုမှ တောင်ဖက်မိုင် ၄၈၀ ဝေးသော ဘန်ကောက်ရှိ အထပ်မြင့် အဆောက်အအုံများတွင် မီးဆိုင်းများ ယိမ်းထိုးခဲ့ကြောင်း သိရသည်။

ရန်ကုန်ရှိ အကူအညီပေးရေးအဖွဲ့ဖြစ်သော World Vision မှ ဆက်သွယ်ရေး မန်နေဂျာ Jenny MacIntyre ကပြောကြားရာတွင် “ချက်ခြင်း ဖျားချင်သလိုလို တောင်ဖြစ်တယ်။ အားလုံးလှုပ်နေပြီး၊ အရိပ်တွေလည်း လှုပ်နေတယ်။ ကျွန်မက နယူးဇီလန် Christchurch က ဆိုတော့ ငလျင် အတွေ့အကြုံ ရှိနေတယ်”ဟု ပြောကြားခဲ့သည်။

*************************************************************************************************************

မြန်မာ ငလျင်ကြောင့် တရုတ်ပြည်ဘက်တွင် လူ ၆၅၀၀ ကျော် ဒုက္ခတွေ့

(Xinhua သတင်းမှ 25 March 2011 ရက်စွဲပါ “ Over 6500 Chinese affected by Myanmar earthquake” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံကို ဗဟိုပြု၍ လှုပ်သွားသော ပြင်းအား ၇.၀ မဂ္ဂနီကျူ ငလျင်ကြောင့် တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် လူပေါင်း ၆၅၀၀ ကျော် ဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည်ဟု ပြည်သူ့ရေးရာ ဝန်ကြီးဌာနက သောကြာနေ့တွင် သတင်း ထုတ်ပြန်သည်။

ယူနန်ပြည်နယ် လက်အောက်ခံ ဒေသခွဲ ဗြူရို၏ အစီရင်ခံစာကို ကိုးကားထားသော ကြေညာချက်တွင် မြန်မာနိုင်ငံနှင့် နီးကပ်သော ယူနန်ပြည်နယ် ဆစ်ဆောင်ပနား ဒေသမှ ၅၀၀၀ ကျော် ထိခိုက် ပျက်စီးခဲ့ပြီး လူပေါင်း ၆၅၀၀ ကျော် ဒုက္ခတွေ့နေသည်ဟု ဖော်ပြထားသည်။

တရုတ် နိုင်ငံဖက်မှ  ကြားသိရသော ထိခိုက်ဒဏ်ရာရမှု သတင်းအရ ၇ နှစ်အရွယ် မြန်မာမိန်းကလေး တစ်ဦးသာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဒဏ်ရာရ မိန်းကလေးမှာ ငလျင် ဗဟိုချက်နှင့် ကီလိုမီတာ ၅၀အကွာ ဒါလိုမြို့ မင်ရိုင်းခရိုင်တွင် သူမ နေထိုင်သော ဘော်ဒါကျောင်းဆောင် နံရံကပ် ကုတင်ပေါ်မှ လိမ့်ကျကာ တံတောင်ဆစ် ကျိုးသွားခြင်း ဖြစ်သည်ဟု သိရှိရသည်။

ကြာသပတေးနေ့ ညပိုင်း ဘေဂျင်းစံတော်ချိန် ည၉း၅၅ တွင် မြန်မာနိုင်ငံ လွယ်မွေကို ဗဟိုပြု၍ အင်အားပြင်း ငလျင်လှုပ်သွားခဲ့ရာ မြန်မာနိုင်ငံ ဖက်တွင် သောကြာနေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူ ၇၄ ဦးနှင့် ထိခိုက် ဒဏ်ရာရသူ ၁၁၁ ဦး ရှိပြီ ဟုသိရှိရသည်။

မတ်လ ၁၀ ရက်နေ့ကလည်း မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ် ရင်ဂျန်းဒေသတွင် ပြင်းအား ၅.၈ မဂ္ဂနီကျူ အဆင့်ရှိသော ငလျင် လှုပ်ခဲ့ခြင်းကြောင့် ၂၆ ဦး သေဆုံးကာ ၃၁၃ ဦး ဒဏ်ရာ ရရှိခဲ့ရာ ၁၃၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု သိရှိရသည်။

*********************************************************************************************************

လေကြောင်းမှ တိုက်ခိုက်ခံရသော နေရာသို့ ကဒါဖီ အလောင်းများ ရွှေ့ထား

(AFP သတင်းမှ 27 March 2011 ရက်စွဲပါ “Gaddafi moving bodies to site airstrikes” သတင်းကို ဘာသာ ပြန်ဆိုသည်)

လစ်ဗျားခေါင်းဆောင် ကဒါဖီသည် ယင်းသတ်ဖြတ်ထားသော ပြည်သူများ၏ အလောင်းများကို မဟာမိတ် တပ်များ လေကြောင်းမှ တိုက်ခိုက်သည့် နေရာသို့ ရွှေ့ပြောင်းချထားကာ အရပ်သားများ သေဆုံးသည်ဟု အထင်လွဲမှားအောင် ဖန်တီးနေသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က စနေနေ့တွင် ပြောကြားလိုက်သည်။

တနင်္ဂနွေနေ့တွင် အစအဆုံး ထုတ်လွှင့်မည့် Bob Schieffer နှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် ကော်ပီကို CBS News မှ ထုတ်ပြန်ခဲ့ရာ ဝန်ကြီး ရောဘတ်ဂိတ်စ်က “ကျွန်တော်တို့မှာ တာဝန်ရှိပါတယ် ဆိုတဲ့ အရပ်သား သေဆုံးမှုတွေ မရှိပါဘူး ဆိုတာကို သက်သေ ပြရမယ့် ဒုက္ခတစ်ခု ပိုလာတာတော့ အမှန်ပါပဲ” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

“ကဒါဖီက သူ သတ်ခဲ့တဲ့လူတွေရဲ့ အလောင်းတွေကို ကျွန်တော်တို့ လေကြောင်း ထိုးစစ်ဆင်တဲ့ နေရာကို ရွှေ့ပြီးချထားတယ် ဆိုတဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေ ကျွန်တော်တို့ အများကြီး ရထားပါတယ်” ဟု မစ္စတာဂိတ်စ် က ဆက်လက် ပြောကြားသည်။

“ဒီစစ်ရေး တိုက်ခိုက်မှုကို ကျွန်တော်တို့ အလွန်အကျွံ ဂရုတစိုက် နဲ့ လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့ အမေရိကန် ပိုင်းလော့တွေ သာမကပါဘူး၊ တခြား မဟာမိတ် လေတပ်တွေက ပိုင်လော့တွေပါ သာမန်ထက် ပိုပြီး ပင်ပမ်းတဲ့ လုပ်ငန်းတာဝန်ကို အမှန်တကယ် လုပ်ဆောင် ခဲ့ကြတာပါ” ဟု ဂိတ်စ်က ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လစ်ဗျား မပျံသန်းရဇုံ သတ်မှတ်ချက် အကောင်အထည် ဖော်ရေး အစီအစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်တို့ ဦးဆောင်သော နိုင်ငံတကာ မဟာမိတ်တပ်များက လစ်ဗျားခေါင်းဆောင် ကဒါဖီ၏ လေကြောင်း ကွပ်ကဲမှု ဌာနချုပ်များကို လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်ကာ လစ်ဗျားအရပ်သား ပြည်သူများအား ကာကွယ်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

အမေရိကန် အစိုးရ၏ လစ်ဗျားလေကြောင်း ထိုးစစ်အပေါ် အဓိက သတင်းထုတ်ပြန်မှု အစီအစဉ်တစ်ရပ် အဖြစ် တနင်္ဂနွေတွင် ပြုလုပ်မည့် ရုပ်မြင်သံကြား နိုင်ငံရေး စကားဝိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဟစ်လာရီ ကလင်တန်နှင့်အတူ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်လည်း ပူးပေါင်း ပါဝင်မည်ဟု သိရှိရသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment