Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၉.၃.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

တပ်မတော်နေ့ အခမ်းအနားကို လုပ်ရိုးလုပ်စဉ် မဟုတ်သော သာမန် အဆင့်အဖြစ် မြန်မာ့တပ်မတော် ကျင်းပ

(Associated Press မှ 27 March 2011 ရက်စွဲပါ “Myanmar military unusually Low key celebration of Armed Forces Day” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ တပ်မတော် အစိုးရက တနင်္ဂနွေနေ့တွင် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ထုံးစံ မဟုတ်သော အခမ်းအနားကို ကျင်းပခဲ့ရာ မကြာမီ အတောအတွင်း နာမည်ခံ အရပ်ဖက်အစိုးရထံ အာဏာ လွှဲပြောင်း ပေးတော့မည် ဟူသော မှန်းဆမှုများ ပိုမို များပြား လာသည်။

လွန်ခဲ့သည့် ၆၆နှစ်က ဂျပန် ကျူးကျော်သူ တပ်ဖွဲ့များကို တပ်မတော်က စတင် တော်လှန်ခဲ့သည့်နေ့ကို အထိမ်းအမှတ် အခမ်းအနား ကျင်းပရန် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ ထိုနေ့တွင် ထုံးစံအားဖြင့် ကြီးကျယ်သော စစ်ရေးပြ အခမ်းအနားများ ကျင်းပကာ နေပြည်တော်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိန့်ခွန်း ပြောကြားလေ့ ရှိသည်။

၁၉၈၈ခုနှစ် တပ်မတော်အစိုးရက အာဏာရယူပြီး နောက်ပိုင်း ယခု ပထမဆုံးအကြိမ် တပ်မတော်နေ့ အခမ်းအနားကို သာမန်အဆင့် ကျင်းပခဲ့ခြင်း အတွက် အကြောင်းပြ ရှင်းလင်းမှု တစုံတရာ မကြားသိရပေ။

သို့သော်လည်း မနှစ်က ရွေးကောက်ပွဲများ အပြီး ဖွဲ့စည်းလိုက်သည့် တပ်မတော် သြဇာခံ အရပ်ဖက် အစိုးရက မကြာမီ ရက်ပိုင်းအတွင်း တရားဝင် အာဏာ ရယူတော့မည် ဖြစ်၍ ယခုကဲ့သို့ စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ကောလဟလ သတင်းများ ထွက်ပေါ်လျက် ရှိသည်။

နိုင်ငံပိုင် သတင်းစာ ကလည်း ယခုအခေါက် ရုံးပိတ်ရက်ကို ခမ်းခမ်းနားနား ဖော်ပြခြင်းမရှိဘဲ မနှစ်က အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြောကြားခဲ့သော မိန့်ခွန်းကိုသာ ပုံနှိပ် ဖော်ပြခဲ့ပြီး “တပ်မတော်သည် ဒီမိုကရေစီသို့ ချီတက်သည့် လမ်းတွင် အဓိက အမျိုးသား အင်အားစု အဖြစ် ပါဝင် ထမ်းရွက်ကာ နိုင်ငံနှင့် ပြည်သူကို ဦးဆောင်နေခြင်းအတွက် ဂုဏ်ပြု အပ်ပါကြောင်း” စသဖြင့် New Light of Myanmar သတင်းစာ အယ်ဒီတာ့ အာဘော်တွင် ရေးသားထားသည်။

ထိုနေ့တွင် ဂျပန် တော်လှန်ရေးကို ဦးဆောင်ကာ တပ်မတော်ကို စတင် ထူထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံ ပါတီက ယခင် နာမည်ဟောင်း တော်လှန်ရေးနေ့ကို ရည်ညွှန်းကာ သီးသန့် အခမ်းအနား တစ်ရပ် ကျင်းပခဲ့သည်။ ၁၉၇၀ ခုနှစ်များတွင် မြန်မာနိုင်ငံ၏ ထိပ်တန်း အလှူရှင် နိုင်ငံ ဖြစ်လာခဲ့သော ဂျပန်နိုင်ငံ စိတ်အနှောင့်အယှက် မဖြစ်စေရန် အတွက် ၁၉၇၄ခုနှစ်တွင် တော်လှန်ရေးနေ့မှ တပ်မတော်နေ့ အဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ကြေညာချက် တစ်စောင် ထုတ်ပြန်ရာတွင် ဒီမိုကရေစီ အင်အားစုများနှင့် တပ်မတော်အကြား နားလည်မှု လွဲမှားခြင်းများကို ဖယ်ရှားရန် ဒိုင်ယာလော့ ဆွေးနွေးမှု အမြန်ဆုံး ပြုလုပ်ရန်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တိုက်တွန်းထားသည်။

သူမ၏ ပါတီက မနှစ်က ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ပြီး ယင်းရွေးကောက်ပွဲ များသည် တရားမျှတခြင်းမရှိ၊ ဒီမိုကရေစီ ပြည့်ဝခြင်း မရှိဟု ပြောဆိုခဲ့သည်။ တပ်မတော်အစိုးရ၏ ဖိအားပေးမှု အောက်တွင် ပြုလုပ်ထားသော အခြေခံဥပဒေနှင့် ရွေးကောက်ပွဲမှ တစ်ဆင့် တပ်မတော်က လာမည့် အစိုးရအပေါ်တွင် အဆုံးစွန် အာဏာ ထိန်းချုပ်ရန် အသေအချာ လုပ်ဆောင် နေသည်ဟု NLD ပါတီက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား “သူမ၏ ပါတီနှင့် လက်ရှိ အစိုးရ အကြား အဆင်မပြေသော ဆက်ဆံရေး အရပ်ဖက် အစိုးရသစ် တက်လာချိန်တွင် ပြောင်းလဲ သွားနိုင်ပါသလား” ဟု မေးမြန်းရာ “ကျွန်မတို့ကတော့ အစိုးရနဲ့ ဆက်ဆံရေး ကောင်းဖို့ အမြဲတမ်း ဆန္ဒရှိနေပါတယ်။ ဆက်ဆံရေး တိုးတက်လာဖို့ အတွက်လည်း ဆန္ဒပြုပါတယ်” ဟု သူမက ပြန်လည် ပြောကြားသည်။

“ကျွန်မတို့ကို ဘယ်လို ဆက်ဆံဖို့ ရည်ရွယ်ထားသလဲ ဆိုတာကတော့ သူတို့ (အစိုးရအဖွဲ့သစ်) ပဲ သိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မတို့ကတော့ ဆက်ဆံရေး ကောင်းဖို့ အတွက် လုပ်ဆောင်သွားမှာပါ” ဟု သူမက ဆက်လက် ပြောကြားခဲ့သည်။

**************************************************************************************************************

ဖူကူရှီးမား နျူကလီယာ စက်ရုံ အော်ပရေတာ ဝေဖန်ခံရ

(26 March 2011 ရက်စွဲပါ BBC News မှ Japan:Fukushima nuclear plant operator critised ကို ဘာသာ ပြန်သည်)

ဆိုးဝါးစွာ ပျက်စီးသွားသော ဂျပန် နျူကလီယာ ပါဝါစက်ရုံမှ အော်ပရေတာသည် ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် အလုပ်သမားများအား အကာအကွယ် မပေးနိုင်ခြင်းကြောင့် တာဝန်ရှိသူ များ၏ စိတ်ဆိုးစွာ ပြောဆိုမှုကို ခံခဲ့ရသည်။ ToKyo Electric Power ကုမ္ပဏီ အနေဖြင့်လည်း သတင်း အချက်အလက်များကို ချက်ခြင်း ထုတ်ပြန်ပေးရန် အစိုးရက ပြောခဲ့သည်။

ဂျပန်နိုင်ငံ၏ နျူကလီယာ အေဂျင်စီကပြောကြားရာတွင် ဖူကူရှီးမား စက်ရုံမှ အော်ပရေတာသည် အမှား တော်တော်များများ လုပ်ခဲ့ရာ၌ အလုပ်သမား ဝတ်စုံကိစ္စလည်း ပါဝင်ကြောင်း ဆိုသည်။

အဆိုပါ စက်ရုံသည် မတ်လ(၁၁)ရက် ငလျင်နှင့် ဆူနာမီကြောင့် ဆိုးရွားစွာ ပျက်စီးခဲ့သည်။ ဆူနာမီကြောင့် သေဆုံးသူ ဦးရေ (၁၀၀၀၀)ကျော်သွားပြီး၊ (၁၇၄၄၀) ဦးမှာ ပျောက်ဆုံးလျက် ရှိသည်။

ကုလသမဂ္ဂ နျူကလီယာ စောင့်ကြည့်ရေး အဖွဲ့ဖြစ်သော IAEA ကလည်း အဆိုပါ ဂျပန် နျူကလီယာ စက်ရုံသို့ အဖွဲ့များ စေလွှတ်လျက် ရှိပြီး IAEA ဒါရိုက်တာ Yukiya Amano က New York Times သို့ ပြောကြားရာတွင် နျူကလီယာ အရေးပေါ် အခြေအနေမှာ လပေါင်းများစွာ ကြာမည် မဟုတ်ပဲ ရက်သတ္တပတ် အနည်းငယ် အတွင်း ပြီးသွားနိုင်ကြောင်း ဆိုသည်။

သန့်ရှင်းသောရေ (Fresh Water)

ဂျပန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Yukio Edano က ပြောကြားရာတွင် Tokyo Electric Power Co (Tepco) အနေဖြင့် ယခုအပတ် အဖြစ်အပျက်များ အတွက် ပို၍ ပွင့်လင်း မြင်သာသင့်ကြောင်း၊ အလုပ်သမား သုံးဦးမှာ ရေဒီယို သတ္တိကြွ အဆင့်တွင် သာမန်ထက် အကြိမ် ၁၀၀၀ ခန့် ပိုပြနေပြီး၊ မီးလောင်သည့် ဝေဒနာ ခံစား နေရကြောင်း ဆိုသည်။

“အစိုးရ ထံကို ချက်ခြင်း သတင်း အချက်အလက်တွေ ပေးဖို့ Tepco  ကို ကျွန်တော်တို့ ပြင်းထန်စွာ တိုက်တွန်းပါတယ်”ဟု Mr Edano က ပြောသည်။ ဂျပန်နိုင်ငံ၏ Nuclear and Industrial Safety Agency (Nisa) မှ ပြောခွင့်ရ ပုဂ္ဂိုလ် Hidehiko Nishiyama က ပြောကြားရာတွင် ဒဏ်ရာရသော အလုပ်သမား နှစ်ဦးသည် ခြေမျက်စိ အထိသာ ဖုံးသော ဘွတ်ဖိနပ်ကို ဝတ်ဆင်ထားရာ အကာအကွယ် အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။ Tepco အနေဖြင့် ဖူကူရှီးမား Daiichi စက်ရုံ အဖြစ်အပျက် မတိုင်မီ၊ အခြား နျူကလီယာ ဓါတ်ပေါင်းဖို တစ်ခုတွင် လေထဲ၌ ရေဒီယို သတ္တိကြွများ မြင့်မားစွာ ရှိနေသည်ကို သိရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ဖူကူရှီးမား Daiichi သည် တိုကျိုမြို့ မြောက်ဖက် ၂၄၀ ကီလိုမီတာ (၁၅၀မိုင်) အကွာတွင် ရှိသော ဒေသဖြစ်သည်။

“ရာသီဥတုကို မကြည့်နဲ့ဦး။ စီးဆင်းမှု မရှိတဲ့ ရေတွေမှာ ရေဒီယို သတ္တိကြွတွေ မြင့်မားနေတော့ အလုပ်လုပ်ဖို့ ပြဿနာများစွာ ရှိနေပါတယ်” ဟု Mr Nishiyama က ပြောကြားခဲ့သည်။ ဘေးကင်း လုံခြုံမှု အတွက် ပိုမို တိုးတက် လုပ်ဆောင်ရန် Tepco အား သတိပေးခဲ့ကြောင်း ၎င်းကပြောသည်။

အရေးပေါ် လုပ်သားများသည် ဓါတ်ပေါင်းဖို အရည်ပျော်မသွားရေး အတွက် ဓါတ်ပေါင်းဖို အေးနေစေရန် နပန်းလုံးလျက် ရှိသည်။ ၎င်းတို့သည် အအေးပေးရန် ပင်လယ်ရေအစား သန့်ရှင်းသောရေ (Fresh Water) ကို ပြောင်း၍ အသုံးပြုလျက် ရှိသည်။

ပင်လယ်ရေမှ ဆားဓါတ်သည် ရေရှည်တွင် စက်ပစ္စည်းများကို ပျက်စီးစေမည်ကို စိုးရိမ်ကြရသည် ဖြစ်ရာ သန့်ရှင်းသော ရေကို မောင်းသွင်းခြင်းဖြင့် ရေဒီယို သတ္တိကြွများ ပါသောရေများကို ထွက်သွားစေမည် ဖြစ်သည်။

အင်ဂျင်နီယာ (၇၀၀) ကျော် ပါဝင်သော အဖွဲ့သည် ဓါတ်ပေါင်းဖို ခြောက်ခု အနက် သုံးခုတွင် ရေဒီယို သတ္တိကြွများ ပါဝင်သော ရေကို တွေ့ရှိရပြီး ဓါတ်ပေါင်းဖို လေးခုမှာ အချိန်မရွေး အခြေအနေ ဆိုးသွားနိုင်ဆဲ အခြေအနေတွင် ရှိနေသေးသည်။ အမေရိကန် အမှတ်(၇) သင်္ဘောအုပ်စုသည် ရေသန့် ငါးသိန်း တင်ဆောင်ထားသော ဆွဲသင်္ဘောများကို ယခု အခါ ဂျပန်နိုင်ငံသို့ စေလွှတ်လျက် ရှိသည်။

“ကျွန်တော်တို့ အဆိုးဆုံး ဖြစ်မယ့် အခြေအနေတွေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အကောင်းမြင်လို့တော့ မရနိုင်သေးပါဘူး” ဟု Mr Edano ကပြောသည်။

အိုင်အိုဒင်း

ဂျပန်နိုင်ငံ အနေဖြင့် မတော်တဆ ဖြစ်သွားနိုင်မှုများ ပြီးစီးသွားနိုင်ရန် လိုသေးကြောင်း Mr Amano က New York Times သို့ ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် လျှပ်စစ်မီး ပြန်လည် ရရှိရေးနှင့် ပတ်သက်၍ အပေါင်းလက္ခဏာ ဆောင်သော လက္ခဏာများ တွေ့ရှိခဲ့ရသည်ဟု ဆိုသော်လည်း၊ “မတော်တဆ ဖြစ်နိုင်ခြေတွေ ရပ်ဆိုင်းသွားအောင် လုပ်ဖို့ ပိုမို အားထည့် လုပ်ဆောင်သင့်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

၎င်း၏ အဓိက ကြောက်ရွံ့သော အချက်မှာ အအေးပေးစနစ် မရှိတော့ခြင်းကြောင့် သုံးပြီးသား လောင်စာမှုန် (fule rods)များသည် လေထဲတွင် ရောက်ပြီး၊ လောင်သွားကာ၊ ရေဒီယို သတ္တိကြွ ပစ္စည်းများ ထုတ်လွှတ်မည် ဆိုသည့် အချက်ဖြစ်သည်။

သောကြာနေ့က ဖူကူရှီးမား စက်ရုံအနီးရှိ ပင်လယ်ပြင်တွင် ရေဒီယို သတ္တိကြွ အိုင်အိုဒင်း ပါဝင်မှုသည် လုံခြုံမှု အဆင့်ထက် ၁၂၅၀ ကြိမ် မြင့်တက်နေသည်ကို တိုင်းတာ နိုင်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါ တိုင်းတာမှုများကို ကမ်းခြေမှာ မီတာ ၃၀၀ (၉၈၄ပေ) အကွာတွင် တိုင်းယူခြင်း ဖြစ်သည်။ အဆိုပါ ရေဒီယို သတ္တိကြွများသည် မြေကြီးထဲသို့ စိမ့်ဝင်ပြီး မြေအောက်ရေထဲသို့ ရောက်ရှိ သွားမည်ကို စိုးရိမ်ရသည်။

သို့သော် ရေဒီယို သတ္တိကြွများသည် ရှစ်ရက် ကြာပြီးနောက် အန္တရာယ် မရှိတော့ကြောင်း အဘယ်ကြောင့် ဆိုသော် အိုင်အိုဒင်း၏ သက်တမ်း တစ်ဝက် (iodine’s half-life) ကြောင့် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တရုတ်၊ စင်္ကာပူ၊ ဟောင်ကောင်နှင့် အခြားအာရှ ကုန်ပစ္စည်း တင်သွင်းသူများသည် ရေဒီယို သတ္တိကြွများ စိမ့်ဝင်နေမည်ကို ကြောက်သဖြင့် အချို့ ဟင်းသီးဟင်းရွက်၊ ပင်လယ်စာနှင့် နို့ထွက် ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်ထားသည်။ သြစတြေးလျ၊ အီးယူနှင့် အမေရိကန် တို့ကလည်း ထိုနည်း လည်းကောင်း ပြုလုပ်ခဲ့ကြသည်။

တချိန်တည်းမှာပင် ဂျပန်၏ ဆူနာမီ ဒဏ်ခံဇုန်တွင် စစ်တပ်သည် စားနပ်ရိက္ခာနှင့်ရေများ ပေးဝေလျက် ရှိပြီး လူများ ကယ်တင်နိုင်ရေး အတွက် နေရာများကို ရှင်းလင်းလျက် ရှိသည်။ သို့ရာတွင် ကမ်းရိုးတန်း တလျှောက် အချို့နေရာများတွင် အလောင်းများ မြှုပ်နှံရန် လိုအပ်လျက် ရှိနေသေးပြီး ရာပေါင်းထောင်ပေါင်း များစွာသော အိုးမဲ့အိမ်မဲ့များသည် အားကစားရုံ ကဲ့သို့သော ယာယီနေရာတွင် နေနေရဆဲ ဖြစ်သည်။

လက်ရှိတွင် ဂျပန်အစိုးရသည် ပြန်လည် တည်ဆောက်ရေး အတွက် ဒေါ်လာ ၃၀၉ ဘီလျံ (ပေါင်စတာလင် ၁၉၁.၈ ဘီလျံ) သုံးစွဲလျက် ရှိသည်ဟု သိရသည်။

**********************************************************************************************************

ဂျပန် နျူကလီယာပြဿနာ ပြီးဆုံးရန် အလှမ်းဝေးနေဆဲဟု IAEA အကြီးအကဲ ပြောကြား

(Reuters သတင်းမှ 27March 2011 ရက်စွဲပါ “UN nuclear chief says Japan crisis far from end”သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံသည် ဖူကူရှီးမား နျူကလီယာ ဓါတ်အားပေး စက်ရုံမှ မတော်တဆ ဖြစ်ရပ်ကို အဆုံးသတ်ရန် အလှမ်း ဝေးနေဆဲ ဖြစ်သည်ဟု ကမ္ဘာ့နျူကလီယာ အာဏာပိုင်အဖွဲ့ IAEA အကြီးအကဲ က စနေနေ့တွင် ပြောကြားခဲ့ကြောင်း New YorkTimes က သတင်း ဖော်ပြလိုက်သည်။

နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ယူကီယာ အေမာနိုက “ဂျပန်နိုင်ငံ၏ နျူကလီယာ အရေးပေါ် အခြေအနေသည် လပေါင်များစွာ မဟုတ်သည့်တိုင် သီတင်းပတ်ပေါင်း အတန်ကြာနေပြီ” ဟု သတိပေး ပြောကြားခဲ့သည်။ ယူကီယာ အေမာနို က IAEA အခြေစိုက်သည့် ဗီယင်နာ မြို့တော်မှ တယ်လီဖုန်းဖြင့် NewYork Times သို့ ပြောခဲ့ခြင်း ဖြစ်သည်။

ပြင်းထန်သော ငလျင်နှင့် ဆူနာမီလှိုင်းများ၏ ထိုးနှက်ခြင်း ခံရပြီးနောက် ၂ ပတ်ကြာသည့် တိုင်အောင် ဓါတ်အားပေးစက်ရုံ အခြေအနေ တည်ငြိမ်အောင် အင်ဂျင်နီယာများက ခက်ခက်ခဲခဲ ကြိုးစားနေရဆဲ ဖြစ်ပြီး ပြဿနာပေါ်နေသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီယာ ဓါတ်ပေါင်းဖို အနီးတဝိုက်ရှိ ပင်လယ်ရေထဲတွင် ရေဒီယိုသတ္တိကြွမှု လျင်မြန်စွာ မြင့်တက်နေသည်ဟု ဂျပန် တာဝန်ရှိသူ တစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်။

တိုကျို မြောက်ဖက်၂၄၀ ကီလိုမီတာ အကွာရှိ ဓါတ်အားပေး စက်ရုံမှ ဓါတ်ပေါင်းဖို ၆ လုံး အနက် ၃ လုံးတွင် ရေဒီယို သတ္တိကြွမှု မြင့်တက်နေကြောင်း တွေ့ရှိပြီးနောက် အင်ဂျင်နီယာများက ရေဒီယို သတ္တိကြွ ရေများကို ဖောက်ထုတ်ရန် ကြိုးစားနေသည်။ ကြာသပတေးနေ့က ဓါတ်ပေါင်းဖိုအမှတ် (၃) တွင် ပုံမှန်အဆင့်ထက် အဆပေါင်း ၁၀၀၀၀ များသော ရေဒီယို သတ္တိကြွမှုကို တွေ့ထိရခြင်းကြောင့် လုပ်သား ၃ ဦး တွင် အရေပြားများ လောင်ကျွမ်းမှု ဖြစ်ပေါ်နေသည်ဟု သိရှိရသည်။

ဂျပန်နိုင်ငံမှ မကြာမီ ပြန်လည် ရောက်ရှိလာသော မစ္စတာ အေမာနိုက “ဓါတ်ပေါင်းဖို အလယ်ဗဟိုနှင့် အသုံးပြု လောင်စာတောင့်များ အေးစေရန် ရေလုံလောက်စွာ ဖုံးအုပ်နိုင်ခြင်း ရှိမရှိကို ဂျပန် အာဏာပိုင်များက ယခုတိုင် သေချာ အာမခံနိုင်ခြင်း မရှိသေး” ဟု ပြောကြားခဲ့ကြောင်း New York Times က ဖော်ပြထားသည်။

ဓါတ်ပေါင်းဖိုအတွက် လျှပ်စစ်ဓါတ်အား ပြန်ပေးရန် ဖြစ်နိုင်ခြေ လက္ခဏာ အနည်းငယ်ကိုသာ တွေ့မြင်ခဲ့ရသည်ဟု အေမာနိုက သတင်းစာသို့ ပြောကြားသည်။ IAEA အကြီးအကဲက “ဂျပန်တို့၏ တုန့်ပြန် ဆောင်ရွက်နေမှုကို မဝေဖန် လိုသော်လည်း ယခု ပြဿနာ အဆုံးသတ်ရန် အတွက် ပိုမို ကြိုးပမ်း အားထုတ်မှုများ လိုအပ်နေသည်” ဟု သုံးသပ် ပြောကြားသည်။

****************************************************************************************************************

စတီးဝဲလ် လမ်းမကြီး အဆင့်မြှင့်ရေး တရုတ်၏ လုပ်ဆောင်ချက်

(27 March 2011 ရက်စွဲပါ Assam Tribume မှ Kalyan Barooah ရေးသားသော China’s bid to upgrade Stiwell Road ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယသည် စတီးဝဲလ် Stiwell လမ်းမကြီး ပြန်လည် ဖွင့်လှစ်ရေး စာမျက်နှာကို ပိတ်သိမ်းခဲ့ပြီး ဖြစ်ကောင်း ဖြစ်သော်လည်း တရုတ်ကမူ အဆိုပါ လမ်းမကြီး ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ဝင်စားမှု ရှိကြောင်း ပြသခဲ့သောကြောင့် Pangsau ဖြတ်လမ်းထိ ရောက်သော ၁၀၃၁ ကီလိုမီတာ ရှည်သည့် အဆိုပါ သမိုင်းဝင် လမ်းမကြီး အဆင့် မြှင့်တင်ရေး အတွက် ကန်ထရိုက်များ ရရှိခဲ့သည်။ အဆိုပါ Pangsau ဖြတ်လမ်းမှာ အာသံ ပြည်နယ် လီဒိုမှ (၆၁) ကီလိုမီတာ သာ ဝေးသည်။

ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ထုတ်ထားရာ၌ တရုတ်သည် အဝေးပြေး လမ်းမကြီးများ၊ သယ်ယူပို့ဆောင်ရေး ဗဟိုများနှင့် ကာကွယ်ရေးဆိုင်ရာ တပ်ဆင်မှုများ မှစ၍ ဖြတ်လမ်းများနှင့် တရားဝင် ထိန်းချုပ်ခွင့် ပြုနေရာ (Line of Actual Control) နှင့် နိုင်ငံတကာ နယ်စပ်ရှိ စစ်တပ်များသို့တိုင် လမ်းများ ဖောက်လုပ်လျက် ရှိကြောင်း၊ ယခု အရေးကြီးသော ကန်ထရိုက်သည် ၎င်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ဖော်ပြထားသည်။

ပါလီမန်သည် ကာကွယ်ရေး ဝန်ကြီးဌာနအား နိုင်ငံတကာ နယ်စပ် အထူးသဖြင့် တရုတ် နယ်စပ်တွင် လှုပ်ရှားနေမှုများနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ မထားရှိမှုနှင့် လုံလောက်ပြီဟု ကျေနပ်နေမှု များအား ဝေဖန်ခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပတ်သက်၍ ပါလီမန် ကော်မတီသည် မြန်မာနယ်စပ်တွင် တရုတ်၏ လှုပ်ရှားမှုများနှင့် Stiwell လမ်းမကြီး ဖောက်လုပ်နေမှုများကို ပြောကြားခဲ့သည်။ အဆိုပါ လမ်းမကြီးသည် ၁၇၃၉ ကီလိုမီတာ ရှည်လျားပြီး အာသံတွင် စတင်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ရှိ Pangsau ဖြတ်လမ်းကို ဖြတ်၍ ယူနန်ပြည်နယ် ကူမင်းသို့ ဆက်သွယ်ထားသည်။

တရုတ်သည် ၆၄၇ ကီလိုမီတာ ရှည်သော ကူမင်း-မြစ်ကြီးနား လမ်းကို ကန်ပိုက်တီး ဖြတ်လမ်းကို ဖြတ်လျက် ရာသီမရွေး သွားလာနိုင်သော လမ်းအဖြစ် ၂၀၀၇ မေလက အဆင့် မြှင့်တင်ပြီး ဖြစ်သည်။

မြန်မာနိုင်ငံဖက်မှ ယုဇန ဆောက်လုပ်ရေး ကုမ္ပဏီသည် တရုတ်၏ သဘော တူညီမှုဖြင့် ၁၉၂ ကီလိုမီတာ ရှည်သော မြစ်ကြီးနား-တနိုင်းလမ်းကို ဖောက်လုပ်ရန် သဘောတူပြီး ဖြစ်သည်။ လေးလမ်းသွား လမ်းဖြစ်ရန် လမ်းကို စတင် ဖောက်လုပ်နေပြီ ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ပေ ၃၇၂၇ ရှည်သော Pangsau ဖြတ်လမ်းသည် အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ပတ်ကွိုင်တောင်များ ထိပ်တွင် တည်ရှိသည်။ Pangsau (ပန်ဆောင်) ဖြတ်လမ်းမှ လီဒိုသို့(၆၁) ကီလိုမီတာ ဝေးသည်။ အဘယ်ကြောင့်ဆိုသော် ကြမ်းတမ်းသော တောင်ကြားလမ်း ဖြစ်သောကြောင့် ဖြစ်သည်။ ပထမဆုံး မြန်မာရွာ ပန်ဆောင်ရွာမှ ဖြတ်လမ်းမှ အရှေ့ဖက် (၂) ကီလိုမီတာ အကွာတွင် ရှိသည်။

ယခုလမ်း ပြန်လည် ဖောက်လုပ်မှုသည် နယူးဒေလီ၏ ဆုံးဖြတ်ချက် ဖြစ်သော Stiwell လမ်းမကြီးအား ပြန်လည် မဖွင့်လှစ်ရန် ဆိုသည်ကို ဆန့်ကျင်လျက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစိုးရ၏ ဆုံးဖြတ်ချက်ကို ပြည်ပ ရေးရာ ဝန်ကြီးဌာနမှ ပါလီမန်ကော်မတီသို့ ပေးပို့ခဲ့ပါသည်ဟု သတင်းစာမှ သတင်း ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ၏ ရပ်တည်မှုမှာ မြန်မာ စစ်အစိုးရ၏ တုန့်ပြန်မှု တစ်စိတ်တ စ်ပိုင်းကို အခြေခံသည်။ ကချင် သူပုန်များနှင့် ပြဿနာကြောင့် မြန်မာအစိုးရက Stiwell လမ်းမကြီး ပြန်လည် ဖွင့်လှစ်ရေးကို အေးတိအေးစက် ဖြစ်နေခဲ့ခြင်းကို အခြေခံသည်။

မြန်မာအစိုးရသည် ထူးဆန်းစွာပင် တရုတ် နောက်ခံပြုသော ဆောက်လုပ်ရေး ကုမ္ပဏီများအား အဆိုပါ လမ်းပိုင်း ပြန်လည် မြှင့်တင်ရန် ခွင့်ပြုခဲ့ပြန်သည်။ အနီးတဝိုက်တွင်လည်း တရုတ်သည် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိရာ၊ ပြီးခဲ့သော နှစ်များအတွင်း တရုတ်သည် တိဗက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်တွင် လမ်းဖောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ အဓိက အဝေးပြေးလမ်းများကို ရာသီမရွေး သွားနိုင်သော လမ်းများအဖြစ် အဆင့်မြှင့်ပေးခဲ့သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment