Transparency Myanmar

transparency.myanmar@gmail.com

၇.၃.၂၀၁

 
ပြည်တွင်းသတင်းများ



၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် ရေချိုငါး မွေးမြူထုတ်လုပ်ရေး ပမာဏ လေးဆယ်ရာခိုင်နှုန်း လျော့ချမည်

ရန်ကုန်၊ မတ် ၆။


မြန်မာနိုင်ငံGDP၏ စတုတ္ထအဆင့်ဝင်ငွေရှိသော ရေချိုငါးမွေးမြူထုတ်လုပ်ရေး ပမာဏကို ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လေးဆယ် ရာခိုင်နှုန်း အထိ လျော့ချမွေးမြူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ရေချိုငါး မွေးမြူထုတ်လုပ်မှုကဏ္ဍ လုံးဝပြိုလဲသွားသည်အထိ အရှုံးပေါ်နိုင်သည့်အတွက် ကြောင့် ယင်းသို့ စဉ်းစားရခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ရုံးတွင် မတ်လ ၆ ရက်နေ့၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် ငါးလုပ်ငန်း အစည်းဝေး၌ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

“မလျော့ရင် ရှုံးမယ်။ တိုးမွေးရင် ဈေးကျမယ်။ ရှုံးသူချင်း ညှိပြီးလျှော့မွေးဖို့ ဆုံးဖြတ်တာပါ။” ဟု မြန်မာနိုင်ငံ ငါး မွေးမြူရေး အသင်းဥက္ကဌ ဦးသန်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရေချိုငါး မွေးမြူထုတ်လုပ်ရေးကို နိုင်ငံအနှံ့ ဧကနှစ်သောင်းနှစ်ထောင်ခန့် မွေးမြူ ထုတ်လုပ်နေပြီး ယင်းအနက် ရန်ကုန်တိုင်း ပတ်ဝန်းကျင်တွင် ဧကတစ်သိန်းခွဲခန့် မွေးမြူကြောင်း သိရသည်။ ရေချိုငါး မွေးမြူထုတ်လုပ်ရေး စုစုပေါင်း၏ ရှစ်ဆယ်ရာနှုန်းမှာ ငါးမြစ်ချင်း မွေးမြူထုတ်လုပ်ခြင်း ဖြစ်သည်။

 ယခုနှစ် ပြည်ပသို့ ရေချိုငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရရှိနိုင်ပြီး ယင်းပမာဏမှာ စံချိန်တင် ဈေးရရှိသည့် နှုန်းထားဖြစ်သည်ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုနှစ် မတ်လ ၃၁ မှာ ရနိုင်တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၁၀ က စံချိန်တင်ဈေးရတဲ့ ပမာဏ ဖြစ်ပါတယ်။ မနှစ်က ၁၀၃.၆၆ သန်းရတယ်။ နှစ်အလိုက် တိုးတက်ရလာတဲ့ ဈေးနှုန်းပမာဏကို ကြည့်ရင် ၂သန်း၊ လေးသန်း၊ ခြောက် သန်း တဖြည်းဖြည်းနဲ့ တိုးလာတာပဲ။ အခုနှစ်ဆိုရင် ခြောက်သန်းကျော်တက်ပြီး ရလာတယ်။ နိုင်ငံခြားကို ပို့လို့ရမယ့် ဈေး ကွက် သတ်မှတ်ချက်အနေနဲ့လည်း အခုက အများဆုံးရနိုင်တဲ့ ပမာဏ ဖြစ်တယ်။ အဲထက်တော့ မကျော်နိုင်တော့ဘူး။” ဟု ရေချိုငါး တင်ပို့ရောင်းချမှုမှ နှစ်စဉ် တိုးတက်ရရှိငွေကို အထက်ပါ ပုဂ္ဂိုလ်က သုံးသပ်ပြသည်။

လက်ရှိ ငါးမွေးကန်များတွင် ကုန်လက်ကျန်များ ရှိနေသေးပြီး ဆက်လက် မွေးမြူမည်ဆိုပါက ငါးလုပ်ငန်း ကဏ္ဍ တစ်ခုလုံး လဲပြိုသွားသည်အထိ အရှုံးပေါ်နိုင်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ငါးလုပ်ငန်းကဏ္ဍတွင် ထုတ်လုပ်နိုင်စွမ်းက ဈေးကွက် လိုအပ်ချက်ထက် ပိုလွန်နေသည့် အတွက်ကြောင့်လည်း ထုတ်လုပ်မှု ပမာဏကို လျှော့ချ ရန် စဉ်းစားရခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

“အစက တစ်ဧကကို ငါးသားပေါက် နှစ်ထောင်ထည့်မွေးရင် အခုက ၁၂၀၀ လောက်ပဲ ထည့်မွေးတော့မယ်။ အဲလို လျှော့လိုက်တဲ့အတွက် တစ်ဧက ထွက်ကုန်လျော့မယ်။ ကုန်ချိန်ပိုမထွက်ဘူး။ တစ်ဧက ကုန်ကျစရိတ် သက်သာတဲ့အတွက် အစာလိုအပ်ချက်လဲ လျော့သွားမယ်။ အစာလိုအပ်ချက် လျော့သွားတဲ့ အတွက် ငါးစာဖြစ်တဲ့ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ် ဈေးနှုန်းတွေမှာ ဈေးကျ လာ
မယ်။ ထုတ်လုပ်မှု လျော့လိုက်တဲ့ အတွက်ကြောင့် ပြည်ပ ပို့ကုန်အတွက်ရော၊ ပြည်တွင်း စား သောက်ကုန်အတွက်ပါ ကွက်တိ ဖြစ်သွားမယ့် အတွက်ကြောင့် ဈေးကွက်အတွင်းမှာ ထိခိုက်စရာ အကြောင်း မရှိပါဘူး။” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးဝင်းကြိုင်က ပြောကြားသည်။

ရေချိုငါးမွေးမြူထုတ်လုပ်ရေးသည် စုစုပေါင်းရေထွက်ပစ္စည်း တင်ပို့မှု တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းခန့်ကို နှစ်စဉ် တင်ပို့ ရောင်းချနေသည်။

-----------------------------------------------------------------------------

 
အထူးစီးပွားရေးဇုန်အတွင်း ဝင်ငွေခွန် သက်သာခွင့် လျှောက်ထားရာ၌ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ရေနံဓါတုဗေဒ လုပ်ငန်းများ မပါဝင်

မတ် ၅။

 မြန်မာ့ အထူးစီးပွားရေးဇုန် ဥပဒေ၌ ပါရှိသည့် အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ဝင်ငွေသက်သာခွင့် လျှောက် ထားရာတွင် ဝင်ငွေသက်သာ ကင်းလွတ်ခွင့်ရရှိမှု၌ ခြွင်းချက်အနေဖြင့် ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ရေနံဓါတု လုပ်ငန်းများ မပါဝင်ကြောင်းသိရသည်။

အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမည့်သူများသည် လုပ်ငန်းစတင်သည်နှင့် ပထမ(၅)နှစ် ကာလအတွင်း ပြည်ပ ရောင်းရငွေအပေါ် ဝင်ငွေ ကင်းလွတ်ခွင့် လျှောက်ထားနိုင်ကြောင်း၊ ဒုတိယငါးနှစ်ကာလတွင် ပြည်ပရောင်းရငွေပေါ် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅၀ ရာခိုင်နှုန်း သက်သာခွင့် လျှောက်ထားနိုင်ကြောင်း၊ တတိယ(၅) နှစ်ကာလတွင်လည်း Export ရောင်းချခြင်းမှ ရရှိသည့် အမြတ်ငွေအား အထူး စီးပွားရေးဇုန်အတွင်း ပြန်လည် မြှုပ်နှံ မည်ဆိုပါက ထိုရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေနှုန်းထား၏ ၅၀ ရာခိုင်နှုန်း သက်သာခွင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် အခွန်ကင်းလွတ် သက်သာခွင့် သတ်တမ်းကုန်ဆုံးသွားသည်ဆိုပါက ပို့ကုန်ပစ္စည်း တန်ဖိုးသည် ထုတ်လုပ်သည့် ပစ္စည်းတန်ဖိုးထက် အကြီးစား စက်မှုလုပ်ငန်းတွင် ၅၀ ရာခိုင်နှုန်း ကျော်လွန်နေလျှင်သော် လည်းကောင်း၊ အလတ်စား ရင်းနှီးမြှုပ်နှံမှုတွင် ၆၀ ရာခိုင်နှုန်းထက် ကျော်လွန်နေလျှင်သော် လည်းကောင်း၊ အသေးစား ရင်းနှီးမြှုပ်နှံမှုတွင် ၇၀ ရာခိုင်နှုန်းထက် ကျော်လွန်နေ လျှင်သော်လည်းကောင်း အဆိုပါ ပို့ကုန်လုပ်ငန်း လုပ်ကိုင်မှုနှစ်အတွက် ဝင်ငွေ သက်သာခွင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်ရာ ၎င်းရင်းနှီးမြှုပ်နှံမှု ပမာဏအား မည်ရွေ့ မည်မျှ သတ်မှတ် ထားသည်ကို မသိရသော်လည်း နိုင်ငံရပ်ခြားတိုင်းပြည်များတွင် ဝန်ထမ်းဦးရေ၊ လျှပ်စစ်သုံးစွဲမှုအပေါ်မူတည်၍ အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းများကို ခွဲခြားထားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ၏ စီးပွားရေး ကျွမ်းကျင်သူ ပညာရှင်တစ်ဦးမှ ပြောကြားသည်။

ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ရေနံဓါတုလုပ်ငန်းများအတွက် ဝင်ငွေခွန် သက်သာခွင့် မပေးခြင်းမှာ ၎င်းလုပ်ငန်များသည် အကျိုးအမြတ် များစွာရသော လုပ်ငန်းများဖြစ်ပြီး အမျိုးသား အကျိုးစီးပွားပေါ်မူတည် မပေးခြင်းဖြစ်နိုင်ကြောင်း စီးပွားရေး ပညာရှင်များမှ သုံးသပ် ပြောကြားခဲ့သည်။


------------------------------------------------------------------------------------
 
စက်သုံးဆီ ဝယ်ယူမှုများအား အွန်လိုင်းမှ စိစစ်၍ ကန့်သတ်တော့မည်

မတ် ၅။


 
နိုင်ငံတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ အချင်းချင်း အွန်လိုင်းစနစ် အသုံးပြုကာ စက်သုံးဆီ ရောင်းချနေမှုများအား စိစစ်ကန့်သတ်တော့မည် ဖြစ်ကြောင်း မတ်လအတွင်း၌ ကျင်းပခဲ့သည့် စက်သုံးဆီ ရောင်းချသူများအသင်း အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌ ဦးဇော်လေး မှပြောကြားခဲ့သည်။

ယခုကဲ့သို့ ပုဂ္ဂလိက စက်သုံးဆီရောင်းချမှု ကန့်သတ်ရသည်မှာ စက်သုံးဆီမှောင်ခိုဈေးကွက် ပပျောက် သွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ မိမိဝယ်ယူရသည့် နေရာတိုင်း၌ စက်သုံးဆီများ ဈေးမှန်ကန်မှု ရှိစေရန်ဖြစ်ကြောင်း၊ လိုအပ်သည့်နေရာတိုင်း၌ စက်သုံးဆီများအား လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပေးလိုက် မည်ဆိုပါက မှောင်ခိုဈေးကွက်မှ ပပျောက်သွားနိုင်ကြောင်း၊ နိုင်ငံအတွင်း စက်သုံးဆီများအား တရားမဝင် ရောင်းချခြင်းများ တွေ့ရှိပါက ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း၊ ဗပိာုတရားရုံးချုပ်မှ ရှေ့နေတစ်ဦးက ပြောခဲ့သည်။

 အဆိုပါ အသုံးပြုမည့် အွန်လိုင်းစနစ်မှာ မြန်မာနိုင်ငံ၌ ရောင်းချလျှက်ရှိသည့်  CDMA ဖုန်းများကို အင်တာနက် ချိတ်ဆက်၍ စက်သုံးဆီ ရောင်းချပြီးသော ယာဉ်များ နံပါတ်ကို (UMFCCI) သို့ တစ်ဆင့်ပေးပို့၍ ရရှိသည့် အချက်အလက်များကို ထိန်းချုပ်၍ စက်သုံးဆီ ဝယ်ယူမှုများကို ကန့်သတ်သွားမည်ပာု သိရသည်။

စက်သုံးဆီ မှောင်ခိုဈေးကွက် ပပျောက်ရန်နှင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ အကန့်အသတ်မရှိ ရောင်းချနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေး တိုင်ပင်လျှက်ရှိကြောင်း သိရသည်။

စက်သုံးဆီဆိုင်ဖွင့်စ၌ အကန့်အသတ်မရှိ ရောင်းချ ပေးနိုင်ခဲ့ကြောင်း၊ ဈေးကွက်အတွင်း စက်သုံးဆီ မှောင်ခို ရောင်းချသည့်သူများ ရှိလာသည့်အခါ၌ အကန့်အသတ်ဖြင့်သာ ရောင်းချရတော့ကြောင်း၊ ယခု တာဝန်ရှိသူများနှင့် အွန် လိုင်းစနစ်အသုံးပြု၍ ရောင်းချရန် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ပာု ကြားရသော်လည်း ယင်းကိစ္စမှာ ဖြစ်မြောက်ရန် သေချာကြောင်း ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက  ပြောကြားသည်။

ယနေ့ကမ္ဘာပေါ်ရှိ ရေနံ အများဆုံး ထွက်ရှိသည့် နိုင်ငံများဖြစ်သည့် တူနီးရှား၊ လစ်ဗျား နှင့် အီရန် အစရှိသည့် နိုင်ငံများ၏ နိုင်ငံရေး တည်ငြိမ်မှုမရှိသည့် အခြေအနေများအရ ကမ္ဘာ့ရေနံဈေးကွက် မြင့်တတ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
-------------------------------------------------------------------------------

ပုဂ္ဂလိက ကုမ္ပဏီအများစု တစ်ဆင့်ခံ ကုန်သွယ်မှုလုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်လာ

မတ် ၆။


 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ စတင်၍ ပြောင်းလဲလာသည့် စီးပွားရေး ပေါ်လစီ အသစ်များအရ ပြည်တွင်းကုမ္ပဏီအများစုသည် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများအပြင် ပုဂ္ဂလိကကုမ္ပဏီများမှ တစ်ဆင့်ခံ ကုန် သွယ်မှုလုပ်ငန်းအား ဦးစားပေး လုပ်ဆောင်လာကြကြောင်း အခွန်ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

တစ်ဆင့်ခံ ကုန်သွယ်မှုလုပ်ငန်းမှာ အိန္ဒိယမှ ထွက်ရှိသည့် ကုန်ပစ္စည်းများအား မြန်မာနိုင်ငံမှ တစ်ဆင့်ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်း အစရှိသည့် လုပ်ငန်းဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေး အခင်းအကျင်းသစ်များအရ စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းရှင်အများစု လွတ် လပ်စွာလုပ်ကိုင်ခွင့် ရလာပြီဖြစ်သည့်အတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုကောင်းမွန်လာတော့မည် ဖြစ်ကြောင်း၊ မိမိ နိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီ ဖြစ်သည့်အတွက် နိုင်ငံတွင်း ပိုမိုဖွံ့ဖြိုးတော့မည်ဖြစ်ကြောင်း၊ ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံသည် မဝေးသော အနာဂါတ်ကာလတွင် အာဆီယံနိုင်ငံများနှင့် စီးပွားရေး၌ ဒုတိယ အင်အား အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရသော တရုတ်၊ စီးပွားရေး တောင့်တင်း ခိုင်မာသည့် အိန္ဒိယနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်တော့မည်ဖြစ်ရာ နိုင်ငံအတွင်း၌ ကုန်သွယ်မှု လုပ်ငန်းများ ပိုမိုလွတ်လပ် လာတော့မည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုလည်း ပိုမိုများပြား လာနိုင်မည်ပာု မျှော်လင့်ရကြောင်း ယင်းမှ ပင်ထပ်မံသုံးသပ်ပြောကြားခဲ့သည်။
      
 
×××××××××××××××××××××××××××××××××××××


ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

 
ပြည်ခိုင်ဖြိုးပါတီဝင် အမတ်နှစ်ဦး ထုတ်ပယ်ခံရ

နေပြည်တော်၊ မတ် ၄။



ပြည်ခိုင်ဖြိုးပါတီဝင် အမတ်နှစ်ဦးသည် ဧည့်နိုင်ငံသားများ ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် လွှတ်တော်အမတ် အဖြစ်မှ မတ်လ ၄ ရက်နေ့က ထုတ်ပယ် ခံလိုက်ရကြောင်း သတင်းရရှိသည်။

ထုတ်ပယ်ခံရသူများမှာ အမျိုးသား လွှတ်တော် ပဲခူးတိုင်း မဲဆန္ဒနယ် (၇) မှ ပြည်ခိုင်ဖြိုးအမတ် ဒေါ်ချိုနွယ်ဦးနှင့် ပဲခူးတိုင်း သနပ္ပင်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော် အမတ် ဦးအံ့ကြီးတို့ ဖြစ်ကြောင်း သိရသည်။

အမျိုးသား လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဒေါ်ချိုနွယ်ဦးသည် ပြည်သူ့ငွေစာရင်း ကော်မတီဝင်အဖြစ် မတ်လ ၃ ရက် နေ့က ခန့်အပ်ခဲ့ခြင်း ခံခဲ့ရသူဖြစ်သည်။

အမျိုးသား လွှတ်တော်မှ လစ်ဟသွားသည့် ကော်မတီဝင်နေရာကို အခြား ပြည်ခိုင်ဖြိုး အမတ်တစ်ဦးဖြစ်သူ ပဲခူးတိုင်း မဲဆန္ဒနယ် အမှတ် (၈)မှ အနာကြီးရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ ဦးခင်မောင်လေး နှင့် အစားထိုး လိုက်ကြောင်း သိရသည်။

နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူသာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့်ရှိကြောင်း ၂ဝဝ၈ ခုနှစ်က ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

-------------------------------------------------------------------------

လွှတ်တော် အခွင့်အရေး ကော်မတီတွေကို ဖွဲ့စည်း


မတ်လ ၄ရက်နေ့တွင် သီးခြား ပြုလုပ်ခဲ့ကြသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေး များတွင် အဖွဲ့ဝင် ၁၅ ဦးစီပါသည့် လွှတ်တော် အခွင့်အရေး ကော်မတီများကို ဖွဲ့စည်းခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီ၌ ပြည်ခိုင်ဖြိုးက ၁၁ နေရာ ရရှိပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုနှင့် ဖလုံစဝေါ် ပါတီတို့က တစ်နေရာစီ ရခဲ့ကြောင်း၊ အမျိုးသား လွှတ်တော် အခွင့်အရေး ကော်မတီတွင် ပြည်ခိုင်ဖြိုးပါတီက ၉ နေရာ ရရှိပြီး တစည၊ ကရင်ပြည်သူ့ ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်တို့က တစ်နေရာစီ ရခဲ့ကြောင်းသိရသည်။

လွှတ်တော် အခွင့်အရေး ကော်မတီ၏ တာဝန်များသည် လွှတ်တော်၊ လွှတ်တော် ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အခွင့်အရေးကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်သည့် ကိစ္စများကို စုံစမ်းစစ်ဆေးရန် ဖြစ်ကြောင်း၊ ယင်း အခွင့်အရေးများသည် အခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေများက ပေးအပ်ထားသည့် အခွင့်အရေးများ ဖြစ်ကြောင်း သိရသည်။

လွှတ်တော် အဖွဲ့အစည်းများ ဥပဒေအရ အမတ်တစ်ဦးသည် ကော်မတီ ၂ ခုတွင် ပါဝင်ခွင့်ရှိသော်လည်း လွှတ်တော်ကော်မတီများဆိုင်ရာ နည်းဥပဒေအရမူ ကော်မတီဝင်များသည် လွှတ်တော် ဒုဥက္ကဋ္ဌများ ဖြစ်ခွင့်မရှိသဖြင့် အမတ်များအကြား ဒွိဟ ဖြစ်နေကြ ကြောင်းလည်း သိရသည်။

 
××××××××××××××××××××××××××××××××××××××

 

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


“အခု နောက်ပိုင်းမှာ သဘာဝ ဓာတ်ငွေ့သုံး ဘတ်စ်ကားတွေနဲ့ ပတ်သက်ပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်ပိုင်ရှင်အချို့ရဲ့ အသိပညာနည်းပါးမှု၊ ကားပြင်သမားတချို့ရဲ့ ပြင်ဆင်မှု အပိုင်းမှာ မကျွမ်းကျင်မှုတွေကြောင့် ဂက်စ်ပိုက်လိုင်းတွေ ပြုတ်ထွက်တာ၊ ပြတ်တာနဲ့ဂက်စ်ယိုစိမ့်မှု တွေဖြစ်ပေါ်ပြီးတော့ ယာဉ်တွေမကြာခဏ မီးလောင် ပေါက်ကွဲမှုတွေ ဖြစ်ပွား လာပါတယ်" ဟု မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ကော်မတီ(မထသ)မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ 

မတ်  ၄ ထုတ် မြန်မာတိုင်း(မ်) မှာပါသည့် “စီအင်န်ဂျီသုံးယာဉ်များတွင် မတော်တဆဖြစ်မှုများလာ၍ ပိုမို ဂရုစိုက်ရန် သက်ဆိုင်ရာမှ သတိပေးပြောကြား” သတင်းမှ ကောက်နှုတ်ချက်

------------------------------------------------------------------------

“၂၁ရာစုဟာ IT ခေတ်ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရကလည်း Information သတင်းအချက် အလက်တွေ ရအောင် လုပ်ရမယ်။ မီဒီယာကလည်း လိုတယ်။ တချို့တောင်သူလယ်သမားတွေက အရိုးစွဲနေတယ်။ မြင်မှ လုပ်တတ်တယ်။ ဒါကြောင့် သူတို့ကို လက်တွေကပြဖို့လိုတယ်။ မြန်မာ့စိုက်ပျိုးရေးဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေက လက်တွေ့ပြဖို့ လိုတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက နည်းပေးလမ်းပြလုပ်ပြီး ခေါ်သွားဖို့ လိုတယ်။ တောင်သူလယ်သမား တွေအနေနဲ့ ဖောက်ထွက်နိုင်တဲ့ အတွေးအခေါ် ရှိရမယ်။ ဘယ်နိုင်ငံက ဘာကမ်းလှမ်းတယ်ဆိုတာ သိရမယ်” ဟု လယ် ယာစီးပွားသတင်းမှ အယ်ဒီတာချုပ် ဦးမြတ်စိုး(လှိုင်)က ဆက်လက် ပြောကြားသည်။

မတ်လ (၆) ရက်နေ့ထုတ် ဖလားဝါးနယူး(စ်)ဂျာနယ်တွင် ပါသည့် “တောင်သူလယ်သမားအရေး အစိုးရသစ် ဖော်ဆောင် ဖို့လို” သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

------------------------------------------------------------------------

ဘဏ်အသစ် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ လေးခုအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများအရ လုပ်ကိုင်ခွင့်ရသည့် ဘဏ်အသစ်များသည် ရင်းနှီးငွေ၏ ၁၀ ဆကိုသာ ဘဏ်အပ်ငွေအဖြစ် လက်ခံရမည်ဖြစ် ပြီး ဘဏ်အပ်ငွေ၏ ၇၀ ရာခိုင်နှုန်း ချီးငွေအဖြစ် ဗဟိုဘဏ်က သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း ချေးငွေ ထုတ်ပေးခွင့် ပြုထားသည်။

“မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်အသစ်တွေကို ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံငွေ ထားရှိရမယ်လို့  ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ ADGဘဏ်က ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံငွေ ထည့်ထားတဲ့အတွက် ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းအရ ရင်း နှီးမြှုပ်နှံငွေ ၁၀ ဆဖြစ်တဲ့ ၂၀၀ ဘီလီယံကို ဘဏ်အပ်ငွေအဖြစ် လက်ခံထားခွင့် ရပါတယ်” ဟု AGD ဘဏ်၏ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲမင်းဦးက ပြောကြားသည်။

မတ်လ (၆)ရက်နေ့ထုန် True News တွင် ပါသည့် “ထူးထရေးဒင်း ကုမ္ပဏီပိုင် AGDဘဏ် ရင်းနှီးမြှုပ်နှံငွေ ၂၀ ဘီလီယံ ထားရှိ”  သတင်းမှ ကောက်နှုတ်ချက်
 
××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ


လောင်စာဆီဈေးကွက် အပြောင်းအလဲများ

အီဂျစ်၊ လစ်ဗျား အစရှိသည့် နိုင်ငံတစ်ချို့၏ နိုင်ငံရေး အခြေအနေကြောင့် ကမ္ဘာ့ရေနံဈေး မြင့်တက်လာသလို ပြည်တွင်း လောင်စာဆီဈေးအချို့လည်း အခုရက်ပိုင်းမှာ ဆက်တိုက် တက်လာသည်ကို တွေ့ရ သည်.” မတ်လ ၂ ရက်နေ့ ဒီဇယ် တစ်ပီပါ (ဂါလန် ၅၀) ဈေးက နှစ်သိန်းနှစ် သောင်းပါ။ ဆိုင်ထုတ်ဈေးကလည်း တစ်ဂါလန် ၄၀၀၀ လောက် ရှိနေ တယ်” ဟု ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း တာဝန်ခံတစ်ဦးက ရှင်းလင်း ပြောကြားသည်။

ဖေဖော်ဝါရီလ ဒုတိယအပတ်ကစ၍ ပြည်တွင်း စက်သုံးဆီဈေးသည် ကျပ် ၃၃၀၀မှ ကျပ် ၃၄၀၀ သို့ စတင်မြင့် တက်လာသည်။ ဖေဖော်ဝါရီ ဒုတိယပတ်နှင့် တတိယပတ်အတွင်းတွင် ဒီဇယ်ဈေးသည် အမြင့်ဈေးဖြင့် ငြိမ်နေခဲ့သည်။ ဖေဖော်ဝါရီ ၂၀၊ ၂၄၊ ၂၅၊ ၂၇ ရက်နေ့များမှာ တစ်နေ့ကို ၁၀၀ ကျပ်နှုန်းဖြင့် ကျပ်လေးထောင်အထိ ဆက်တိုက် တက်လာခဲ့ သည်။ ကမ္ဘာ့လောင်စာဆီဈေး အဓိက မြင့်တက်လာရခြင်းမှာ အရှေ့အလယ်ပိုင်းနိုင်ငံများထဲက ရေနံတင်သွင်းသည့် နိုင်ငံများအဖွဲ့(OPEC) ဝင်နိုင်ငံ ဖြစ်သည့် လစ်ဗျားနိုင်ငံ၏ နိုင်ငံရေးမငြိမ်သက်ဖြစ်မှုနှင့် ဆက်စပ်နေသည်ဟု ဖေဖော်ဝါရီ ၂၁ ရက် AFP သတင်းမှာဖော်ပြထားပါသည်။ လစ်ဗျားနိုင်ငံ၏ ဓာတ်ငွေနှင့်ရေနံထုတ်လုပ်မှုသည် တရက်ကို စုစု ပေါင်း ၂၄၄၀၀၀ ထုတ်လုပ်သည်ဟု သိရသည်။

ယခုနှစ် ဒီဇယ်ဈေးသည် ဖေဖော်ဝါရီ လလယ်ပိုင်းက (ဂါလန် ၅၀) တစ်ပီပါလျှင် ကျပ်တစ်သိန်း ခွဲခန့်ရှိရာမှ တစ်ပီ ပါလျှင် ကျပ်ခုနှစ်သောင်းအထိ ယခုရက်ပိုင်းအတွင်း ဈေးတက်လာခြင်းဖြစ်ကြောင်း၊ ဒီဇယ်ဈေး ထူးကဲမှုကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍအသီးသီးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် သက်ရောက်မှုများ ရှိနိုင်ကြောင်းလည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။ “အခုရက်ပိုင်း ဒီဇယ်ဈေးအပါအဝင် တန်ပိုကိစ္စကြောင့် ကုန်ပို့ခ တွေပေါ်မှာလည်း အပြောင်းအလဲရှိပါတယ်။ အရင် ရန်ကုန်- မန္တလေး ကုန်တစ်ပိဿာ ၁၃၀ ကျပ်ကနေ ၁၄၀ ကျပ် လောက် ဖြစ်သွားတယ်” ဟု ဘုရင့်နောင် ခရေလမ်းကုန်စည်ပွဲရုံလုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။ ယခင်က ခြောက်ဘီး ကုန်တင်ယာဉ်တစ်စီး ကုန်တန်ချိန် ၂၀၊ ၁၀ ဘီး ကုန်တန် ချိန် ၃၀၊ ၁၂ ဘီးကုန်တင်ယာဉ် တစ်စီး ကုန်တန်ချိန် ၄၀ တင်ဆောင်နိုင်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဆီယံ စံချိန်စံညွှန်းအရ ခြောက်ဘီးကုန်တင်ယာဉ် တစ်စီးပျဉ်းမျှ ကိုး တန်၊ ၁၀ဘီးက ပျဉ်းမျှ ၁၁ တန်နှင့် ၁၂ဘီက ပျဉ်းမျှ ၁၃ တန်အထိပဲ တင်ဆောင်ခွင့်ရှိ၍ နောက်ပိုင်းကုန်ပို့ခများ နှစ်ဆခန့် တက်ခဲ့ခြင်း ဖြစ်သည်ဟု ဘုရင့် နောင်ကားဝန်းမှ ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

ဒီဇယ်ဆီမှာ တင်ရားဝင်ဈေး တစ်ဂါလန် ၄၀၀၀ သတ်မှတ်ရောင်းချနေခြင်းကြောင့် ရန်ကုန်ပြင်ပ စက်သုံးဆီ ဈေးကွက်တွင် တွင်ကျယ်ခြင်းမရှိသော်လည်း နယ်ဒေသများသို့ ပို့ဆောင်ရောင်းချသော ပြင်ပလက်ကား စက်သုံးဆီ ရောင်းဝယ်သူများ ရှိလာကြောင်း သိရှိရသည်။ “ စက်သုံးဆီကို ရန်ကုန်ကနေ နယ်တွေဆီ ပီပါလိုက်ပို့ပြီး ရောင်းဝယ်တဲ့သူတွေ ရှိတယ်။ ရန်ကုန်မှာ ဒီဇယ် တစ်ဂါ လန် ၄၀၀၀ပဲရှိပေ မယ့်  မန္တလေးမှာတောင် ဒီဇယ်တစ်ဂါလန် ၅၀၀၀ အထက်မှာပဲရှိတော့ ဈေးက တစ်ထောင်လောက် ကွာတယ်။ ဒီကနေ နယ်ကို သယ်ပို့ရောင်းချတဲ့သူတွေလည်းများတယ်။ နယ်တွေမှာ ဒီဇယ်ဈေးက တော်တော်မြင့်တယ်။ နောက်ပြီး ဓာတ်ဆီ ပြင်ပဈေးကွက်တွေက နယ်ဒေသတွေမှာလည်း တော်တော် ကြီးကြီးကျယ်ကျယ်နဲ့ကို အရောင်းအဝယ်ဖြစ်နေတယ်” ဟု ပြင်ပ စက်သုံးဆီ အရောင်းအဝယ် ဈေးကွက်တွင် ကျင်လည် လှုပ်ရှားနေသူ ရန်ကုန်ဒေသခံ အသက် ၄၀ ကျော်အရွယ် စီးပွားရေးသမာတစ်ဦးက ရှင်းပြသည်။

ထို့အပြင် စက်သုံးဆီကို အကြောင်းပြပြီး တက္ကစီယာဉ်တစ်ချို့ ဈေးပိုတောင်းလာသည်ကို တွေ့ရသည်။ တက္ကစီ ယာဉ်တွေက မီတာဈေးအတိုင်း မဌားသည့်အပြင် ယခင်ဈေးထက် ပိုတောင်းလာသည်။ “တာမွေကနေ ပုဇွန်တောင်ကို ပုံမှန် ကျပ် ၁၅၀၀ နဲ့ စီးနေကျ ဒီနေ့မှာကျပ် ၂၀၀၀ အထိတိုး တောင်းတယ်။ CNGကားတွေပါရောပြီးတိုးတောင်းတယ်” ဟု ခရီးသည် အမျိုးသမီး တစ်ဦးကဆိုသည်။ ၅၂လမ်းထပ်က တက္ကစီသမားတစ်ဦးက” ဆီဈေးက တစ်နေ့ထက် တစ်နေ့ တက် နေတော့ ဈေးပိုတောင်းကြတာနေမှာ၊ CNG ကားကဈေးမတက်ပေမဲ့ တက္ကစီကားအချင်းချင်းဈေးညှိပြီး ပုံမှန်ထက် ကျပ် ၅၀၀ လောက်တိုးတောင်းနေကြတာ၊ ကျွန်တော်တို့ကတော့ အပြောင်းအလဲမရှိပါဘူး။ ဒီရက်ပိုင်းတော့ ကားဌားတဲ့သူတွေ လျော့သွားတာတော့ရှိတယ်” လို့ဆိုသည်။

×××××××××××××××××××××××××××××××××××××××××××××××
 

ဘာသာပြန်သတင်း


တရုတ်ငါးနှစ်စီမံကိန်း ကမ္ဘာကို သက်ရောက်မှု ရှိမည်လော


တရုတ်နိုင်ငံက စွမ်းအင်ကို ပိုမိုအကျိုးရှိစွာအသုံးပြုနိုင်ရန်၊ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်း၍ စွမ်းအင် သုံးစွဲမှုကြောင့် ဖြစ်ပေါ်သည့် ညစ်ညမ်းမှုများကို ဖြေရှင်းနိုင်ရန်အတွက် အရေးယူ ဆောင်ရွက်မှုများကို နောင်ငါးနှစ်အတွင်း ထိရောက်စွာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောကြားလိုက်သည်။

စနေနေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်ထုတ်ပြန်သည့် အစိုးရ၏ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွက် ၁၂ကြိမ်မြောက် ငါးနှစ်စီမံကိန်း မူကြမ်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ ယူနစ်တစ်ခုချင်း စီတိုင်းအတွက် စွမ်းအင်သုံးစွဲမှုနှင့် ကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လွှတ်မှု ပမာဏကို ၁၆ ရာနှုန်းမှ ၁၇ ရာနှုန်းအထိ အသီးသီးလျော့ချမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

စွမ်းအင်သုံးစွဲမှုတွင် ဒီဇယ်၊ ဓါတ်ဆီကဲ့သို့ ရုပ်ကြွင်းလောင်စာမဟုတ်သည့် လောင်စာဆီသုံးစွဲမှုပမာဏ တိုးမြှင့်နိုင်ရန် အတွက် နေစွမ်းအင်၊ လေစွမ်းအင်ကဲ့သို့ သန့်စင်သောစွမ်းအင်ကို ၂၀၁၀ခုနှစ်က ၈.၃ရာခိုင်နှုန်းသာ သုံးစွဲခဲ့ရာမှ ၁၁.၄ ရာခိုင်နှုန်း အထိတိုး၍ ရောနှော သုံးစွဲရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ မူကြမ်းကို အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူနိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့်၏ အမျိုးသား ကော်မတီတွင် မကြာမီရက်များအတွင်း ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရည်မှန်းချက်များသည် ရာသီဥတုပြောင်းလဲမှုအပေါ် အဓိကသက်ရောက်နေသည့် အစိတ် အပိုင်း ဖြစ်သော ကာဗွန်ထုတ်လွှတ်မှု ပမာဏကို ၂၀၀၅ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ၄၀မှ ၄၅ရာနှုန်း အထိ လျှော့ချနိုင်ရေးအတွက် နိုင်ငံအနှံ့ ကျယ်ပြန့်စွာ ဆောင်ရွက်မည့် စီမံချက်များ၏ အစိတ်အပိုင်း ဖြစ်သည်ဟု ဝမ်ကျားပေါင်က ပြောကြားခဲ့သည်။

ပေကျင်းရှိ ရာသီဥတုဆိုင်ရာအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဝူချမ်းဝှါက ဝန်ကြီးချုပ်ပြောသည့် စွမ်းအင်နှင့် ကာဗွန်ထုတ်လွှတ်မှု ပမာဏဆိုင်ရာ ရည်မှန်းချက်များသည် လေထုတွင်းရှိ ဖန်လုံအိမ်ဓါတ်ငွေ့ ပမာဏကို ချိန်ညှိ နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီက ခန့်မှန်းထုတ်ပြန်ထားမှုများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည် ဟု ဆိုသည်။

အေဂျင်စီ၏ ပြောဆိုချက်အရ ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုကို တစ်သန်းအောက် ၄၅၀ ပုံတစ်ပုံ အထိ ထိမ်းသိမ်းထားသင့်ပြီး ယင်းသည် အပူချိန်မြင့်မား လာမှုကြောင့် ဖြစ်ပေါ်နိုင်ဖွယ် ရှိသော ပြင်းထန်သည့် သဘာဝ ဘေးအန္တရာယ်များမှ ကမ္ဘာကြီးကို ကာကွယ် နိုင်ပေးနိုင်မည့် အနိမ့်ဆုံး အမှတ်ဖြစ်သည်ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၀၆ မှ ၂၀၁၀ ခုနှစ်တွင် တရုတ်သည် စွမ်းအင်သုံးစွဲမှုကို GDP ၏ တစ်ယူနစ်ဖြစ်သော ၁၉.၁ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး ၎င်း၏ ငါးနှစ်အတွင်း နှစ်ဆယ်ရာနှုန်းလျှော့ချရေး ရည်မှန်းချက်ကို ပြည့်လု နီးပါးအထိ နီးကပ်ခဲ့ကြောင်း ဝမ်ကျားပေါင်၏ အဆိုအရ သိရသည်။ နိုင်ငံ၏ နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အလားတူ ကာလအတွင်း ၇.၅ ရာခိုင်နှုန်း ရည်မှန်းခဲ့သော်လည်း ၁၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

ဒေသတွင်း အစိုးရများသည် စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များကို အနိမ့်ဆုံး လိုအပ်ချက်အဖြစ် ရှေ့ရှုဆောင်ရွက်နေစဉ်တွင် ထိပ်ပိုင်းခေါင်းဆောင်များက သတ်မှတ်ထားသည့် ဖွံ့ဖြိုးရေး ရည်မှန်း ချက်ကို မျက်နှာလိုအားရ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမျိုး မလုပ်သင့်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ဆိုသည်။

တရုတ်လူမျိုး ပါမောက္ခတစ်ဦးကလည်း တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်သည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပျမ်းမျှလိုအပ်ချက်ထက် ၁.၅ဆ ပိုများနေသည့်အတွက်ကြောင့် ရေရှည်တွင် စွမ်းအင်လိုအပ်ချက် ဆက်လက်ရှိ နေဦးမည်ဟု ဆိုသည်။

သို့သော် အခြားအကြီးတန်း သုတေသနသမားတစ်ဦးက တရုတ်နိုင်ငံသည် စွမ်းအင်ပိုမိုအကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် လွန်ခဲ့သည့် ငါးနှစ်က ဈေးနှုန်းမြင့်မားစွာ ပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်တွင် တရုတ်သည် ကာဗွန်နှင့် စွမ်းအင်ထုတ်လွှတ်မှုကို ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ရည်ရွယ်ထားသည်ဟု အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ဖွဲ့စည်းရေး ကော်မရှင်ကထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ပြောကြားခဲ့သည်။

အဆိုပါ ငါးနှစ်စီမံချက်သည် သဘာဝပတ်ဝန်းကျင်ကို အဓိကညစ်ညမ်းစေသည်များအား ထုတ်လွှတ်မှု ကို ၂၀၁၅တွင် ၈ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ သိသိသာသာ လျှော့ချရန် အတွက်လည်း ရည်မှန်းထားသည်။
 

ဆင်ဟွာသတင်းဌာနမှ China's five-year blueprint significant to whole world ကို ဘာသာပြန်ဆိုသည်။

××××××××××××××××××××××××××××××××
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

0 comments:

Post a Comment