Transparency Myanmar

transparency.myanmar@gmail.com

၇-၃-၂၀၁၁

ဘာသာပြန်သတင်းများ - ၁

ရုရှားနိုင်ငံမှ MiG-29 ဂျက်တိုက် လေယာဉ်များ မတ်လတွင်း မြန်မာသို့ရောက်မည်

(Flight Global မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံသည် ယခု မတ်လ အတွင်း ရုရှား နိုင်ငံမှ RSK MiG-29 အမျိုး အစား ဂျက်တိုက် လေယာဉ် အစင်း ၂၀ လက်ခံ ရယူမည် ဖြစ်ကြောင်း Flight Global သတင်း ဌာန ရေးသားချက် အရ သိရသည်။ အမေရိကန် ဒေါ်လာ ၅၅၃ သန်း တန်ဖိုးဖြင့် အရောင်း အဝယ် ဖြစ်ထားသော အဆိုပါ ဂျက်တိုက် လေယာဉ် အစင်း ၂၀ ရောက်ရှိ လာပါက မြန်မာ နိုင်ငံ တွင် MiG အမျိုး အစား လေယာဉ် စင်းရေ နှစ်ဆ ပိုဖြစ် လာမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင် ဘာလတွင် အော်ဒါ မှာယူ ခဲ့သည့် အဆိုပါ လေယာဉ်များကို မြန်မာ နိုင်ငံသို့ သုံးသုတ် ခွဲကာ တင်ပို့မည် ဖြစ်ကြောင်း၊ ပထမ အသုတ်တွင် MiG-29B အမျိုးအစား ၁၀ စင်း၊ ဒုတိယ အသုတ်တွင် ပိုင်းလော့ တစ်ဦးသာ မောင်းနှင် နိုင်သည့် MiG-29SE အမျိုး အစား ခြောက်စင်း၊ တတိယ အသုတ်တွင် MiG-29UB အမျိုး အစား လေးစင်း ပါဝင်မည် ဖြစ်ကြောင်း Flight Global ကဆိုသည်။ ယခု အရောင်း အဝယ် ဖြစ်မှုကြောင့် MiG-29 ထုတ်လုပ် သောRSK Lukhovitsy စက်ရုံ၌ MiG-29B/SE အမျိုး အစားများ လက်ကျန် ရှိတော့မည် မဟုတ်ပေ။

မြန်မာ နိုင်ငံမှ ဝယ်ယူသော အဆိုပါ ဂျက်တိုက် လေယာဉ်များကို သာမန် ပြည်ပ တင်ပို့မှု အစီ အစဉ်ဖြင့် လွှဲပြောင်း ပေးပို့မည် ဖြစ်ပြီး Analogue Instruments နှင့် Phazotron N-019 အမျိုး အစား ရေဒါများလည်း ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် ယခင်က ဘီလာရုစ် နိုင်ငံမှ အသုံးပြု ပြီးသား MiG-29 ဂျက်တိုက် လေယာဉ်များကို ဝယ်ယူ ခဲ့သော်လည်း နောက်ပိုင်း ကာလ များတွင် ယင်းလေယာဉ်များ ထုတ်လုပ်သည့် မူလ ကုမ္ပဏီနှင့် ရုရှား စစ်လက်နက် တင်ပို့ ရောင်းချရေး ကုမ္ပဏီ တစ်ခု ဖြစ်သော Rosoboronexport ကို ဆက်သွယ် ခဲ့သည်။

မော်စကို အစိုးရကလည်း လက်နက်များနှင့် အပို ပစ္စည်းများ ရောင်းဝယ် ရာတွင် လည်းကောင်း၊ လေ့ကျင့်ရေး သင်တန်းများ ပေးရာတွင် လည်းကောင်း မြန်မာ နိုင်ငံကို အကူ အညီ ပေးခဲ့သည်။ ထို့ပြင် မြန်မာ နိုင်ငံရှိ လေတပ် အခြေစိုက် စခန်း တစ်ခုတွင်လည်း Stimulator တစ်ခု တပ်ဆင် ပေးခဲ့သည်။

ယခုလို RSK MiG မှ ဂျက်တိုက် လေယာဉ်များ ထပ်မံ ဝယ်ယူ လိုက်ခြင်းသည် မြန်မာ နိုင်ငံရှိ လေတပ် အင်အားကို ပိုမို ကောင်းမွန် သွားစေပြီး စစ်မက် ဖြစ်ပွားရန် ပြင်ဆင် ပေးလိုက် သကဲ့သို့ ဖြစ်ကြောင်း သတင်း ရင်းမြစ် များက ဆိုသည်။ လက်ရှိ အနေ အထားတွင် မြန်မာ့ တပ်မတော် (လေ) ၌ MiG-29 အမျိုးအစား ဂျက်တိုက် လေယာဉ် ၁၂ စင်း ပိုင်ဆိုင် ထားကြောင်း Flight Global ၏ MiliCAS သတင်း အချက် အလက်များ အရ သိရသည်။

ဤအတော အတွင်းမှာပင် RSK MiG က အိန္ဒိယ ကုမ္ပဏီများနှင့် ပူးပေါင်းကာ ထောက်ပံ့ ပို့ဆောင်ရေး စနစ်သစ် တစ်ခုကို ထူထောင်မည် ဖြစ်ကြောင်း၊ အဆိုပါ စနစ်သစ်က အိန္ဒိယရှိ MiG-29 ဂျက်တိုက် လေယာဉ်များ အပါအဝင် မြန်မာနှင့် မလေးရှား နိုင်ငံ လေတပ်များမှ ဂျက်တိုက် လေယာဉ်များ အတွက် Customer Support များ ပြုလုပ် ပေးနိုင် မည် ဖြစ်ကြောင်း ပြောကြား လိုက်သည်။

 
----------------------------------------------------------------
လောင်စာဆီ ဈေးနှုန်း တစ်ပေပါလျှင် ဒေါ်လာ ၁၀၀ အထက်သို့ ရောက်

(AP သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ရေနံစိမ်းနှင့် ဓာတ်ဆီ ထောက်ပံ့ တင်ပို့မှုသည် လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း မမျှော်လင့်ဘဲ ကျဆင်းခဲ့ သောကြောင့် အာရှ ဒေသ၌ လောင်စာဆီ ဈေးနှုန်းမှာ မတ်လ ၂ ရက်နေ့တွင် တစ်ပေပါလျှင် ဒေါ်လာ ၁၀၀ အထက်သို့ မြင့်တက် ရောက်ရှိသွားပြီး ဝယ်လိုအား များလည်း မြင့်တက် လာဖွယ် ရှိကြောင်း AP သတင်းက ဆိုသည်။

နယူးယောက် အခြေစိုက် Mercantile Exchange ရှိ အီလက် ထရွန်နစ် ကုန်သွယ်ရေး ဈေးကွက်တွင် မတ်လ ၂ ရက်နေ့ (နေ့ခင်းပိုင်း စင်ကာပူ စံတော်ချိန်) ၌ ရေနံစိမ်း တင်ပို့ မှုမှာ ၅၁ ဆင့် တက်သွားပြီး တစ်ပေပါ လျှင် ၁၀၀ ဒဿမ ၁၄ ဒေါ်လာသို့ ရောက်ရှိ သွားသည်။ လန်ဒန် အခြေစိုက် ICE Futures Exchange တွင်မူ  ရေနံစိမ်း တင်ပို့မှုမှာ ၂၃ ဆင့် မြင့်တက် သွားပြီး တစ်ပေပါလျှင် ၁၁၅ ဒဿမ ၆၅ ဒေါ်လာသို့ ရောက်ရှိ သွားသည်။

American Petroleum Institute က မတ်လ ၁ ရက် နေ့တွင် ထုတ်ဖော် ပြောဆိုချက် အရ ရေနံစိမ်း ပေပါ လက်ကျန် ၁ ဒဿမ ၁ သန်းသာ ရှိတော့သည်။ သို့သော် McGraw-Hill Cos စွမ်းအင် သတင်း အချက် အလက် ဆိုင်ရာ အဖွဲ့က ပြုလုပ်သော စစ်တမ်း အရ ရေနံစိမ်း ကုန်ကြမ်းလက်ကျန် ပေပါ ၁ ဒဿမ ၆ သန်းထိ မြင့်တက် လာမည်ဟု ခန့်မှန်း သည်။ သိုလှောင် ထားသော ဓာတ်ဆီ ပေပါ လက်ကျန်မှာ ၄ ဒဿမ ၉ သန်း ဖြစ်ပြီး ဓာတ်ဆီ အဖြစ် ချက်လုပ် နိုင်မည့် လောင်စာကြမ်း စုစု ပေါင်းမှာ ပေပါ ၁ ဒဿမ ၄ သန်းသာ ရှိကြောင်း API က ဆိုသည်။

လက်ရှိ အနေ အထားတွင် စွမ်းအင် ကုန်သည်ကြီး များသည် မွမ်မာ ကဒါဖီ ဆန့်ကျင်ရေး ဆန္ဒ ပြမှု များနှင့် လူထု အုံကြွမှုများ ဖြစ်ပေါ် နေသည့် လစ်ဗျား နိုင်ငံကို အနီးကပ် စောင့်ကြည့် လေ့လာလျက် ရှိသည်။ အိုပက် အဖွဲ့ဝင် နိုင်ငံ တစ်ခု ဖြစ်သော လစ်ဗျား နိုင်ငံမှ ကဒါဖီ ဆန့်ကျင်ရေး သမားများက ရေနံ ထုတ်လုပ် မှုကို ဖြတ်တောက် လိုက် ကြသည်။ စွမ်းအင် ရင်းနှီး မြှုပ်နှံရေး သမား များက အကြမ်းဖက် တိုက်ခိုက် မှုများ၊ လူထု အုံကြွမှု များနှင့် နိုင်ငံရေး အလှုပ် အရမ်း များက အခြားသော ဒေသများသို့ ကူးစက် ဖြစ်ပေါ် သွားမည်ကို စိုးရိမ်လျက် ရှိသည်။ အကြောင်းမှာ အီရန်၊ အီရတ်၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်း၊ ကူဝိတ်၊ ကာတာ၊ အိုမန် နှင့် ဆော်ဒီ အာရေဗျ တို့တွင် ကမ္ဘာ့ အရန် ရေနံ စုစု ပေါင်း၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားသော ကြောင့် ဖြစ်သည်။

"လက်ရှိ ဖြစ်နေတဲ့ စိုးရိမ် ထိတ်လန့်မှု ကတော့ မတည် မငြိမ်မှုတွေ၊ နိုင်ငံရေး အလှုပ် အရမ်းတွေ တခြား ဒေသတွေကို ကူးစက် ပျံ့နှံ့ သွားမလား ဆိုတာပါ" ဟု ကင်မရွန်း ဟန်အိုဗာက ဆိုသည်။

 
------------------------------------------------------------
 
ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ အငတ်ဘေးနှင့် ရင်ဆိုင်နေရ

(Asia News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ စစ်တပ်နှင့် သူပုန် တပ်ဖွဲ့ ဝင်များ အကြား ပစ်ခတ် တိုက်ခိုက်မှု များကြောင့် တိုင်းရင်းသား လူနည်းစု အရပ်သား ထောင်ပေါင်း များစွာ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင် သွားကြ ရကြောင်း သိရသည်။ ဒုက္ခသည် တစ်သောင်းခန့်မှာ နေထိုင် စရာနှင့် စားစရာ အလောက် အငှ မရရှိမှုနှင့် ကြုံတွေ့ နေရပြီး အမျိုးသမီးများ၊ သက်ကြီးပိုင်း များနှင့် ကလေး ငယ်များမှာ ပိုမို ဒုက္ခ တွေ့နေ ရသည်ဟု ဆိုသည်။

ထွက်ပြေး တိမ်းရှောင် သွားရသူ တိုင်းရင်းသား အများစုမှာ ကရင်များ ဖြစ်ကြပြီး ထိုင်း နိုင်ငံတွင်း အစာ ရေစာ ငတ်မွတ်မှုကြောင့် သေဆုံး ရမည့် အခြေ အနေသို့ ဆိုက်ရောက် နေသည်။ ဒုက္ခသည်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ မှစ၍ ထိုင်းနိုင်ငံ၊ တက် ပြည်နယ်တွင်း ယာယီ တဲများဖြင့် နေထိုင် ကြရကြောင်း၊ ၎င်းတို့သည် မြန်မာ စစ်တပ်နှင့် ကရင် သူပုန် များ အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် အိုးအိမ်များ စွန့်ပစ်ကာ နယ်စပ် ဒေသကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ ဘက်သို့ ဝင်ရောက် သွားကြခြင်း ဖြစ်သည်။

မြန်မာ အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဒုက္ခသည်များ အနေဖြင့် မြန်မာ နိုင်ငံတွင်းသို့ အမြန်ဆုံး ပြန်လည် ဝင်ရောက် နိုင်ပြီး ကောင်းမွန်သော လူမှုဘဝ အဆင့် အတန်းများဖြင့် နေထိုင် သွားနိုင် လိမ့်မည်ဟု မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။ ထိုင်းနိုင်ငံတွင် ခိုလှုံ နေထိုင် ရသော ကရင် တိုင်းရင်းသား ဒုက္ခသည် ဦးရေ ခန့်မှန်းခြေမှာ တစ်သောင်းခန့် ရှိပြီး ၎င်းတို့သည် အလုပ် အကိုင် လုပ်ကိုင်ခွင့် မရရှိ သောကြောင့် ဝင်ငွေ မရရှိဘဲ ဖြစ်လျက် ရှိသည်။

"ကျွန်တော်တို့ ဆန်ပဲရပါတယ်။ တစ်နေ့ကို ဆန်နှစ်ခွက် ရတာပါ" ဟု နယ်စပ်မြို့ တစ်မြို့ ဖြစ်သော မဲဆောက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ စေတနာရှင်များ အနေဖြင့် အဆိုပါ ဒုက္ခသည် များကို ဆန်လှူဒါန်း ရန်ပင် ခက်ခဲလျက် ရှိသည်။ အကြောင်းမှာ ထိုင်းအစိုးရက ဒုက္ခသည် များအား လှူဒါန်းမှုများကို တရားဝင် ခွင့် မပြုသော ကြောင့် ဖြစ်သည်။ သက်ကြီး ရွယ်အို များနှင့် ကလေးငယ် များသည် အာဟာရ ချို့တဲ့မှု ဖြစ်ပေါ်မည့် အန္တရာယ်နှင့် ကြုံတွေ့ နေရသော ဒုက္ခသည်များ ဖြစ်သည်။ ဒုက္ခသည် အချို့မှာ ထိုင်းနိုင်ငံ တွင်းရှိ သစ်တောများတွင် ယာယီတဲများ ထိုးကာ နေထိုင်လျက် ရှိသကဲ့သို့ အချို့က လယ်ယာမြေ များထဲတွင် နေထိုင်လျက် ရှိသည်။

ဒုက္ခသည် အများစုမှာ ယခုအခါ မြန်မာ နိုင်ငံ တွင်းရှိ ၎င်းတို့ နေထိုင်ရာ ကျေးရွာ များသို့ ပြန်ရန် ဆန္ဒ ရှိနေ ကြသော်လည်း နယ်စပ် ဒေသတွင် မြေမြှုပ်မိုင်းများ ပြည့်နှက် နေသော ကြောင့် အခက် အခဲနှင့် ရင်ဆိုင် နေရသည်။ ဥပမာ ပြရလျှင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက အသက် ၇ နှစ် အရွယ် မိန်းကလေး တစ်ဦးမှာ မိုင်းထောင် ထားသည့် နေရာကို စက်ဘီးဖြင့် နင်းမိ သောကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ပို၍ ဆိုရလျှင် ဒုက္ခသည် အများစု အတွက် မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်မည့် ခရီးစဉ်မှာ ထိခိုက် နစ်နာမှု များပြားမည် ဖြစ်သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် သောမတ် အိုဂျာ ကန်တားနားက အရှေ့တောင် အာရှ ဒေသတွင် မြန်မာ နိုင်ငံမှ ဒုက္ခသည်နှင့် ခိုလှုံခွင့် တောင်းခံသူ ဦးရေ တိုးမြှင့် လာခြင်းကို ကြည့်လျှင် မြန်မာ စစ်အစိုးရသည် ပြည်တွင်းရေး အကြပ် အတည်း များနှင့် ဆိုးရွားစွာ ကြုံတွေ့ နေရပြီး အဆိုပါ အရေး ကိစ္စသည် ဒေသတွင်း ပြဿနာ တစ်ရပ် ဖြစ်လာသည် ဟူသော သက်သေ အထောက် အထားပင် ဖြစ်ကြောင်း ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာ နိုင်ငံမှ ထွက်ပြေး သွားကြ ရသော ရောင်းရင်း နိုင်ငံသားများ အပေါ် စည်းလုံးမှု ရှိပါကြောင်း ထုတ်ဖော် ပြောဆိုသည်။

"မြန်မာ ပြည်သူတွေ ဒုက္ခသည် ဘဝ ရောက်သွားအောင် ဖိအားပေး ခံရတဲ့ အခြေ အနေ မျိုးတွေ ကျွန်မတို့ နိုင်ငံထဲမှာ ရှိနေတာ အင်မတန် ဝမ်းနည်း မိပါတယ်။ သူတို့ တတွေ လုံခြုံ ချောမွေ့ စွာနဲ့ အိမ်ပြန် နိုင်မယ့် နေ့တစ်နေ့တော့ ရောက်လာ မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်" ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။


---------------------------------------------------------------
 
မြန်မာ စစ်အာဏာရှင်စနစ် တော်လှန်ရေး အတွက် နာမည်ကျော် Facebook ကို စတင် အသုံးပြု

(thenextweb.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား ဆော်သြ သူများ ပါဝင်သည့် အုပ်စု တစ်စုက နာမည်ကျော် အင်တာနက် ကွန်ယက် တစ်ခု ဖြစ်သော Facebook တွင် "စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လုပ်ကြစို့" Just Do It Against Military Dictatorship-JD ဟူသော နာမည်ဖြင့် အစိုးရ ဆန့်ကျင်ရေး ဝက်ဘ် စာမျက်နှာ တစ်ခုကို ဖွင့်လှစ် လိုက်ကြောင်း သိရသည်။ အရှေ့ အလယ်ပိုင်း အီဂျစ် နိုင်ငံတွင် ဖြစ်ပွား ခဲ့သော လူထု အုံကြွမှုမျိုး အတိုင်း အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒ ပြပွဲကြီး တစ်ရပ် ဖြစ်ပေါ်ရန် ယင်းသို့ အင်တာနက် စာမျက်နှာ ဖွင့်လှစ် လိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။

Asia Sentinel မှ သတင်း ဆောင်းပါး တစ်ပုဒ် အဆိုအရ အွန်လိုင်း လူမှု ကွန်ယက်မှ တစ်ဆင့် နိုင်ငံရေး လှုပ်ရှားမှု ဖြစ်ပေါ်ရန် စည်းရုံးမှုသည် အီဂျစ် နိုင်ငံ၌ သမ္မတ မူဘာရက် ရာထူးမှ ဆင်းပေး လိုက်ရ ပြီးနောက် နှစ်ရက် အကြာတွင် ထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။ Facebook မှ အဆိုပါ စာမျက်နှာတွင် စစ်အာဏာရှင် စနစ်ကို ပြစ်တင် ရှုတ်ချထားပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစု များအား မြန်မာ ပြည်မှ ထွက်သွားရန်၊ တပ်မတော် အနေဖြင့် ပြည်သူ လူထုနှင့် လာရောက် ပူးပေါင်းရန် ဆော်သြ ရေးသား ထားသည်။

JD ဟု လူသိ များသော အဆိုပါ Facebook စာမျက်နှာကို ထောက်ခံ အားပေးသူ ပရိသတ် ၁၀၀၀ ကျော် ရရှိခဲ့ပြီး မြန်မာ နိုင်ငံ တစ်ဝန်း အစိုးရ ဆန့်ကျင်ရေး ဝါဒများ ဖြန့်ချိရာ ဝက်ဘ် စာမျက်နှာ တစ်ခု ဖြစ်လာ ခဲ့သည်။ အီဂျစ် နိုင်ငံတွင် ဖြစ်ပေါ် ခဲ့သော လူထု အုံကြွမှုကို အခြေခံပြီး JD ကို ထောက်ခံ သူများ ယုံကြည် ကြသည်မှာ မည်သည့် အာဏာရှင် တစ်ဦး တစ်ယောက်မျှ ပေါ်ပြူလာ လှုပ်ရှားမှုကို မတွန်းလှန်နိုင် ဟူသော အချက်ပင် ဖြစ်သည်။

သို့ရာတွင် မြန်မာ နိုင်ငံတွင်း အင်တာနက် ရရှိမှုမှာ ကန့်သတ် ချက်များ ရှိနေ ပေရာ Facebook မှတစ်ဆင့် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး စည်းရုံး ဆော်သြမှု မည်မျှ အတိုင်း အတာ အထိ သက်ရောက်မှု ရှိမည် ဟူသည်မှာ မသေချာ မရေရာ ဖြစ်နေသည်။ Facebook သည် အင်တာနက် အသုံးပြုသူ လေးသိန်းခန့် ရှိသော မြန်မာ နိုင်ငံတွင် ဒုတိယ ရေပန်း အစားဆုံး ဝက်ဘ်ဆိုက် တစ်ခု ဖြစ်သည်။ ယခုလို အတိုက် အခံ အင်အားစု အနည်းငယ်က အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ လုပ်ကိုင် နေစဉ် မှာပင် စစ်အစိုးရ ကလည်း မြန်မာ နိုင်ငံ၏ အကြီးဆုံး မြို့တော် ဖြစ်သော ရန်ကုန်အား လုံခြုံရေး တင်းကြပ် ထားသည်။

JD စာမျက်နှာနှင့် ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်ရန် တစ်စုံ တရာ မရှိသော်လည်း Facebook အသုံးပြုသူ များ၏ လုံခြုံရေး အတွက် အထူးပင် စိုးရိမ်ရသည်ဟု ပြည်တွင်းမှ လေ့လာ သုံးသပ်သူ တချို့က ဆိုသည်။ မြန်မာ နိုင်ငံတွင်း ငြိမ်းချမ်းမှု ရှိသော တော်လှန် ရေးမျိုး ပေါ်ထွန်း လာရန် လိုအပ်သည် ဟုလည်း ဆိုကြသည်။


---------------------------------------------------------------------

မြန်မာ၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့အား မူးယစ် တိုက်ဖျက်ရန် ပျက်ကွက်သော နိုင်ငံများအဖြစ် ဝါရှင်တန် ဖော်ပြ

(AFP သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် အစိုးရက ထုတ်ပြန်သော အစီရင် ခံစာသစ် တစ်ရပ်အရ မြန်မာ၊ ဘိုလီးဗီးယား နှင့် ဗင်နီဇွဲလား နိုင်ငံ တို့အား မူးယစ် ဆေးဝါး ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများ ကို လက်တွေ့ အကောင် အထည် ဖော်ရန် ပျက်ကွက် ခဲ့သည့် နိုင်ငံများအဖြစ် သတ်မှတ်ရန် သမ္မတ အိုဘားမားက ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

အစီရင် ခံစာထဲတွင် အာဖဂန် နစ္စတန်၊ ကိုလံဘီယာ၊ မက္ကဆီကို အပါ အဝင် နိုင်ငံပေါင်း ၂၀ ကို "တရားမဝင် မူးယစ် ဆေးဝါး ထုတ်လုပ်သည့် နိုင်ငံ သို့မဟုတ် ယင်းမူးယစ် ဆေး တစ်ဆင့်ခံ ရောင်းချသည့် နိုင်ငံ" များ အဖြစ် စာရင်း သွင်းထား သည်ကို တွေ့ရသည်။ သမ္မတ အိုဘားမားက စက်တင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သော စာတစ်စောင် ကိုလည်း အစီရင် ခံစာတွင် ထည့်သွင်း ထားသည်။ "ဘိုလီးဗီးယား၊ မြန်မာ နှင့် ဗင်နီဇွဲလား နိုင်ငံ တို့သည် နိုင်ငံတကာ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး သဘော တူညီ ချက်များ အတိုင်း မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင် သွားပါမည်ဟု ရည်မှန်း ချက်များ ထားရှိ ခဲ့သော် ငြားလည်း လွန်ခဲ့သည့် ၁၂ လ အတွင်း လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်မှု ပြုလုပ်ရန် ပျက်ကွက် ခဲ့သည်ကို တွေ့သည်။ သို့ပါ၍ မူးယစ် တိုက်ဖျက်ရေး ဆောင်ရွက်မှုများ ပြုလုပ်ရန် ပျက်ကွက်သည့် နိုင်ငံများ အဖြစ် ကျွန်ုပ် အနေဖြင့် သတ်မှတ် ဖော်ပြလိုက်သည်" ဟု အမေရိကန် သမ္မတ အိုဘားမားက ၎င်း၏ စာတွင် ရေးသား ဖော်ပြ ထားသည်။

အမေရိကန် အစိုးရ အရာရှိ ကြီးများ အတိုင်းပင် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာ ဗျူဟာ အစီရင် ခံစာ (INCSR) ကလည်း အစီရင် ခံစာ တစ်ရပ် ကလည်း မြန်မာ နိုင်ငံကို အာဖဂန် နစ္စတန် ပြီးလျှင် ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံ အဖြစ် သတ်မှတ် ဖော်ပြသည်။ "ဥပဒေ သက်ရောက်မှုနှင့် တရား စွဲဆိုမှု လျော့နည်း နေခြင်း ကြောင့် ရာဇဝတ် ဒုစရိုက်မှုများ ဖြစ်ပေါ် စေသည်" ဟု အစီရင်ခံစာက ဆိုသည်။

"မူးယစ် မှောင်ခို ကူးသူများနှင့် အာဏာရ စစ်အစိုးရတို့ အကြား နိုင်ငံရေး အရ စီစဉ် ဆောင်ရွက်မှု များက အစီ အစဉ် တကျ ဖွဲ့စည်း ထားသော ဒုစရိုက် အဖွဲ့များ၊ အုပ်စုများကို ဖြစ်ပေါ် စေပြီး တရား ဥပဒေရုံး၏ အခန်း ကဏ္ဍကို မှေးမှိန် သွားစေသည်" ဟုလည်း ဖော်ပြသည်။ တောင် အမေရိက ဒေသမှ ကိုလံဘီယာ အနောက်ဘက် နယ်စပ် ဒေသသည် ဒုစရိုက် သမားများ စိမ့်ဝင် ပျံ့နှံ့ရန် လွယ်ကူပြီး တရား စီရင်ရေး စနစ် လျော့တိ လျော့ရဲ ဖြစ်နေ ခြင်းက နိုင်ငံ တကာ မူးယစ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ပူးပေါင်း ဆောင်ရွက်ရန် အခက် အခဲများ ဖြစ်ပေါ် စေသည်ဟု ဆိုသည်။

လူငယ် လူရွယ်များ အပေါ် အလွန် အမင်း လွတ်လပ်ခွင့် ပေးထားမှုနှင့် ခြစားသော အလေ့ အထများက ဗင်နီ ဇွဲလားအား မူးယစ် ဆေးဝါး တစ်ဆင့်ခံ ရောင်းချသည့် နိုင်ငံ အဖြစ် သွတ်သွင်း ပေးနေ သလို ဖြစ်စေ သည်ဟုလည်း ဆိုသည်။ ဘိုလီး ဗီးယား နိုင်ငံနှင့် ပတ်သက်၍ အစီရင် ခံစာက ဖော်ပြ ရာတွင် ငွေကြေး ခဝါ ချသည့် လုပ်ဆောင် ချက်များက မူးယစ် ဆေးဝါး ကုန်ကူးမှု၊ လာဘ်စားမှု၊ အခွန် ရှောင်မှု၊ မှောင်ခို ကူးမှု၊ လူကုန် ကူးမှု အစ ရှိသည် တို့နှင့် ဆက်နွှယ် နေသည်ဟု ဆိုသည်။ ယခု ကဲ့သို့ အဆင့် သတ်မှတ်မှုများ ပြုလုပ် ခဲ့သော်လည်း အမေရိကန် ပြည်ထောင်စု အနေဖြင့် လက်တင် အမေရိက နိုင်ငံ နှစ်နိုင်ငံနှင့် မူးယစ် တိုက်ဖျက် မှုများ ပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ မြန်မာ နိုင်ငံ နှင့်မူ တိုက်ဖျက်ရေး လုပ်ငန်းများ စတင်ရန် ပူးပေါင်း ဆောင်ရွက်မှုပင် မရရှိ သေးကြောင်း အမေရိကန် အရာရှိကြီး များက ပြောကြားသည်။

------------------------------------------------------------------------
အရှေ့ တီမောသည် အာဆီယံအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်ဟု ဆို

(Jakarta Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အတွက် ထွန်းသစ်စ နိုင်ငံ ဖြစ်သော အရှေ့ တီမောသည် ဝန်ထုပ် ဝန်ပိုး တစ်ခု ဖြစ်လာမည် မဟုတ်ကြောင်း အရှေ့ တီမော နိုင်ငံ ခြားရေး ဝန်ကြီး Zacarias da Costa က ထုတ်ဖော် ပြောဆို လိုက်သည်။ ၎င်းသည် အရှေ့ တီမော နိုင်ငံ အာဆီယံ အဖွဲ့သို့ ဝင်ရောက် နိုင်ရေး အတွက် တရားဝင် လျှောက်လွှာ တင်သွင်း ပြီးနောက် ယင်းသို့ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

"ကျွန်တော်တို့ နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်မှု အင်မတန် မြန်ဆန်ပါတယ်။ အာဆီယံ အဖွဲ့နဲ့ နိုင်ငံတွေ ကြားမှာ အခုချိန်ထိ ပြဿနာ တွေနဲ့ ကွာဟ မှုတွေ ရှိနေဆဲ ဆိုတာကို ကျွန်တော် နားလည် သဘော ပေါက်ပါတယ်။ ဒါပေမဲ့ အရှေ့ တီမောကို လာရောက် လည်ပတ် ဖူးတွေ့တိုင်း ကျွန်တော်တို့ နိုင်ငံမှာ ဖွံ့ဖြိုး တိုးတက်မှုတွေ ရှိနေပြီ ဆိုတာကို မြင်တွေ့ ဖူးကြပါတယ်" ဟု ၎င်းက အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနှင့် အတူ ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

"အရှေ့ တီမောဟာ အာဆီယံ အတွက် ဝန်ထုပ် ဝန်ပိုး တစ်ခု ဖြစ်မှာ မဟုတ်ဘူး ဆိုတာကို ကျွန်တော် အလေး အနက် ယုံကြည်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ အဖွဲ့ဝင် ၁၀ နိုင်ငံ ပါရှိသော အာဆီယံ၏ လက်ရှိ ဥက္ကဌ ရာထူးကို ရယူ ထားသော အင်ဒိုနီးရှား နိုင်ငံက အရှေ့ တီမော နိုင်ငံ အာဆီယံသို့ ဝင်ရောက် နိုင်ရေး အတွက် ခိုင်မာသော ထောက်ပံ့မှုများ ပေးထားသည်။ သို့သော်လည်း အရှေ့ တီမောနှင့် ပတ်သက်၍ စီးပွားရေး ကွာဟမှုများ ရှိ၊မရှိ ဟူသော ကိစ္စ အပေါ် အာဆီယံ အဖွဲ့ဝင်များ စိုးရိမ် မကင်း ဖြစ်လျက် ရှိသည်။

"အရှေ့ တီမောဟာ အာဆီယံ လူ့အဖွဲ့ အစည်း တည်ဆောက်ရေး ကြိုးပမ်း ချက်တွေ အပေါ် ထိခိုက် မှုတွေ ပေးလာဖွယ် ရှိတယ်လို့ တချို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံ တွေက ယုံကြည် နေကြတယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ အင်ဒို နီးရှား နိုင်ငံ ကတော့ အဲဒီလို မဟုတ်ပါဘူး။ ပြဿနာ တစ်ခုကို ဖြေရှင်း နိုင်မယ့် အခြား တစ်ဖက်က နည်းလမ်းတွေကို သိထားတဲ့ နိုင်ငံ တစ်ခုပါ" ဟု အင်ဒို နီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောကြားသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံသည် လာမည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံကို တစ်ခု တည်းသော ဒေသတွင်း ဈေးကွက် သို့မဟုတ် အာဆီယံ စီးပွားရေး အသိုင်း အဝိုင်းကြီး တစ်ခု ဖြစ်လာရန် အစီ အစဉ် ဆွဲထားသည်။ "အာဆီယံ အဖွဲ့ဝင်တွေ ကြားမှာ ဖွံ့ဖြိုး တိုးတက်မှု ကွာဟ ချက်တွေ ရှိနေတယ် ဆိုတဲ့ ကိစ္စဟာ ထူးခြားမှု တစ်ခု မဟုတ်သလို ပုံမှန် မဟုတ်တဲ့ ကိစ္စ တစ်ခုလည်း မဟုတ်ပါဘူး" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။ အာဆီယံတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကွဲပြား ခြားနားသည့် အရေး ကိစ္စများကို ဖြေရှင်း လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများ ရှိခဲ့ကြောင်း၊ အထူးသဖြင့် အာဆီယံ မူလ နိုင်ငံများနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့ အကြား ကွဲပြား ခြားနား မှုများနှင့် ပတ်သက်၍ ရှိခဲ့ ဖူးကြောင်း မစ္စတာ Marty Natalegawa က ပြောကြားသည်။

အရှေ့ တီမောသည် ယခင် ပေါ်တူဂီ ကိုလိုနီ နိုင်ငံ ဖြစ်ခဲ့ဖူးပြီး ၁၉၇၅ ခုနှစ်မှ စ၍ နှစ်ပေါင်း ၂၄ နှစ်တာ ကြာမျှ အင်ဒိုနီးရှား နိုင်ငံ လက်အောက်သို့ ရောက်ရှိခဲ့ကာ ယင်း ကာလများ အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှု များစွာဖြင့် ရင်ဆိုင် ခဲ့ရသည်။ ဆင်းရဲ နွမ်းပါးသော အရှေ့တီမောသည် ၁၉၉၉ ခုနှစ် ကုလ သမဂ္ဂ ကျောထောက် နောက်ခံ ပေးသော ဆန္ဒ ခံယူမှု၊ လူထု အုံကြွမှုတို့ ပေါ်ပေါက် ခဲ့ပြီးနောက် ၂၀၀၂ ခုနှစ် အရောက်တွင် ပုံမှန် လွတ်လပ်ရေး ရရှိခဲ့သည်။

Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

0 comments:

Post a Comment