Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၄.၂၀၁၁

ပြည်တွင်းသတင်းများ

ဖျာပုံလေဘေးသင့်ရေလုပ်သားများအတွက် ကျပ်သိန်းတစ်ထောင်ကျော် ငါးလုပ်ငန်းအဖွဲ့ချုပ်မှဦးစီးလှူဒါန်း

ရန်ကုန်၊ ဧပြီ၂။

လေဘေးသင့်ခံရသော ဖျာပုံဒေသရှိ ရေလုပ်သားများအတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် (MFF) မှဦးစီး၍ ကျပ်ငွေသိန်းတစ်ထောင်ကျော် ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း MFF အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

“အခုလိုရေလုပ်သားတွေ ဒုက္ခရောက်တဲ့အတွက် အန်ကယ်တို့ အဖွဲ့ချုပ်မှာ တာဝန်ရှိတယ်။ အဖွဲ့ချုပ် အနေနဲ့တော့ တတ်နိုင်သလောက် ကူညီသွားမှာပါ။ အဖွဲ့ချုပ်မှာလည်း အကန့်အသတ်တွေ ရှိတယ်။ အားလုံးကို မကူညီပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်။” ဟုMFF ဒုတိယဥက္ကဌ တစ်ဦးက ဆိုသည်။

လေဘေးသင့် ရေလုပ်သားများအတွက် MFF မှ ကျပ်ငွေသိန်းတစ်ရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သိန်းသုံးရာအပြင် ကုမ္ပဏီများနှင့် စေတနာရှင်များမှ လှူဒါန်းငွေများအပါအဝင် စုစုပေါင်း သိန်းတစ်ထောင်ကျော်ကို MFF ရုံး၌မေလ ၂ရက်နေ့တွင် အလှူငွေ ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တခြားမသိလိုက်ရတဲ့ ဘေးဒုက္ခတွေလည်းရှိမှာဘဲ။ နောက်ဆို အဲတာတွေပါမကျန် လှူနိုင်အောင် ကြိုးစားသွားမယ်။” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကဆိုသည်။

ယင်းသို့ဖျာပုံလေဘေးသင့်သူများအတွက် အလှူရှင်များ၏လှူဒါန်းမှုများအပေါ် ပင်လယ်ပြင်သို့ မျောပါသွားသော ရေလုပ်သားတစ်ဦး၏ ဇနီးဖြစ်သူ တစ်ဦးက အလွန်ပျော်ရွှင်မိပါကြောင်းအထက်ပါ အလှူငွေပေးအပ်ပွဲအခမ်းအနား၌ပြောကြားခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် မတ်လ ၃၁ရက်နေ့အထိ ကောက်ယူမှုစရင်းအရ ပင်လယ် ပြင်၌ရေလုပ်သား ၁၆၂၆၈ဦး လေပြင်းဒါဏ် ခံခဲ့ရပြီး ၁၅၅၈၃ဦး ကယ်ဆယ်ရရှိကြောင်း၊ ၃ဦးမှာ သေဆုံးသွားခဲ့ပြီး ၆၈၂ဦးမှာပျောက်ဆုံးနေကြောင်း MFF မှထုတ်ပြန်ချက်အရ သိရသည်။

ငါးဖမ်းစက်တပ်လှေ ၅၆စီးနှင့် စက်မဲ့ငါးဖမ်းလှေ ၅၀စီးနစ်မြုပ်ခဲ့ပြီး ကျားဖောင် ၃၅၉၉ဖောင် ပျက်စီးသွားခြင်းကြောင့် ငွေတန်ဖိုးစုစုပေါင်း ကျပ်သိန်းပေါင်း (၆၄၄၅၅)သိန်း ဆုံးရှုံးထိခိုက်ခဲ့ကြောင်း အထက်ပါ ထုတ်ပြန်စာအရသိရသည်။

အဆိုပါ လေဘေးသင့် ရေလုပ်သားများသည် မတ်လ ၁၄ရက်နေ့တွင် တစ်နာရီမိုင်၇၀မှ ၈၀အထိရှိသော လေပြင်းများ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပင်လယ်ပြင်ရှိ ငါးဖမ်းယာဉ်များပျက်စီးပြီး ကပ္ပလီပင်လယ်ပြင်သို့ မျောပါသွားခဲ့ခြင်းဖြစ်သည်။

Peace Press

-----------------------------------------------------------------------

CEO အသစ်လက်ထက် မြန်မာတိုင်းမ်ဂျာနယ် ၀န်ထမ်းများလစာမတိုး

ရန်ကုန်၊ဧပြီ ၂ ရက်။

အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ဒေါက်တာတင်ထွန်းဦး တာဝန်ယူပြီးနောက်ပိုင်း မြန်မာတိုင်းမ် ဂျာနယ် ၀န်ထမ်းများ လစာတိုးရန် အတွက် အခက်အခဲတွေ့ နေကြောင်း ၀န်ထမ်းများထံမှ သိရသည်။

“ခါတိုင်းဒီလိုသင်္ကြန်နီးရင် လစာတိုးတဲ့အစီအစဉ် ရှိတယ် ပရိုမိုးရှင်းပေါ့ အခုတော့လစာ တိုးဖို့အတွက် တင်ထားတာတော့ရှိတယ် ဘာမှ အကြောင်းမပြန်သေးဘူး။ ကိုယ့်အထက်လူတွေကို မေးလိုက်တော့ သူတို့တောင်တိုးဖို့ မသေချာဘူးတဲ့ အခြေအနေမကောင်းဘူးတဲ့။ လစာမှတိုးပါ့မလား မသိဘူး ”ဟုမြန်မာတိုင်းဂျာနယ်တွင် သတင်းထောက် အဖြစ် လုပ်ကိုင်နေသူတစ်ဦး ကပြောသည်။

အခြားဂျာနယ်တိုက်များနှင့် ခြားနားစွာ မြန်မာတိုင်းဂျာနယ်တွင် တာဝန်ထမ်းဆောင်နေသော သတင်းထောက်များကို လစာစနစ်ဖြင့်သာ ပေးခြင်းဖြစ်ပြီး သတင်းနှင့် ဆောင်းပါးများ ရေးသားခြင်းအတွက် စာမူခ မရရှိကြောင်း၊ လစာကိုလည်း FEC ဖြင့် ပေးခြင်းဖြစ်ပြီး လက်ရှိ FEC တစ်ယူနစ်ကို ကျပ်၉၀၀ဖြင့်သတ်မှတ်ပေးကြောင်း သိရသည်။

“ကိုယ့်မှာမျှော်လင့်စရာဆိုလို့ လစာပဲရှိတာလေ သူများလိုစာမူခကလည်း ရတာမဟုတ်ဘူး ။ လမ်းစရိတ်တော့ရပါတယ်။ ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် လစာတိုးစေချင်တယ် အခုဒေါက်တာတင်ထွန်းဦး တာဝန်ယူပြီးနောက် ဘာပြသာနာမှတော့ မဖြစ်သေးဘူး။ ဒါပေမဲ့ လစာတိုးဖို့ကမသေချာဘူး ဖြစ်နေတယ်” ဟုမြန်မာတိုမ်းတွင်တစ်လလျင် အက်အီးစီ၁၀၀ကျော် ရရှိနေသည့်အကြီး တန်းသတင်းထောက်တစ်ဦး ကပြောသည်။

မြန်မာတိုင်းမ် မှ သတင်းထောက်များမှာ လစာနည်းပါးသည့်အတွက် နေ့စဉ်ရရှိသော တက္ကစီခနှုန်းအတိုင်း သတ်မှတ် ပေးသော လမ်းစရိတ်ကို အားကိုးရလေ့ရှိကြောင်း သတင်းထောက်များထံမှ သိရသည်။

“တက္ကစီခက တစ်ခါကို (ကျပ်) ၅၀၀၀ ရတယ်။ အဲဒါထုတ်ပြီး လိုင်းကားစီးပေါ့”ဟု အကြီးတန်းသတင်းထောက် တစ်ဦးက ဆိုသည်။

မြန်မာတိုင်းမ်တွင်ပြီးခဲ့ သည့်နှစ်က လစာအက်အီးစီ ၈၀၊ ၁၀၀ ဖြင့် သတင်းထောက် အသစ်ခန့်ထားမှုပြုလုပ်ခဲ့ ပြီး အဆိုပါ သတင်းထောက် များကလည်း လစာတိုးရန် မျော်လင့်နေကြကြောင်းသိရသည်။

အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့်ထုတ်ဝေနေသော မြန်မာတိုင်းဂျာနယ်ကို မြန်မာကွန်ဆိုလီမီတက် မီဒီယာမှ ထုတ်ဝေခြင်း ဖြစ်ပြီး ယခင် CEO နှင့်စာတည်းမှူးချုပ်နေရာကို သြစတြးလျ နိုင်ငံ Perth ဇာတိဖွား မစ္စတာရော့စ် ဒန်ကလေက တာဝန် ယူခဲ့သည်။

သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မစ္စတာဒန်ကလေကို လူဝင်မှု ကြီးကြပ်ရေးဥပဒေချိုး ဖောက်မှုနှင့် အမျိုးသမီးတစ်ဦးကို နာကျင်အောင် ပြုလုပ်မှုဖြင့် အင်းစိန်ထောင်တွင် ထိန်းသိမ်းခဲ့ ပြီးနောက် လေးရက်အကြာတွင် ဒေါက်တာ တင်ထွန်းဦးက စီအီးအိုအဖြစ်လွဲပြောင်း နေရာယူခဲ့သည်။

ဒေါက်တာတင်ထွန်းဦးသည် ပြည်မြန်မာဂျာနယ်မှ အယ်ဒီတာချုပ်တစ်ဦးလည်းဖြစ်ပြီး ၀န်ထမ်များကို လစာ မတိုးပေးခြင်းကြောင့် လည်းကောင်း၊ ဆက်ဆံရေး အဆင်မပြေမှုကြောင့် လည်းကောင်း ၄င်း၏ ဂျာနယ်တိုက်တွင် သတင်းထောက်ကောင်းများ မြဲလေ့မရှိကြောင်း သတင်းထောက် အသိုင်း အ၀ိုင်းမှ သိရသည်။

မစ္စတာ ဒန်ကလေ ပြသာနာမပေါ်ခင်အချိန် ကတည်းက မြန်မာကွန်ဆိုလီမီတက် မီဒီယာကို ဒေါက်တာတင်ထွန်းမှ စီအီးအိုအဖြစ် နေရာ လွဲပြောင်းယူမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး အဆိုပါအခြေအနေကို ကြိုက်နှစ်သက်ခြင်းမရှိသည့် ၀န်ထမ်းအချို့ ကြိုတင် အလုပ်ထွက်မှုများ ပြုလုပ်ခဲ့သည်များရှိသည်။

“ ဒန်ကလေအဖမ်း မခံရခင် ကတည်းက ဒေါက်တာတင်ထွန်းဦးက သူ့နေရာယူမယ်ဆိုတာ သိထားပြီးသား။ ဒါကြောင့် ကြိုတင် အလုပ်ထွက် လိုက်တာ။ ဒေါက်တာတင်ထွန်းဦးနဲ့ဆို ဂျာနယ်က အစိုးရပေါ်လစီ ဂျာနယ် ဖြစ်သွားမှာ စိုးတယ်။ အဲဒီလိုမျိုးဆို မလုပ်ချင်ဘူး။” ဟု CEO အပြောင်းအလဲ မဖြစ်ပေါ်ကတည်းက မြန်မာတိုင်းဂျာနယ်မှ အလုပ်နှုတ်ထွက်ခဲ့ သူတစ်ဦးက ပြောသည်။

ဒေါက်တာတင်ထွန်းဦးသည် အစိုးရအဖွဲ့ဝင်များဖြင့် ရင်းနှီးသူတစ်ဦး ဖြစ်ပြီး ယခင်မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့တွင် ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် စာနယ်ဇင်း အဖွဲ့မှ နှုတ်ထွက်ခဲ့သည်။ သို့သော် ရွေးကောက်ပွဲတွင်ပြိုင်ဘက် NDF (အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ) မှ လွှတ်တော် ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။

မတ်လ ၂၉ရက်နေ့တွင် မစ္စတာဒန်ကလေသည် မြန်မာတိုင်း(မ်)၏ စီအီးအို ဒေါက်တာတင်ထွန်းဦးနှင့် မြန်မာတိုင်း(မ်) ဂျာနယ် မန်နေဂျာ ဦးဝေလင်းတို့မှ ကျပ်ငွေသိန်း၅၀ စီဖြင့် စုစုပေါင်းသိန်း တစ်ရာအာမခံဖြင့် ပြန်လည်လွတ်မြောက်လာပြီး ဂျာနယ်တိုက်သို့ အလုပ်ပြန်ဝင်နေပြီး ဖြစ်ကြောင်း ၀န်ထမ်းများ က ဆိုသည်။

မြန်မာကွန်ဆိုလီမိတက် မီဒီယာကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမှုဖြင့် တည်ထောင်သည့် တစ်ခုတည်းသော မီဒီယာကုမ္မဏီ ဖြစ်သည်။ ကုမ္ပဏီမှာ မြန်မာတိုင်း(မ်) အပတ်စဉ် ဂျာနယ်ကို မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာများအပြင် Crime ဂျာနယ်နှင့် NOW! အပတ်စဉ် မဂ္ဂဇင်းများကိုလည်း ထုတ်ဝေလျက် ရှိပြီး ၀န်ထမ်း ၃၅၀ ကျော်ရှိသည်။

စနိုင်း(BHO News)

----------------------------------------------------------

နိုင်ငံအနှံ့ ရေနံဓာတ်ငွေ့ရည် ရောင်းချခွင့် ကုမ္ပဏီကြီးများသာ ရရှိ

(အတွဲ-၆၊ အမှတ်-၃၈၊ ၆ မတ်လ ၂၀၁၁ News Watch ဂျာနယ်ပါ နိုင်ငံအနှံ ရေနံဓာတ်ငွေ့ရည် (LPG) ရောင်းချခွင့်ကို ကုမ္ပဏီကြီး သုံးခုက ရရှိ သတင်းကို အကျဉ်းချုပ်သည်)

မြန်မာနိုင်ငံအနှံအပြား ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌ သဘာဝရေနံဓာတ်ငွေ့ရည် ရောင်းချခွင့်ကို ကုမ္ပဏီ (၃)ခုကသာ ရရှိကြောင်းသိရသည်။ ထင်း၊ မီးသွေးအစား သဘာဝရေနံဓာတ်ငွေရည် ကိုအသုံးပြုနိုင်ရန် ရေနံဓာတ်ငွေ့ရည် ရောင်းချမှုအား မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (UMEHL)၊ Universal Evergy Co.,Ltd နှင့် Asia World Co.,Ltd တို့အား မြန်မာနိုင်ငံအနှံအပြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ ခွဲခြား၍ သတ်မှတ်နေမြေအလိုက် ရောင်းချခွင့် ပြုခဲ့ကြောင်းသိရသည်။

၎င်းကုမ္ပဏီကြီး သုံးခုအား ပြည်နယ်နှင့်တိုင်းများတွင် သတ်မှတ်နယ်မြေများတွင်ပါ ရောင်းချခွင့် ပြုထားသော်လည်း ရန်ကုန်တိုင်း ဒေသကြီး တွင်မူ ယင်းကုမ္ပဏီသုံးခုမှ သဘာဝဓာတ်ငွေ့ရည် ရောင်းချမှုများ ပြုလုပ်နိုင်ရန် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ယင်းရောင်းချရာနေရာများ၌ ဝန်ထမ်းများကို ခန့်အပ်ရာတွင်လည်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် စွမ်းအင်ဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြားခဲ့သည့် Basic LPG Handling and safety Tranning သင်တန်းသို့ တက်ရောက် ပြီးစီးသည့် ကျွမ်းကျင်ဝန်ထမ်းများကိုသာခန့်အပ်၍ Sub-Station များဖွင့်လှစ်ပြီးစီးသွားပြီဖြစ်သည့်အတွက် မကြာမီတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနမှဖွင့်လှစ်သည့် Basic LPG Handling and safety Tranning သင်တန်းသည် သင်တန်း တစ်ပတ်လျှင် ရက်သတ္တပတ် တတ်ရပြီး မတ် ၂၀ ရက်နေ့တွင် သင်တန်းအပတ်စဉ် ၃ အထိဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။ ၎င်းသင်တန်းသို့ လက်ရှိတတ်ရောက်သင်ကြားပြီးစီးသည့် သင်တန်းသား အများစုမှာ ယခု သဘာဝ ဓာတ်ငွေ့ရည် ရောင်းချခွင့်ရရှိခဲ့သည့် ကုမ္ပဏီသုံးခုမှ ဝန်ထမ်းအဖြစ်ခန့်အပ်မည့် သင်တန်းသားများ ဖြစ်ကြောင်း သိရသည်။

×××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီများနှင့် နိုင်ငံရေးသတင်းများ

ပွင့်လင်းရာသီ၌ လွှတ်တော်ဒုတိယအကြိမ်ခေါ်ယူနိုင်ရန် ခန့်မှန်း

(အတွဲ-၇၊ အမှတ်-၁၇၊ ၄ ဧပြီ ၂၀၁၁ The Voice ဂျာနယ်ပါ ဒုတိယအကြိမ်လွှတ်တော် ပွင့်လင်းရာသီတွင်ခေါ်ယူနိုင် သတင်းကို အကျဉ်းချုပ်သည်။)

ကြားဖြတ် ရွေးကောက်ပွဲများ ပြုလုပ်ရန်နှင့် မပာာသင်္ကြန်ကာလ ရက်များအတွင်း ယာယီရပ်နားထားမည့် ပထမအကြိမ် လွှတ်တော် အစည်းအဝေးအား ပွင့်လင်းရာသီအရောက်၌ ပြန်လည်ခေါ်ယူနိုင်ရန် ခန့်မှန်းထားကြောင်း ပြည်ထောင်စု လွှတ်တော်အမတ် တစ်ဦးမှ ပြောကြားခဲ့သည်။ လက်ရှိ၌ လွှတ်တော်ယာယီရပ်ဆိုင်းထားသော်လည်း လွှတ်တော်သို့ တင်သွင်းမည့် မေးခွန်းများနှင့် အဆိုများကိုတင်သွင်းနိုင်ကြောင်းသိရသည်။

လာမည့်ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေး၌ တင်သွင်းမည့်မေးခွန်းများနှင့် အဆိုများကို အစိုးရသစ်နှင့် ၎င်း၏အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဖြေရှင်းတော့မည်ဖြစ်ကြောင်း၊ ထိုကြောင့်လွှတ်တော်၌ အဆိုများနှင့် မေးခွန်းများမှာ တိုင်းပြည်၏ လိုအပ်ချက်အမှန်ကိုသာ တင်သွင်းနိုင်မည် ဆိုပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်ရန် ကောင်းသော အလားအလာများ ဖြစ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအကြောင်း လေ့လာ အကဲခတ်လျှက် ရှိသော နိုင်ငံရေးကျွမ်းကျင်သူ တစ်ဦးကပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၌ဖော်ပြထားချက်များအရ လွှတ်တော်အသီးသီး၏ ပုံမှန်အစည်းအဝေးကို တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ခေါ်ယူ ကျင်းပရမည်ဖြစ်ပြီး ပုံမှန်အစည်းအဝေး တစ်ကြိမ်နှင့် တစ်ကြိမ်အကြား ၁၂ လတာ ကာလထက် မပိုစေရပာု သတ်မှတ်ထားသည့် ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးကို ပွင့်လင်းရာသီ၌ ခေါ်ယူနိုင်ရန် ခန့်မှန်းကြောင်း နိုင်ငံရေးလေ့လာသူ ပုဂ္ဂိုလ်တစ်ဦးမှလည်းပြောကြားခဲ့သည်။

၂၀၁၀ ဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်း လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး ကိစ္စရပ်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေးကိုဖြစ်စေ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ ကျင်းပရန်လိုအပ်လျှင် ပြည်ထောင်စု လွှတ်တော်နာယက က ခေါ်ယူ ကျင်းပနိုင်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ခေါ်ယူကျင်းပ ပေးရန် နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် ပြည်ထောင်စုလွှတ်တော် နာယကသည်  ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ အမြန်ဆုံး ခေါ်ယူကျင်းပရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနက် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုလျှင် ပြည်ထောင်စုလွှတ်တော်နာယက က အမြန်ဆုံးခေါ်ယူ ကျင်းပရမည်ပာု ၂၀၁၀ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားသည်။

----------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးက အမရပူရရှိ ဗလီကျောင်းအား ပြုပြင်ဆောက်လုပ်ပေးမည်ဟုဆိုကာ မဲဆွယ်ခဲ့သော်လည်း ကတိပျက်

မန္တလေး၊ဧပြီ ၂။

ရွေးကောက်ပွဲမတိုင်မီက ပြည်ခိုင်ဖြိုးပါတီမှ အမရပှုရမြို့တွင် မွတ်စလင်ဘာသာခေါင်းဆောင် ဗလီဆရာထံတွင် မဲနိုင်မည်ဆိုပါက ဗလီကျောင်းကို ပြုပြင် ဆောက်လုပ်ပေးမည်ဟုဆိုကာ မဲဆွယ်ခဲ့သော်လည်း မွတ်စလင်များထံမှ မဲ ၄၀၀၀ ကျော် ရရှိခဲ့ပြီး ယင်းပါတီ အနိုင်ရခဲ့သည့်တိုင် ဗလီကျောင်းအား ပြုပြင် ဆောက်လုပ်ပေးခြင်းမရှိကြောင်း ၄င်းပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။

ယင်းဗလီကျောင်းတွင် ဘုရားဝတ်ပြုရန်လာရောက်သော အမျိုးသားတစ်ဦးက “ရွေးကောက်ပွဲတုန်းက ဒီမြို့မှာ NDF ပါတီက သိပ်တော့ မသေချာပါဘူး။ တစညပါတီနှင့်ပြည်ခိုင်ဖြိုးပါတီတို့တော့ပါတယ်၊ ကျွန်တော်တို့ ဗလီကျောင်းက တော်တော်လေး ချွတ်ယွင်းနေတာကြာပြီ။ စည်ပင်က ပြင်ဖို့ခွင့်မပြုတာကြောင့် ကျောင်းဆောင်ထပ်တိုးတာတို့၊ ထပ်ပြီး ဆောက်လုပ်တာ တို့ကို လုပ်လို့မရဘူး။ ဒီမှာ ဗလီကျောင်းကလည်း နည်းတယ်လေ။ ရွေးကောက်ပွဲ အချိန်လည်း ရောက်ရော၊ ဒီမှာက မွတ်စလင်တွေက ရွာလုံးပေါက်ကိုရှိတယ်။ သူတို့က မွတ်စလင်တွေရဲ့ မဲကိုလိုချင်တယ်။ ဒီတော့ ပြည်ခိုင်ဖြိုး ပါတီက တာဝန်ရှိသူတစ်ဦးက ဒီကဘာသာရေးခေါင်းဆောင်သခင်လေးကို လာပြီးညှိတယ်။ ဒီကမွတ်စလင် တွေက မဲပေးရင် ဘာလုပ်ပေးမလဲလို့ မေးတယ်။ သူတို့က ဘာလိုချင်လည်း လို့မေးတော့ ဗလီကျောင်းကို ဆက်လက် ဆောက်လုပ်ခွင့်၊ ပြုပြင်ခွင့်နဲ့ထပ်တိုးခွင့်ကို သူတို့ငွေနဲ့ လုပ်ပေးပါလို့တောင်းဆိုလိုက်တယ်၊သူတို့က အကြောင်းပြန်မယ်လို့ ပြောတယ်။ နောက်ပြီးတော့ အဆင်ပြေတယ် အားလုံးလုပ်ပေးမယ်လို့ ပြောပြီးတော့ မဲထည့်ခိုင်းပါတယ်။ ဒီကမွတ်စလင်တွေ သခင်လေးစကားနားထောင်တော့ သူတို့ကို မဲထည့်လိုက်တယ်။ သူတို့အပြတ်အသတ်ကို နိုင်သွားတယ်လေ၊ နောက်တော့လည်း အခုအချိန်အထိ ဘာမှ လာမလုပ်ပေးဘူး။ ကျွန်တော်တို့က မျှော်လင့်ချက်တစ်ခုနဲ့ ထည့်လိုက်တာပါ ကျွန်တော်တို့မဲပေးချင်တာက တခြားပါ ဒါမဟုတ်ပါဘူးဗျာ၊ဒီလို ကတိပျက်တာတော့မကောင်းပါဘူး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး လိမ်သွားတာကတော့ တော်တော်လေးကို မတရားပါဘူးဗျာ စိတ်ညစ်တယ်”ဟု ပြောကြားသွားသည်။

ယင်းဗလီကျောင်းသည် မွတ်စလင်သချိုင်းနှင့်တတွဲတည်းဖြစ်ပြီး၊ ယင်းသချိုင်းတွင် ရှေးနန်းတွင်းခေတ်က မွတ်စလင် အများစုကို မြုပ်နံထားကာ ဦးပိန်တံတားကို ဆောက်လုပ်ခဲ့သော ဦးပိန်ကို မြုပ်နှံထားသောနေရာလည်းဖြစ်သည်။ ယင်းဗလီကျောင်းနှင့် တွဲလျှက်ရှိသော မွတ်စလင်သချိုင်းတွင်ယခင်နန်းတွင်းရှိ ၀န်မင်းများ၊ နန်းရင်းဝန်များ၊ အမတ်များ မြုပ်နှံထားသောကြောင့် ရှေးဟောင်းသုတေသီ၊ သမိုင်းသုတေသီ အများစုက မကြာခဏလာရောလေ့လာသော နေရာ တစ်ခုလည်း ဖြစ်သည်။

The CJs News

-------------------------------------------------------------

UMFCCI ဥက္ကဌနေရာရရှိရေး ယှဉ်ပြိုင်မှုပြင်းထန်

ရန်ကုန်၊ဧပြီ ၂။

လျို့ဝှက်မဲစနစ်ဖြင့် ဧပြီ ၇ ရက်နေ့တွင် ရွေးချယ်မည်ဆိုသည့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဌနေရာ တွင်ယှဉ်ပြိုင် မည့်သူများပြားပြီးလက်ရှိ သေချာသည့် စာရင်းအရ ခြောက်ဦးထက်မနည်း ရှိနေကြောင်း အတွင်း သတင်းများအရ သိရသည်။

ရွေးချယ်ခံမည့် ဥက္ကဌနေရာတွင် အသေအချာ ၀င်ရောက်ယှဉ်ပြိုင်သူများမှာ  ဦးအောင်လွင် (မြန်မာနိုင်သံ သစ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ၊ အငြိမ်းစား ဗိုလ်မှူး)၊  ဦးဝင်းအောင် (Dagon International)၊ ဦးသောင်းတင် (KMD ဥက္ကဌ)၊ ဦးမြဟန် (Fortune International ၊Yadanar Pon Cyber City တွင် ရှယ်ယာအများအပြား ပိုင်ဆိုင်ထားသူ)၊ ဦးထွန်းအောင်နှင့်၊ ဦးဇော်မင်းဝင်းဖြစ်သည်။ ၄င်းတို့ထဲမှ ဦးသောင်းတင်၊ ဦးဝင်းအောင်၊ ဦးဇော်မင်းဝင်းနှင့် ဦးအောင်လွင်တို့မှာ အစိုးရတိုက်ရိုက်ခန့်အပ်ထားသည့် လက်ရှိ ဒုဥက္ကဌများ ဖြစ်သည်။

“အခုကလျို့ဝှက်မဲစနစ်နဲ့ ရွေးမှာဆိုတော့ ဥက္ကဌနေရာ ကိုလူတိုင်းလိုချင်နေကြတယ်။ လောလောဆယ်စာရင်း အရကို ခြောက်ဦး လောက်ရှိတယ်။ အလုပ်အမှုဆောင်အဖွဲ့ ထဲကနေ ၀င်ပြိုင်မှာလည်းရှိတယ်။ တော်တော်များများဝင်ပြိုင် ဖြစ်မည်ထင်တယ်” ဟု UMFCCI အလုပ် အမှုဆောင် အဖွဲ့ဝင် တစ်ဦးက ပြောသည်။

UMFCCI အသင်းဧ။်ဥက္ကဌ နေရာကို စတင်တည်ထောင်ခဲ့ သည့်၁၉၉၉မှ ၂၀၁၁ခုနှစ်အထိ ၁၂နှစ်သက်တမ်းအတွင်း အစိုးရမှတိုက်ရိုက် ခန့်အပ်သည့်စနစ် သာကျင့်သုံး ခဲ့ပြီး ယခုနှစ်သည် ပထမဆုံး အများဆန္ဒဖြင့်ရွေး ချယ်သည့်လျှို့ဝှက်မဲ စနစ်ကျင့်သုံးမည်ဖြစ်သည်။

လက်ရှိဖွဲ့စည်းလိုက်သည့် အစိုးရအသစ်အဖွဲ့ အစည်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ဦးဝင်းမြင့်သည် အစိုးရတိုက်ရိုက်ခန့်အပ်သည့် UMFCCI အသင်းဧ။် နောက်ဆုံးဥက္ကဌ ဖြစ်သည်။

“လျို့ဝှက်မဲစနစ်ဆိုတော့ ကျွန်တော်လည်း ဒုတိယဥက္ကဌ နေရာကနေ ၀င်ပြိုင်မယ်။ အရင်လို တိုက်ရိုက်ခန့် စနစ်မဟုတ်ဘူး ဆိုတော့ အခွင့်အရေးရှိတယ်။ တိုက်ရိုက်ခန့်ခံရတဲ့ လူတွေကိုလည်း အဖွဲ့ဝင်တစ်ချို့က သိပ်မကျေနပ်ကြဘူး” ဟု ဒုတိယဥက္ကဌနေရာတွင် ၀င်ရောက်ယှဉ်ပြိုင် မည့် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

UMFCCI အသင်းကို၁၉၉၉ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရမဟုတ်သောအဖွဲ့အစည်းအနက် အကြီးဆုံးအဖွဲ့အစည်း ဖြစ်သည်။ ၄င်း၏ လက်အောက်တွင် အစိုးရ မဟုတ်သောအဖွဲ့ပေါင်း ၅၉ ဖွဲ့ရှိသည်။

မြန်မာနိုင်ငံရှိ အသင်းအဖွဲ့အများအပြားမှာ သက်ဆိုင်ရာ နယ်ပယ်အသီးသီး၏ ကိုယ်ကျိုးစီးပွားကို ကိုယ်စားပြုသော အသင်းအဖွဲ့များထက် အစိုးရ၏ မူဝါဒများကို လက်ဆင့်ကမ်းအကောင်အထည်ဖော်သည်က များပြားလျှက်ရှိသည်။

အသင်းအဖွဲ့တွင် လုပ်ကိုင်နေသူများမှာ ကိုယ်ကျိုးစီးပွားကို ပိုမိုအားသန်ပြီး လက်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးရာထူးကို ရယူသွားသော UMFCCI ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်မှာလည်း အသင်းအဖွဲ့ကို ခုတုံးပြု ချမ်းသာလာခြင်း ဖြစ်ကြောင်း အသင်းချုပ် အလုပ်မှုဆောင် တစ်ဦးက ပြောကြားသည်။

စနိုင်း(BHO)

××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ပြည်ပလုပ်ငန်းရှင်တွေက ကျွန်တော်တို့ပေးနိုင်တဲ့ ဈေးတွေထက် သုံးဆလောက်တိုးပေးတာတွေရှိတယ်။ တချို့ ကျောက်အတွဲတွေဆို ဆယ်ဆလောက် အထိ ဈေးတိုးပေးပြီးဝယ်နိုင်ကြတယ်။ ကျောက်ကောင်း (အစည်းပိုင်း) တွေက သူတို့ရတာ များပါတယ်"ဟု မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်းရှင်တစ် ဦးက လေလံပွဲအတွင်း နှုန်းထားများ မြင့်မားလာပုံကို ရှင်းပြသည်။

ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် အိတ်ပိတ်တင်ဒါစနစ်တွင် ကျောက်မျက်အတွဲပေါင်း ၃၄၀၀အား နေ့စဉ်ခန့်မှန်း တွက်ချက်မှုတွင် အလတ်စား (ခါးပိုင်း) ကျောက်များ၊ (ကျောက်ပုန်း) အမြင်မလှကျောက်များ ကျန်ရှိခဲ့ရာ ပြည်ပက မကြိုက်သည့် ကျောက်များသာ ပြည်တွင်းလုပ်ငန်းရှင်များအတွက် အခွင့် သာခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

မတ် ၃၁ ထုတ် 7DAY အတွဲ (၁၀) အမှတ်(၄) မှာပါသည့် "ကျောက်မျက်ပြပွဲတွင်ပြည်ပကျောက်ကုန် သည်များကို ပြည်တွင်း ကုန်သည်များ မယှဉ်နိုင်" သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

------------------------------------------------------------------------

"ခိုးမှုဖြစ်ရပ်တွေကြည့်လိုက်ရင် ရန်ကုန်မှာ သိပ်အဖြစ်များတယ်။ မြို့ကြီးဖြစ်တဲ့အတွက်ကြောင့်ရယ်၊ လူတန်းစားများတဲ့ အတွက်ကြောင့်ရယ်ကြောင့် ဖြစ်နိုင်တယ်။ တစ်ခုရှိတာက ကြီးကြီးမားမားခိုးမှုတွေကို ကျူးလွန်တာတော့မဟုတ်ဘူး။ အသေးအမွှားလေးတွေပါပဲ။ ဥပဒေက ဥပဒေပဲဆိုတော့ ပြစ်မှု ကြောင်းအရ ဖြေရှင်းရတာပါပဲ။ တစ်ခုသတိထားမိတာက ပြစ်မှုကျူးလွန်တဲ့သူတွေက  နေစရာထိုင်စရာ အတည်တကျမရှိတဲ့ အပြင်ကို အိမ်ရာမဲ့၊ မရှိဆင်းရဲသား ကလေးသူငယ်တွေ ဖြစ်တာများတယ်" ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် အမ်စီစီ(Myanmar Council of Churches) ၏ စီမံကိန်း မန်နေဂျာ တရားရုံးချုပ်ရှေ့နေ ဦးငိုင်ဆာ့ဇ် က ပြောသည်။

မတ်  ၃၁ ထုတ် Popular News အတွဲ(၃) အမှတ် (၁၃) မှာပါသည့် "ရန်ကုန်တွင် ခိုးမှုကျူးလွန်သူ ကလေးသူငယ်များပြား" သတင်းမှ ကောက်နှုတ်ချက်

---------------------------------------------------------------------------

မိုးလေဝသသတင်းများကို နေ့စဉ်လွှင့်တင်ပေးနေသော ဒေါက်တာဦးထွန်းလွင် (WWW.tunlwin.com) ကို တရားမဝင် ဟက်ကာများဖြင့် ဖွဲ့စည်းထားသော Blink Hacker Group မှ မတ်လအတွင်း သတိပေးမှုပြုလုပ်ခဲ့ကြောင်း ယင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရသိရသည်။

Blink Hacker Group မှ ဦးထွန်းလွင်၏ ဝက်ဘ်ဆိုက်ရှိ Admin Panal တွင် User password  များအား Plain Text ဖြင့် သိမ်းဆည်းထားသောကြောင့် သုံးစွဲသူ၏ user privacy အားချိုးဖောက်ရာ ရောက်ကြောင်း၊ ယင်းကိစ္စအား အမြန်ဆုံး ပြုပြင်ပြောင်းလဲပေးရန်အတွက် သတိပေးခြင်းဖြစ်ကြောင်း၊ အကယ်၍ ပြောင်းလဲမှုမရှိပါက BHG အနေဖြင့် ဝက်ဘ်ဆိုက်အား ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မတ် ၃၁ ထုတ် Venus News အတွဲ(၂) အမှတ်(၃၅) တွင်ပါသည့် "ဦးထွန်းလွင်၏ ဝက်ဘ်ဆိုက်အား Blink Hacker Group မှ သတိပေးမှု ပြုလုပ်ခဲ့" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------

"ဒီနှစ်သင်္ကြန်ပွဲတော်အတွက် လုံခြုံရေးနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေ အရင်ထုတ်ပြန်ထားတယ်၊ မဏ္ဍပ်ကြီးတွေမှာ CCTV တပ်ဆင်ရမှာဖြစ်သလို မသင်္ကာဖွယ်ရာတွေကို မှတ်တမ်းတင်နိုင်ဖို့ အတွက်လည်း သီးခြား ဓာတ်ပုံဆရာ ငှားရမှာဖြစ်ပါတယ်" ဟု ယင်းတာဝန်ရှိပုဂ္ဂိုလ်မှဆိုသည်။

ယခင်နှစ်သင်္ကြန်ပွဲတော်ကာလများ၌ သက်ဆိုင်ရာဌာနများက စည်းကမ်းချက်များ ထုတ်ပြန် ထားသော်လည်း ယခုကဲ့သို့ လုံခြုံရေး ဆောက်ရွက်မှုများ အတွက် စည်းကမ်းချက် ထုတ်ပြန်မှု နည်းပါးခဲ့ကြောင်း၊ ယခုနှစ်တွင် ထုတ်ပြန်ထားသည့် လုံခြုံရေးဆိုင်ရာ စည်းကမ်းချက်များ၌ ဆက်သွယ်ရေး စနစ်၊ မီးဘေးလုံခြုံရေးစနစ်၊ ယာဉ်ရှင်းလင်းရေးစနစ်တို့အပြင် အရေးပေါ် အချိန်တွင် အသုံးပြုနိုင်ရန် သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီး အသင့်စီစဉ် ထားရှိရန်လည်း ပါဝင်ကြောင်း သိရသည်။

မတ် ၃၁ ထုတ် Venus News အတွဲ(၂) အမှတ်(၃၅) တွင်ပါသည့် "CCTV ကင်မရာ ဌားရမ်းခ ကျပ်ကိုး သိန်းအထိ ဈေးပေါက်နေ" သတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

မြန်မာအစိုးရသစ်အပေါ် ဆန်းစစ်ချက်

(Asia Sentinel မှ 1 April 2011 ရက်စွဲပါ Larry Jargan ၏ “The Look of Burma’s New Government” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အသစ်ဖွဲ့စည်းလိုက်သော အစိုးရသည် အနည်းငယ် ငယ်ရွယ်သော မျိုးဆက်ဖြစ်သော်လည်း အသိဉာဏ် ပိုမိုပွင့်လင်း၍ မျှတသော အစိုးရဖြစ်ရန်မူ မလွယ်ကူဟု ဆိုချင်ပါသည်။

တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နောက်ဆုံးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အဖြစ်မှ နုတ်ထွက်ကာ ရွေးကောက်တင်မြှောက်သည်ဟု ဆိုနိုင်သော အစိုးရအဖွဲ့သစ်ထဲမှ တပ်မတော် ခေါင်းဆောင်ပိုင်း မျိုးဆက်သစ်များထံ အာဏာလွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ရာ ဝန်ကြီးသစ်များ အနေဖြင့် အစွမ်းရှိသမျှ ထုတ်ပြကြရတော့မည် ဖြစ်သည်။

အစိုးရတာဝန်ရှိသူများ၏ အဆိုအရ ကာကွယ်ရေးဝန်ကြီးဌာနမှလွဲ၍ အခြားဝန်ကြီးဌာနများ၏ ဘဏ္ဍာတိုက်များမှာ ခြောက်ခမ်းနေပြီဖြစ်သည်ဟု သိရသည်။ ယခင် ဝန်ကြီးဟောင်းများက မနှစ်က ရွေးကောက်ပွဲအကြို မဲဆွယ်သည့် ကာလတွင် အရာရာ စိတ်ကြိုက်သုံးစွဲခွင့်ပြု တိုက်တွန်းမှုအရ ကုန်အောင်ဖြုန်းတီးခဲ့ကြပြီ ဖြစ်၍ ယခု အစိုးရသစ် အနေဖြင့် အခွန်စနစ်ကို ပထမဆုံး မိတ်ဆက်ကျင့်သုံးရဖွယ် ရှိနေသည်။ ဝန်ကြီးသစ် အများစုမှာလည်း အများ မျှော်လင့် ထားကြသည့်အတိုင်း စစ်သားဟောင်းများသာ ဖြစ်ကြသည်။ ဝန်ကြီး၊ ဒုဝန်ကြီး စုစုပေါင်း ၅၈ ဦး အနက် ၄ ဦးမှလွဲ၍ ကျန်ပုဂ္ဂိုလ်များမှာ ဗိုလ်ချုပ်များနှင့် အငြိမ်းစားဗိုလ်ချုပ်များသာ ဖြစ်ကြသည်။ အများစုမှာ အသက် ၆၀ မပြည့်ကြသေးဟု လည်း သိရှိရသည်။

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသစ် ဦးသိန်းစိန်က လွှတ်တော်တွင် ပထမဆုံးအကြိမ် မိန့်ခွန်းခြွေရာ၌ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍများတွင် ဘဏ္ဍာငွေတိုးမြှင့် သုံးစွဲမည်ဟု ကတိပြုခဲ့ပြီး နိုင်ငံတကာ အဆင့်အတန်း မီအောင် မြှင့်တင်မည်ဟုလည်း ဆိုသည်။ အလုပ်သမား အခွင့်အရေးများကိုလည်း အာမခံချက်ပေးမည်၊ တံစိုးလက်ဆောင်ယူမှု၊ အဂတိ လိုက်စားမှုများကိုလည်း တိုက်ဖျက်ရန် ကတိပေးသည်ဟု ဦးသိန်းစိန်က ထုတ်ဖော် ပြောကြားခဲ့သည်။

ယခုကဲ့သို့ အစိုးရ၏ အစီအစဉ်ကို ထုတ်ပြန်ကြေညာခြင်းသည် ယခင်က အလွန်လျှို့ဝှက်ကာ အဓမ္မ မူဝါဒ ချမှတ်သည့် မြန်မာ အစိုးရအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ သို့သော်လည်း ယခု အစိုးရသစ်သည် ယခင် ဗိုလ်ချုပ်မှူးကြီး၏ အာဏာရှင်အစိုးရနှင့် ခြားနားမှု ရှိသည်ဟု ခံစားမိသူ အနည်းငယ်သာ ရှိသေးသည်။ ဤသို့ ဖြစ်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အတိုက်အခံ ဒီမိုကရေစီ ပါတီနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ရယ်စရာ ရွေးကောက်ပွဲအတုဟု ဝိုင်းဝန်းရှုတ်ချခဲ့ကြသည့် ယမန်နှစ်က ရွေးကောက်ပွဲများတွင် တပ်မတော် နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီ အနိုင်ရအောင် ခြိမ်းခြောက် လိမ်ညာမှုများ ကျူးလွန်ခဲ့ခြင်း၏ ရလဒ်ပင် ဖြစ်သည်။

“လောင်စာဆီ ဈေးနှုန်းတွေက ပြဿနာတစ်ခုပါပဲ၊ စားသောက်ကုန် ဈေးနှုန်းတွေကလည်း ခေါင်ခိုက်နေပြီ၊ ဒါတွေဟာ ပြည်သူတွေ တကယ်ရင်ဆိုင်နေရတဲ့ အရာတွေပါ၊ တိုင်းပြည်ကို သူတို့ ဂုတ်သွေးစုတ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးနေတာပါ” ဟု အငှားကား မောင်းသူ ကိုမောင်မောင်က ရင်ဖွင့် ပြောဆိုသည်။

“အဂတိ လိုက်စားတဲ့ အကျင့်ကတော့ တိုင်းပြည်ထဲမှာ ရုပ်ပျက်ဆင်းပျက် ဆိုးဝါးတဲ့ အဆင့် ရောက်နေပါပြီ၊ တကယ်လို့ သမ္မတကြီးက ဒီကိစ္စကို ထိထိရောက်ရောက် နှိမ်နင်းမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိန်းမနဲ့ စီးပွားဖက် ရောင်းရင်းတွေကို အရင်စပြီး တွယ်ရမှာ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ရန်ကုန်မြို့ပေါ်က ခြံတွေ၊ မြေတွေကို သိမ်းကြုံးယူတဲ့နေရာမှာ လက်ရှိနေထိုင်သူတွေကို အတင်းဖယ်ခိုင်းပြီး သိမ်းတဲ့ ကိစ္စတွေတောင် ရှိနေပါတယ်ဟုလည်း ယင်းက ဆက်လက် ဆိုသည်။

“အရင် ရေလုပ်ငန်းဝန်ကြီးကလည်း မြန်မာ မာဖီးယား ဂိုဏ်းဝင် တစ်ယောက်ပါပဲ၊ သူ့ကြောင့် တိုင်းပြည်ဟာ နှစ်စဉ် ဒေါ်လာ ၇ ဘီလျံလောက် နစ်နာဆုံးရှုံးနေပါတယ်၊ ဒီကိစ္စကို ရဲချုပ်နဲ့ ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေ သိထားကြပေမယ့် ခုထိ ဘာမှ အရေးယူတာ မရှိသေးပါဘူး” ဟု ၎င်းက Asia Sentinel သို့ ပြောကြားခဲ့သည်။ “အခုချိန်မှာ သူတို့ ပြောင်းလဲလာဖို့ မျှော်လင့်ချက် ထားလို့ မရနိုင်သေးပါဘူး၊ သူတို့အားလုံးက ကိတ်မုန့်တစ်လုံးကို ဝေစားနေကြတဲ့ ကြံရာပါတွေပဲ” ဟု ယင်းက ဆက်လက် ပြောကြားသည်။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုခြင်း မပြုမီတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဝန်ကြီးဟောင်းများနှင့် ဝန်ကြီးသစ် များကို ခေါ်ယူတွေ့ဆုံကာ ၎င်းအနေဖြင့် ယခုအချိန်မှစ၍ ဦးသန်းရွှေ ဖြစ်သွားပြီဟု ပြောကြားခဲ့ကြောင်း ကြားသိရသည်။ သို့သော်လည်း ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ ဆန္ဒရှိ၍ လာရောက်တွေ့ဆုံမည် ဆိုပါက ကျေနပ် ပျော်ရွှင်မိမည်ဟုလည်း ပြောဆိုခဲ့သည်။

ပြည်သူလူထုမှာ သံသယများရှိနေဆဲ ဖြစ်သော်လည်း ယခု အစိုးရသစ်နှင့် ပါလီမန်သည် အနည်းဆုံး လွန်ခဲ့သော နှစ်လအတွင်း မသေချာသော အနာဂတ်ကို စောင့်မျှော်နေရခြင်းကို အဆုံးသတ်သွားစေခဲ့ပြီ ဖြစ်သည်။ မသေချာမှုများ ပြီးဆုံးပြီး အရပ်သားစု ခေါ်သော အစိုးရ အဖွဲ့သစ် စတင်ခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် စစ်သားအိုကြီးက အမှန်တကယ် အငြိမ်းစားယူသွားပြီလော။ သို့မဟုတ် ကန့်လန့်ကာ နောက်ကွယ် ဝင်ရောက်သွားပြီး နောက်ကွယ်မှ ထိန်းချုပ်နေဦးမည်လော။

ရှင်းရှင်းလင်းလင်း သိနိုင်သည့်အချက်မှာ ဦးသန်းရွှေသည် အစိုးရ၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ပါဝင်တော့မည် မဟုတ်ဟူသော အချက်နှင့်အာဏာကို လုံးလုံးတော့ လွှဲပေးလိမ့်ဦးမည် မဟုတ် ဟူသော အချက်တို့ ဖြစ်သည်။ ယင်းသည် နောက်ကွယ်မှ စီမံရန် ကြိုးစား နေဦးမည်ဖြစ်သည်။ ဝန်ကြီးများအား ၎င်းကို လာရောက်တွေ့ဆုံ နိုင်ကြောင်း ဖိတ်ကြားခဲ့ခြင်းက ထိုအချက်ကို ရှင်းလင်းစေသည်။

“ဦးသန်းရွှေမှာ နိုင်ငံတော်အာဏာကို သမ္မတထံကိုလည်းကောင်း၊ ပါလီမန်ထံကိုလည်းကောင်း လွဲပေးဖို့ အစီအစဉ် မရှိပါဘူး၊ နောက်ကွယ်ကနေ ဆက်ပြီး ထိန်းချုပ်နေဦးမှာပါ” ဟု ထောက်လှမ်းရေး အရာရှိဟောင်းနှင့် သံတမန် အရာရှိဟောင်း အောင်လင်းထွဋ်က ပြောသည်။

မကြာသေးသော ရက်သတ္တပတ်များအတွင်းက နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝိုင်းမှ လာသော သတင်းများအရ ဦးသန်းရွှေသည် နိုင်ငံဥသျှောင်အဖွဲ့ကို ဖွဲ့ရန်စီစဉ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းများ ထွက်ပေါ်ခဲ့သည်။ ၈ ဦး ပါသော အဆိုပါအဖွဲ့တွင် သန်းရွှေ၊ မောင်အေး၊ သိန်းစိန်၊ ရွှေမန်း၊ တင်အောင်မြင့်ဦး၊ တင်အေးနှင့် ဗိုလ်ချုပ်မှူးကြီး နှစ်ဦးနေရာ နောက်တက်လာသည့် ဗိုလ်ချုပ်များ ပါဝင်လိမ့်မည်ဟု ဆိုကြသည်။

“သန်းရွှေဟာ အာဏာကို လုံးလုံး လွှဲပေးဖို့ မရဲတင်းလောက်ဘူး ထင်တယ်၊ ဝဋ်လည်ပြီး ထောင်ထဲ ရောက်သွားမှာ စိုးရိမ်မှာပဲ၊ ကျွန်တော့် အတွက်တော့ နိုင်ငံဥသျှောင် အဖွဲ့ဟာ ဖြစ်နိုင်တယ်ထင်တာပဲ၊ Thai Privacy Council လိုပေါ့” ဟု မြန်မာနိုင်ငံအကြောင်း ကျွမ်းကျင်သူ ဗြိတိသျှ စာရေးဆရာ Justin Wintle က ပြောသည်။

နိုင်ငံဥသျှောင်အဖွဲ့သည် အစိုးရအဖွဲ့၏ အထက်တွင် ရှိမည့် အဖွဲ့ဖြစ်သော်လည်း ထိုအဖွဲ့သည် အခြေခံဥပဒေတွင် ပါဝင်ခြင်း မရှိပေ။ ဦးသန်းရွှေသည် ယခုအချိန်ထိ ထိုကိစ္စကို အကောင်အထည်ဖော်ရန် အစီအစဉ် ရှိပုံမရပေ။ ယင်းသည် တစ်ဦးချင်းသစ္စာရှိမှုနှင့် အဆက်အသွယ်ပေါ် တွင်သာ မှီခိုနေမည် ဖြစ်ကြောင်း ဝေဖန်သုံးသပ်သူအများစုက ယုံကြည်နေကြသည်။

“သန်းရွှေအနေနဲ့ နိုင်ငံဥသျှောင်အဖွဲ့ကို တရားဝင်ဖွဲ့ဖို့ မလွယ်လောက်ပါဘူး၊ ဒါပေမဲ့ သူက သမ္မတနဲ့ တပ်ချုပ်ကို ချုပ်ကိုင်ထားမှာပဲ၊ သူ့အနေနဲ့ တပ်ချုပ်ရာထူးသာ လွှဲပေးပြီး ဗိုလ်ချုပ်မှူးကြီးရာထူးနဲ့ ယူနီဖောင်းကိုတော့ တစ်နှစ်လောက် စွန့်ပစ်လိမ့်ဦးမယ် မထင်ဘူး” ဟု အောင်လင်းထွဋ်က ပြောသည်။

အရေးကြီးသော နားလည်ထားသင့်သော အချက်မှာ ဦးသန်းရွှေသည် အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်လာပါက စနစ်ကြီးကို ရပ်ပစ်နိုင်သည့် ဒီဇိုင်းရေးဆွဲထားသည် ဆိုသည့် အချက်ပင် ဖြစ်ကြောင်း အမေရိကန် အခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဝင်းမင်းက ပြောသည်။ “ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ မတိုင်မီ ပြဋ္ဌာန်းခဲ့တဲ့ တပ်မတော် အရံအင်အား ဥပဒေဟာ တစ်ခုခု မှားခဲ့ရင် သူပြန်လာနိုင်အောင် လုပ်ထားတဲ့ မဟာဗျူဟာပေါ့” ဟု ဝင်းမင်းက ဆိုသည်။

“ဥပဒေမှာ တပ်မတော်အကြီးတန်း အရာရှိတွေဟာ သူတို့ရာထူးကို အရန်အင်အားအဖြစ် ထားပြီး လာမည့် ငါးနှစ်အတွင်း မူလရာထူး ပြန်ယူနိုင်တယ်လို့ ဆိုပါတယ်၊ ဒီအချက်က လိုအပ်တယ်လို့ သူထင်ရင် သန်းရွှေက တပ်ကို ပြန်လာနိုင်တယ်ဆိုတဲ့ သဘောပါပဲ” ဟု ဝင်းမင်းက Asia Sentinel ကို ပြောသည်။

သို့သော်မည်သို့ပင်ဆိုစေကာမူ သန်းရွှေသည် နိုင်ငံရေးစနစ်ကို နိုင်ငံရေးပိရမစ်၏ ထိပ်ဆုံးရှိ ယင်းထံမှသာ ဖြစ်ပေါ်စေရန် ဖန်တီးထားသည်။ အာဏာရပါတီဖြစ်သော USDP ကို သုံးဦးက ထိန်းချုပ်သည်။ နာယကသုံးဦး ဖြစ်သော သန်းရွှေ၊ မောင်အေးနှင့် သူရရွှေမန်းတို့ သုံးဦးက ပါတီကို ထိန်းချုပ်ရန် ပြုလုပ်လိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိပ်တန်းဗိုလ်ချုပ်ကြီးနှစ်ဦးဖြစ်သော သန်းရွှေနှင့် မောင်အေးတို့သည် အမှန်တကယ် အာဏာ စွန့်လွှတ်သွားခြင်း မဟုတ်သည့်တိုင် အငြိမ်းစား ယူသွားကြပြီ ဖြစ်သည်။ ယင်းတို့ နှစ်ဦးစလုံးသည် စစ်တပ်ဝင်း အတွင်းမှ နေပြည်တော်ရှိ အကောင်းစားအိမ်ကြီးများသို့ ပြောင်းရွှေ့သွားကြပြီဖြစ်သည်။ ထူးဆန်းစွာပင် မောင်အေးသည် ယင်း၏ အိမ်ခေါင်မိုး၌ အရံစွမ်းအင်အဖြစ် နေရောင်ခြည်စွမ်းအင်အပြားများ တပ်ဆင်ထားကြောင်း ဆောက်လုပ်သူနှင့် နီးစပ်သူထံမှ သိရသည်။

အရပ်သားအုပ်ချုပ်ရေးဟန်ဆောင်ထားသော နိုင်ငံရေးစနစ်သစ်တွင် စစ်သား စိတ်ဓာတ်များ အမြစ်တွယ် ကျန်ရစ်မှုကြောင့် ပြောင်းလဲမှုမှာ ဖြစ်နိုင်ခြေ မရှိကြောင်း London School of Economics မှ ဒေါက်တာဇာနည်က ပြောသည်။ စစ်တပ်သည် ပြောင်းလဲမှုကို လုပ်နိုင်စွမ်းမရှိပေ။ ထိပ်တန်းဗိုလ်ချုပ်ကြီးများ အငြိမ်းစားယူ၍ ကန့်လန့်ကာ နောက်ကွယ် ဝင်သွားသော်လည်း မျိုးဆက်သစ်များမှာ ယင်းတို့နှင့် ပုံစံတူပင် ဖြစ်သည်။ “ဒီလူတွေက လူ့အသိုင်းအဝိုင်းမှာ သီးသန့် လူတန်းစားဖြစ်ပြီး အုပ်စိုးသူ လူတန်းစားအဖြစ် အမြဲတမ်းအမွေဆက်ခံပြီး ဖြစ်ထိုက်သူ၊ ဖြစ်ခွင့်ရှိသူတွေအဖြစ် ခံယူနေကြတာဗျ” ဟု မောင်ဇာနည်က ပြောသည်။

“သန်းရွှေနဲ့ မောင်အေးနေရာကို ဘယ်သူပဲ တက်လာတက်လာ ဘယ်သူမှ ထူးပြီး မလုပ်ဆောင်နိုင်ပါဘူး၊ တိုးတက်ရေးလည်း အမြင်မကျယ် နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ကို ရာဇဝတ်မှု ကျူးလွန်သူတွေ ဖြစ်အောင်၊ လူမျိုးရေး နှိပ်ကွပ်သူတွေဖြစ်အောင်၊ လိင်မှုကျူးလွန်သူတွေဖြစ်အောင်၊ အာဏာရှင် လက်သစ်တွေ ဖြစ်အောင်၊ စိတ်ထဲမှာ စွဲနေအောင် လေ့ကျင့်ပေးထားလို့ပါပဲ၊ ဗိုလ်ချုပ်ငယ်လေးတွေ မှန်ထဲမှာ ကြည့်ကောင်းအောင် လုပ်ပေးထားတာပါ” ဟု ယင်းက ပြောသည်။

×××××××××××××××××××××××××××××××

             


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment