Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၄.၂၀၁၁

ဘာသာပြန်သတင်းများ

ပြည်သူလူထုနှင့် ပြန်လည်စေ့စပ်ညှိနှိုင်းမှု ဖြစ်မြောက် အောင်မြင်ရန် မြန်မာအစိုးရသစ်ကို ဂျပန်တိုက်တွန်း

(Japan Today မှ 1 April 2011 ရက်စွဲပါ “Japan Urges New Myanmar Gov’t to Achieve Reconciliation with Public” ကို ဘာသာ ပြန်ဆိုသည်)

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရ အဖွဲ့သစ် အနေဖြင့် မြန်မာနိုင်ငံသားများ အကြား ပြန်လည် စေ့စပ် ညှိနှိုင်းမှု ဖြစ်မြောက် အောင်မြင်အောင် ဆက်လက် ကြိုးပမ်းမှုမှတစ်ဆင့် ဒီမိုကရေစီ နိုင်ငံကို ဖန်တီးရန် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာကေကာအီ မတ်ဆုမိုတိုက ကြာသပတေးနေ့တွင် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံတွင် လွှတ်တော်တွင်း စစ်မှန်သော ငြင်းခုန်ဆွေးနွေးမှု များနှင့် အမျိုးသား ပြန်လည်စေ့စပ် ညှိနှိုင်းမှု အောင်မြင်အောင် ဆက်လက် ကြိုးပမ်းမှုများ မှတစ်ဆင့် ပိုမို ပွင့်လင်း လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံ ဖြစ်လာလိမ့်မည်ဟု ဂျပန် နိုင်ငံက မျှော်လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး မတ်ဆုမိုတို၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံနှင့်လည်းကောင်း၊ နိုင်ငံ တကာ အသိုင်းအဝိုင်းမှ အခြား နိုင်ငံများနှင့် လည်းကောင်း ဆက်ဆံရေး တိုးတက် ခိုင်မြဲအောင် လုပ်ဆောင်နိုင်လိမ့်မည် ဟုလည်း ဂျပန်နိုင်ငံက မျှော်လင့်ထားကြောင်း မတ်ဆုမိုတိုက ဆက်လက် ပြောကြားသည်။

ယခင် ဝန်ကြီးချုပ် ဦးသိန်းစိန်က သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နောက်တစ်ရက်တွင် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး၏ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

*************************************************************************************************************************************

မြန်မာ့ အာဏာရှင် ရာထူးသစ်တစ်မျိုးဖြင့် ပြန်လာမည်

(ABC Radio Australia News မှ 30 March 2011 ရက်စွဲပါ “Burma Strongman Back Under New Title” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် တပ်မတော် အစိုးရကို တရားဝင် ဖျက်သိမ်းလိုက်ပြီဟု နိုင်ငံပိုင် ရုပ်သံက ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်သော်လည်း ဆင်းရဲတွင်း နစ်နေသော တိုင်းပြည်ကို အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့သူ တပ်မတော် ခေါင်းဆောင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ထပ် ရာထူး တစ်ခုဖြင့် နိုင်ငံကို ဆက်လက် အုပ်ချုပ်ဦးမည် ဖြစ်သည်။

ယခင် ဝန်ကြီးချုပ် ဦးသိန်းစိန်က သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်ပြီး ယင်းသည် ယမန်နှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် အတွက် စစ်ဖက်ရာထူးအား စွန့်လွှတ်ကာ အရပ်ဝတ်လဲခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကိုလည်း ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေရာကို အစားထိုးလိုက်ပြီ ဖြစ်သည်။ အာဆီယံ အဖွဲ့ဝင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ပြုလုပ်ခဲ့သော မနှစ်က ရွေးကောက်ပွဲများသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံပါတီ မပါဝင်ခြင်း၊ မဲပေးသူများအား ခြိမ်းခြောက်ခြင်း၊ မဲလိမ်ခြင်း စသော ကိစ္စများ ယှက်နွယ်နေခြင်းကြောင့် ဂုဏ်သိက္ခာမဲ့သော ရွေးကောက်ပွဲ အတုသာ ဖြစ်သည်ဟု ပြည်တွင်း ပြည်ပက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခဲ့ကြသည်။

*********************************************************************************************************************************

စီးပွားရေးထိပ်သီး အစည်းအဝေးတက်ရန် မြန်မာကို အီးယူ ကြိုဆို

(1 April 2011 ရက်စွဲပါ The Jakata Post မှ Mustaqim Adamrah ရေးသားသော “EU Welcomes Myanmar in Business Summit” ကို ဘာသာ ပြန်ဆိုသည်)

အီးယူသည် ကာလရှည်ကြာကပင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စတွင် ပူပင်မှုများ ရှိခဲ့သော်လည်း မေလ (၅) ရက်တွင် ကျင်းပရန် စီစဉ် ထားသည့် ပထမအကြိမ် အာဆီယံ - အီးယူ စီးပွားရေး ထိပ်သီး အစည်းအဝေးကို ကျင်းပရန် ခွင့်ပြုမည် ဖြစ်သည်ဟု သိရသည်။

“မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် သူတို့ အစည်းအဝေးကို တက်ရောက်လာ လိမ့်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု အင်ဒိုနီးရှား၊ ဘရူနိုင်း နှင့် အာဆီယံ အတွက် အီးယူ သံအမတ် Julian Wilson က ကြာသပတေးနေ့က အင်ဒိုနီးရှား- အီးယူ နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေးပွဲ အပြီးတွင် ပြောကြားခဲ့သည်။

“အာဆီယံ နိုင်ငံတွေနဲ့ အီးယူ နိုင်ငံတွေက စီးပွားရေး လုပ်ငန်းရှင်တွေ ကြားမှာ ဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပရိသတ်ထဲမှာ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေလည်း တက်ရောက်လိမ့်မယ် လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံသူ များအတွက် စံ စီးပွားရေး ဖိုရမ်တွင် အီးယူမှ ကန့်ကွက်မည်လောဟု မေးမြန်းစဉ် ယင်းက ဖြေကြားခဲ့သည်။

ထိပ်သီး အစည်းအဝေးကို ဂျကာတာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပရန် စီစဉ်ထားပြီး အာဆီယံနှင့် အီးယူမှ ကုမ္ပဏီ သုံးရာကျော် လာရောက်နိုင်ရန် မျှော်လင့်ထားသည်။ အင်ဒိုနီးရှား ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း (Kadin) အား လုပ်ငန်း ကော်မတီအဖြစ် ခန့်အပ်မည် ဖြစ်သည်။

အစည်းအဝေးတွင် ဒေသကြီးနှစ်ခု၏ ကဏ္ဍကြီး ၆ ရပ် ဖြစ်သော စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဝန်ဆောင်မှု၊ ကား၊ စွမ်းအင်နှင့် အခြေခံ အဆောက်အဦ လုပ်ငန်းများတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အာရုံပြု ဆွေးနွေးကြမည် ဖြစ်သည်။

အီးယူသည် မြန်မာကြောင့် အာဆီယံနှင့် လွတ်လပ်သော ကုန်သွယ်မှု ပုံစံ သဘောတူညီချက် အတွက် ညှိနှိုင်းခြင်းကို ရပ်ဆိုင်းရခြင်းကို မလိုလားကြောင်း Wilson က ပြောသည်။

အာဆီယံတွင် စုစည်းထားသော ဈေးကွက် မရှိသေးသဖြင့် အာဆီယံနှင့် သဘော တူညီမှု တစ်ခုတည်း ရယူရန် မဖြစ်နိုင်သောကြောင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်ခုချင်း နှင့် ညှိနှိုင်း သဘောတူညီမှု ရယူရန် မျှော်လင့်ကြောင်း ယင်းက ပြောကြားသည်။

“အမှန်တကယ်တော့ FTA အတွက် နှစ်နိုင်ငံ ညှိနှိုင်းမှု တွေ စတင် လုပ်ဆောင်နေပါပြီ၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်းတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါပြီ” ဟု ၎င်းက ဆိုသည်။

အီးယူသံရုံး စီးပွားရေးနှင့် ကုန်သွယ်ရေး ပထမ အတွင်းဝန် Walter Van Hattum က ပြောကြားရာတွင် အီးယူသည် ထိပ်သီး အစည်းအဝေးတွင် ပုံမှန် လုပ်ငန်းစဉ်များကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည်လည်း အာဆီယံ၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အခုဟာက စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲပါ၊ အစည်းအဝေး အစီအစဉ်တွေမှာ နိုင်ငံရေး ကိစ္စတွေ ပါလိမ့်မယ် မထင်ပါဘူး” ဟု Van Hattum က ပြောသည်။

Gadjah Mada တက္ကသိုလ်မှ ပညာရှင် Mudrajad Kuncoro က ပြောကြားရာတွင် ပါဝင်သော သူများအားလုံးသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော ကိစ္စအပါအဝင် မည်သည်ကိုမျှ စိုးရိမ်စရာ မရှိကြောင်း၊ ယခု ဖိုရမ်သည် အားလုံးကို အကျိုးရှိစေမည်သာ ဖြစ်ကြောင်း ပြောကြားသည်။

အင်ဒိုနီးရှား နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ်မှ ပညာရှင် Syamsul Hadi က ပြောကြားရာတွင် အီးယူ၏ မသိကျိုးကျွံ ပြုမှုများသည် ဥရောပ စီးပွားရေး တစ်ခုလုံးကို ထိခိုက်သော ဂရိ ပြဿနာတွင် အီးယူ၏ ထိန်းချုပ်နိုင်မှု ပါဝါ လျော့ကျလာခြင်း၏ သက်သေပင် ဖြစ်ကြောင်း ဆိုသည်။

**********************************************************************************************************************************

တမူးတွင် ကျင်းပသည့် သုံးနိုင်ငံကုန်သွယ်ရေးဆွေးနွေးပွဲ

(KanglaOnline မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

တမူးမြို့တွင် မတ်လ ၂၆ ရက်နေ့က ကျင်းပသွားသည့် အိန္ဒိယ၊ မြန်မာနှင့် ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေး ကွန်ဖရင့်မှာ သမိုင်းဝင်သော ဆွေးနွေးပွဲ တစ်ရပ်ဖြစ်ပြီး သုံးနိုင်ငံအကြား ကောင်းမွန်သော ကုန်သွယ်ရေးဆက်ဆံမှုများ ထူထောင်ရန် လှုပ်ရှားမှု တစ်ရပ်ဟုလည်း ဆိုနိုင်သည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အကြီးအကဲနှင့် ထိုင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Tharadol Thongruang က တမူးမြို့ကွန်ဖရင့်၌ "ယခု ဆွေးနွေးပွဲသည်

အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒနှင့် ထိုင်းနိုင်ငံ၏ အနောက်မျှော် မူဝါဒတို့ မြန်မာတွင် စုဆုံမိသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်" ဟု ဆိုသည်။

ထို့ပြင် ထိုင်း၊ မြန်မာ နှင့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ဒေသ၊ ထိုင်းနှင့် မြန်မာ နိုင်ငံအကြား ကောင်းမွန်သော ကုန်သွယ်ရေး ထူထောင်နိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ ထူထောင်ရာတွင် ယခင်ကာလများ ကတည်းက ကျင့်သုံးခဲ့သည့် နှစ်နိုင်ငံ အကောက်ခွန်စနစ်များ၊ ရိုးရာ ယဉ်ကျေးမှု အလေ့အထများအတိုင်း လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကုန်သွယ်ရေးကောင်း တစ်ရပ် ထူထောင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှနေ၍ လုပ်ဆောင်ပေး သင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

တမူး၌ ကျင်းပသည့် အဆိုပါကွန်ဖရင့်ကို မြန်မာနယ်စပ် ကုန်သွယ်ရေး ယူနီယံ၊ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း နှင့် တမူး-မြန်မာအာဏာပိုင်များက ဦးဆောင် အကောင်အထည် ဖော်ကြခြင်း ဖြစ်သည်။ မြန်မာ ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေ၊ မြန်မာနယ်စပ် ကုန်သွယ်ရေးဌာန ဒါရိုက်တာ ဦးဆန်လိုင် နှင့် အခြားသော တာဝန်ရှိ ပုဂ္ဂိုလ်များက မြန်မာ ကိုယ်စားလှယ်များအဖြစ် တက်ရောက်ကြပြီး  မဏိပူရပြည်နယ် သွင်းကုန်၊ ထုတ်ကုန် ဆိုင်ရာ အဖွဲ့မှ အရာရှိကြီးများက အိန္ဒိယနိုင်ငံ ကိုယ်စား တက်ရောက်ကြသည်။

ဆွေးနွေးပွဲ၌ မဏိပူရပြည်နယ် အုပ်ချုပ်ရေးမှူး Dwijamani က "ယခု ကွန်ဖရင့်သည် ယဉ်ကျေးမှု တူညီမှုရှိသော နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေး တစ်ရပ် ထူထောင်နိုင်ရေး အတွက် လွန်စွာ အရေးကြီးသော ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း" ဆိုသည်။ ထို့ပြင် သယ်ယူ ပို့ဆောင်ရေး စနစ်ကောင်းများ ပေါ်ထွန်းအောင် ဆောင်ရွက်ရေး နှင့် ယဉ်ကျေးမှုများ နှီးနှော ဖလှယ်ရေး တို့သည်လည်း အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား အပြန်အလှန် ဆက်ဆံရေးကောင်းများ ဖြစ်ထွန်းစေနိုင်ကြောင်း ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ထိုင်း၊ အိန္ဒိယတို့နှင့် ဖြစ်နိုင်ခြေ ရှိသော ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ကာ သုံးနိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်နိုင်ရေးနှင့် ကုန်ပစ္စည်းများ အပြန်အလှန် ပေးပို့ ဖလှယ်နိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဟု မြန်မာ ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။ ထိုင်းနိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပြီး Tharadol Thongruang က ဦးဆောင်သည်။

အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှ စတင်ခဲ့ပြီး ကုန်ပစ္စည်း အမျိုးပေါင်း ၄၀ ကို အပြန်အလှန် တင်ပို့လျက် ရှိသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ တစ်လျှောက် မိုးရေး နှင့် ချန်ဒိုင်းတို့တွင် နယ်စပ် စစ်ဆေးရေးဂိတ်များ ထူထောင်နိုင်ရေး အတွက် အိန္ဒိယ အစိုးရက ကနဦး လုပ်ဆောင်လျက် ရှိသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment