Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁.၄.၂၀၁၁

ပြည်တွင်းသတင်းများ

UMFCCI ဥက္ကဋ္ဌကို ပထမဆုံးအကြိမ်အဖြစ် လျှို့ဝှတ်မဲစနစ်နှင့်ရွေးချယ်မည်

ရန်ကုန်၊ ဧပြီ ၁ရက်။

ယခုလအတွင်းကျင်းပမည့် ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ရွေးချယ်ပွဲကို လျှို့ဝှတ်မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း UMFCCI ၏အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဒီနှစ်အတွက်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ ရွေးချယ်ပွဲကို လျှို့ဝှတ်မဲစနစ်နဲ့ ပထမဆုံးအကြိမ် ရွေးချယ်တာပါ။ ခါတိုင်းနှစ်ဆို အစိုးရက ခန့်အပ်တဲ့စနစ်ပဲ သုံးတာ၊ ဒီနှစ်မှဒီစနစ် စသုံးတာပါ။ အစိုးရ အပြောင်းအလဲမှာ ကျွန်တော်တို့လဲ စပြောင်းလဲတယ်လို့ ပြောရမှပေါ့” ဟုအထက်ပါအလုပ်မှုဆောင်က ပြောကြားသည်။

UMFCCI အသင်းချုပ်ကို ၁၉၉၉ ခုနှစ်တွင်စတင် ဖွဲ့စည်းခဲ့ပြီး စတင်ဖွင့်စည်းခဲ့သည့် ၁၉၉၉ခုနှစ် မှ၂၀၁၁ခုနှစ်အထိ ၁၂နှစ်သက်တမ်းတွင် အသင်းချုပ်ဥက္ကဋ္ဌအဖြစ် ယခုဖွဲ့စည်းလိုက်သည့် အစိုးရသစ်၏ ဝန်ကြီးအဖွဲ့ဝင်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်မည့် ဦးဝင်းမြင့် တစ်ဦးတည်းကိုသာ အစိုးရမှခန့် အပ်သည့် စနစ်ဖြင့် ရွေးချယ်ခဲ့သည်။

ဥက္ကဌဟောင်းဖြစ်သူ ဦးဝင်းမြင့်က ဝန်ကြီးအဖြစ်တာဝန် ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ၎င်း၏ နေရာအတွက် တာဝန်ထမ်းဆောင်မည့် သူကို ရွေးချယ်သွားမည် ဖြစ်သည့်အပြင် ဒုတိယ ဥက္ကဋ္ဌများကိုလည်း တစ်ပြိုင်တည်းရွေးချယ်သွားမည် ဖြစ်သည်။

အသင်းဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်ပွဲကို ယခုလ ၇ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ၉ရက်နေ့ တွင် နေပြည်တော်တွင် အသင်း နှစ်ပတ်လည် အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း အတွင်းသတင်းများအရ သိရသည်။

လက်ရှိ အသင်းဥက္ကဋ္ဌနေရာကို ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် တရုတ်လူမျိုးစပ်ဖြစ်သည့် ဦးဝင်းအောင်က လိုချင်နေကြောင်း အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ချို့က ပြောကြားသည်။

“အခုကလျှို့ဝှက်မဲစနစ်နဲ့ ဥက္ကဋ္ဌတွေ ဒုတိယဥက္ကဋ္ဌတွေ ရွေးမယ်ဆိုတော့ ကျွန်တော်လည်း ဝင်ပြိုင်မယ် ဘာဖြစ်လို့လဲဆိုတော့ အခုဥက္ကဋ္ဌ ဖြစ်ချင်နေတဲ့လူတွေကို အမြင်ကတ်တဲ့လူတွေ များနေတယ်။ သူတို့ကိုအမြင်ကတ်နေတဲ့အရှိန်နဲ့ ကိုယ်လဲရချင်ရသွားနိုင်တယ်” ဟု အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

UMFCCI သည် အစိုးရမဟုတ်သည့် အသင်းအဖွဲ့အစည်းတွင် ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အစိုးရမဟုတ်သော အသင်းအဖွဲ့ပေါင်း ၅၉ ဖွဲ့ ရှိသည်။

ယခုကဲ့သို့သော အသင်းအဖွဲ့မျိုးတွင် ဦးဆောင်မည့်သူသည် အများအကျိုးအတွက်ကြည့်သည့်သူကိုသာ အဖွဲ့ဝင်များက စနစ်တကျ ရွေးချယ်သွားရန် လိုအပ်ကြောင်း ပြည်နယ်အဖွဲ့ခွဲမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူတစ်ဦးက ပြောကြားသည်။

စနိုင်း (BHO News)

-------------------------------------------------------------------------------------------------------------

အထူးစီးပွားရေးဇုန်၌ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဆောင်ရွက်မည်

အထူးစီးပွားရေးဇုန်ဥပဒေ ထွက်ရှိလာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခဲ့သော်လည်း ၎င်းရင်းနှီးမြှုပ်နှံမှုများအနက် တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံတိုးမြှင့်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင်တရုတ်နိုင်ငံ၌လည်း လုပ်ခလစာများကို တိုးမြှင့်သတ်မှတ်ပြီးဖြစ်သည့်အတွက် တရုတ်စီးပွားရေး ကွန်ယက် အများစုသည် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်း လုပ်ကိုင်လိမ့်မည်ပာု ခန့်မှန်းရကြောင်း တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ လုပ်ခလစာများတိုးတတ်လာမှုမှာ မြန်ဆန်လွန်းကြောင်း၊ ပြီးခဲ့သည့်နှစ်၌ ၂၀ ရာခိုင်နှုန်းပို၍ တက်လာကြောင်း၊  လာမည့်နှစ်များ တွင် လုပ်ငန်းအား မရွှေ့မပြောင်းလုပ်ကိုင်မည်ဆိုပါက စီးပွားရေးလုပ်ကိုင်ရမှုမှာ မလွယ်ကူတော့ကြောင်း၊ ယခုလောလောဆယ်၌ လုပ်ခလစာ သက်သာသည့် မြန်မာ (သို့မဟုတ်) ကမ္ဘောဒီးယားနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် စဉ်းစားထားကြောင်း၊ တရုတ်နိုင်ငံ၌ တစ်လလျှင် ဒေါ်လာ ၃၀၀၊၄၀၀ ပေးရသည့် အလုပ်သမားများကို အခြား နိုင်ငံများတွင် ဒေါ်လာ ၅၀ မျှနှင့် ရသည့်အတွက် တရုတ်နိုင်ငံရှိစီးပွားရေးလုပ်ငန်းစုအား ရွှေ့ပြောင်းမြှုပ်နှံရန် စဉ်းစားခြင်းဖြစ်ကြောင်း တရုတ် နိုင်ငံရှိ Fortunique ကုမ္ပဏီမှ ဒါရိုက်တာ Charles Hubb ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အထူးစီးပွားရေးဇုန်ဥပဒေထွက်ရှိလာပြီးနောက်ပိုင်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို အဆက်မပြတ်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်လျှက်ရှိသည်။ ဆက်လက်၍လည်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်၍လုပ်ဆောင်ရန် ဆွေးနွေး လျှက် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာသည့်နှင့်အမျှ အခြေခံလုပ်သားဘက်မှ ကျွမ်းကျင်လုပ်သားများ အဆင့်သို့ ကူးပြောင်းလာကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများမှာ လုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိမည့်စီးပွားရေးလုပ်ငန်းမျိုးဖြစ်ပါက တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ တခဲနက်ဝင်ရောက်လာမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် အများအပြားမှာ မြန်မာနိုင်ငံ၌ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ချင်ကြကြောင်း၊ အထူးစီးပွားရေးဇုန် ဥပဒေ၌ ပါဝင်သည့် မြေဋ္ဌားရမ်းခွင့်ဈေးနှုန်းများကို မရှင်းလင်းကြောင်း၊ အခွန်ကိစ္စနှင့် လုပ်ငန်း လုပ်ကိုင်ရသည့်လုပ်ငန်းစဉ်များကို မရှင်းလင်းကြောင်း၊ စီးပွားရေးသံမှူးဦးရွှေမြစ်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအား အနောက်နိုင်ငံများက လက်ရှိအချိန်ထိ အရေးယူဆောင်ရွက်ထားသည့် စီးပွားရေး ပိတ်ဆို့မှုကြီးအား ပြန်လည် ဖြေရှင်း နိုင်မည်ဆိုပါက နှစ်ပတ်အတွင်းမှာပင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲသွားမည်ဖြစ်ကြောင်း Fortunique ကုမ္ပဏီမှ ဒါရိုက်တာ Charles Hubb ကပြောကြားခဲ့သည်။

Ref: အမှတ်-၂၅၃၊ ၁ ဧပြီ ၂၀၁၁ မော်ဒန်ဂျာနယ်

-------------------------------------------------------------------------------------------------------------

သင်္ကြန်ရက်နီးလာသည်နှင့်အမျှ လုံခြုံရေးပိုမိုတင်းကျပ်လာ

၂၀၁၀ ခုနှစ် ဧပြီလ ၁၃ ရက်နေ့၌ ကျရောက်မည့် မြန်မာတို့၏နှစ်သစ်ကူးပွဲတော် သင်္ကြန်ပွဲတော် နီးကပ်လာ သည်နှင့်အမျှ ဈေးဝယ်စင်တာကြီး များ၌ လုံခြုံရေးတင်းကျပ်မှုများ ပိုမိုတင်းကျပ်လာကြောင်းသိရသည်။

ယခင်လများ၌ လုံခြုံရေးတင်းကျပ်မှု အနည်းငယ်သာရှိသော်လည်း မတ်လပိုင်းမှ စတင်၍ သင်္ကြန်ကာလတိုင် လုံခြုံရေးများကို တိုးမြှင့်၍ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း၌ လုံခြုံရေးမှာ ယခင်ပုံမှန်အတိုင်းသာစစ်ဆေးသော်လည်း မတ်လပိုင်းမှ စတင်၍ သင်္ကြန်ရက် နီးလာသည်နှင့် အမျှ ဈေးဝယ်စင်တာကြီးများသာမက ကွန်ဒိုတိုက်ခန်းများတွင်ပါ လုံခြုံရေးများတိုးမြှင့်၍ ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခင် ကွန်ဒို တိုက်ခန်းများသို့ အပြင်လူဝင်မည်ဆိုပါက လက်မှတ်ထိုးရုံသာထိုးရသော်လည်း ယခုအခါ လက်မှတ်သာမက မှတ်ပုံတင်နံပါတ်များကိုပါ အတိအကျ လိုက်လံစစ်ဆေးလျှက် ရှိကြောင်း၊ မနှစ်သင်္ကြန်၌လည်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မျိုးမဖြစ်ပွားနိုင်စေရန် ယခုကဲ့သို့ လုံခြုံရေးပိုမိုတင်းကျပ်ခြင်းမျိုး ပြုလုပ်ထားရခြင်းဖြစ်ကြောင်း စင်တာကြီးတစ်ခု၌ လုံခြုံရေးတာဝန်ထမ်းဆောင်လျှက်ရှိသော တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်သင်္ကြန်ကာလ၌ ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲသည့်အတွက် လူပေါင်းများစွာ သေကြေ ဒဏ်ရာရရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်လည်း အောင်ဇေယျအိမ်ရာအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် သင်္ကြန်ရက်များ နီးကပ်လာသည်နှင့်အမျှ လုံခြုံရေးတင်းကျပ်မှုများကို ပိုမိုလုပ်ဆောင်လာရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

သင်္ကြန်ရက်နီးလာသည့် အချိန်မှစတင်၍ ဈေးဝယ်စင်တာကြီးများသာမက အခြားစီးပွားရေးလုပ်ငန်းများတွင်ပါ လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများမှ လုံခြုံရေးဝန်ထမ်းများကို ဌားရမ်းခေါ်ယူ၍ လုံခြုံရေး ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပြီး မပာာသင်္ကြန်ကာလတွင်လည်း အများပြည်သူ တို့၏ လုံခြုံရေးအရ မဏ္ဍပ်များ၌ လိုက်နာရမည့် စည်းကမ်းချက်များကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

မိုးညှင်းတံတားကို တန်၂၀ ဒဏ်ခံတံတားအဖြစ် ဒေသခံများ ကိုယ်ထူကိုယ်ထတည်ဆောက်မည်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ရှမ်းကြိုးတံတားအား တန် ၂၀ ဒဏ်ခံနိုင်သည့် တံတားအဖြစ် ပြောင်းလဲတည် ဆောက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ရှမ်းတံတားဟု အမည်ရသော ယင်းကြိုးတံတားကို လွန်ခဲ့သည့် နှစ် ၄၀ ကတည်းက တည်ဆောက်ထားပြီး ယခု အခါ ခိုင်ခံ့မှုမရှိ၊ ဆွေးမြည့်နေပြီ ဖြစ်ကြောင်း  ထို့ကြောင့် ကွန်ကရစ် တံတားကြီးအဖြစ် ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် တည်ဆောက်ရန် ဒေသခံများထံမှ အလှူငွေကောက်ခံနေခြင်း ဖြစ်ကြောင်း တံတားတည်ဆောက်ရန် ဦးဆောင်နေသူ တစ်ယောက်က ပြောကြားသည်။

၁၅၇ပေ ကျယ်သည့် နန့်ရင်းချောင်းကို ဖြတ်ကျော်၍ အမြင့်ပေ ၂၀၊ အကျယ် ၁၃ပေ ရှိသည့် တံတားအဖြစ် တည်ဆောက်သွားရန် စုစုပေါင်း ကျပ် သိန်း ၁၅၀၀ ခန့် ကုန်ကျနိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း၊ လောလောဆယ်တွင် အလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွေ ကျပ် သိန်း ၃၀၀ ကောက်ခံရရှိထားကြောင်း ထပ်မံလိုအပ်သည့် ငွေများအား ကျောက်စိမ်းမှော်၊ ရွှေမှော် စသည့် ရွှေနှင့် ကျောက်မျက် တူးဖော်ရေးလုပ်ငန်းများမှ သွားရောက် ကောက်ခံမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ တံတားကြီးသည်  မိုးညှင်းမြို့လယ်တွင် တောင်မြောက် စီးဆင်းသည့် နန့်ရင်းချောင်းကို ဖြတ်ကျော်သည့် အချက်အချာကျသော တံတားကြီး တစ်ခုဖြစ်ပြီး အထူးသဖြင့် မြို့အရှေ့ဖက် အုတ်ကျင်းရပ်ကွက်ရှိ ဇောတိရှမ်း လူမျိုးစုများ၏ အကြီးဆုံး ဇောတိဘုန်းကြီးကျောင်းသို့ ဆက်သွယ်ထားသည်။

မိုးညှင်းမြို့နယ်တွင် နန့်ရင်းချောင်းဖြတ် တံတားလေးစင်းရှိပြီး ယင်းအနက် သုံးစင်းမှာ မြို့မိမြို့ဖများမှ ကိုယ်ထူ ကိုယ်ထ တည်ဆောက် ထားခြင်း ဖြစ်ကြောင်း သိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတသစ်၏ကတိများ အကောင်ထည်ပေါ်လာစေရေး ဝိုင်းဝန်းတွန်းအားပေးသင့်ကြောင်း အတိုက်အခံပါတီအချို့ တိုက်တွန်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ပထမဆုံးမိန့်ခွန်းတွင်ပြောကြားချက်များကို အမှန်တကယ် အကောင်အထည် ပေါ်လာစေရေးအတွက် အားလုံးမှဝိုင်းဝန်းတွန်း အားပေးသင့်ကြောင်း အတိုက်ခံပါတီတချို့မှ ခေါင်းဆောင်များက တညီတညွှတ်တည်း ပြောဆို လိုက်သည်။

“အန်ကယ်တို့နဲ့အတူ ပြည်သူလူထုရော၊ မီဒီယာတွေပါ သူပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်အောင် တွန်းအားပေးရမယ်။” ဟု ဒီမိုကရက်တစ် ပါတီဥက္ကဌ ဦးသုဝေက ပြောဆိုသည်။

သမ္မတအသစ်၏ မတ်လ ၃၀ရက်နေ့တွင်ပြောကြားသွားသောသူ၏ပထဆုံးမိန့်ခွန်းတွင် မြန်မာ့စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကို ယခုထက် ပိုမိုတိုးတက်အောင် ပြုလုပ်မည် ဖြစ်ပြီး အဂတိလိုက်စားမှုကိုလည်း တိုက်ဖျက်သွားမည် ဟု ပြောကြားခဲ့ကြောင်းသိရသည်။

“သူ့ကိုဘယ်လောက်ထိ ယုံကြည်လို့ရတယ်ဆိုတာကတော့ လူတစ်ယောက်ချင်းစီရဲ့အတွေးအမြင်အပေါ်မှာပဲ မူတည်တယ်။” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက သမ္မတအသစ်ကို သုံးသပ်ပြောဆို သည်။

အရပ်သား အစိုးရသစ် ဖွဲ့လိုက်သော်လည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ်ဟောင်းများက အရေးကြီးသည့် နေရာများကို ဆက်လက် ယူထားသည့် အတွက် ကြီးမားသော အပြောင်းအလဲ မဟုတ်ကြောင်း၊ အဓိကကျသည့် ဆုံးဖြတ်ချက် များနှင့်ပတ်သက်ပြီး စစ်အုပ်စု သြဇာသက်ရောက်နေဆဲ ဖြစ်သည် ဟု ယူဆကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဝေဖန် ပြောဆိုလိုက်ကြောင်းသိရသည်။

၎င်းအပြင် ကုလသမဂ္ဂ ကလည်း ယခုပြောင်းလဲမှုသည် အများလက်ခံနိုင်သည့် အပြောင်းအလဲများအတွက် အစပြုချက် ဖြစ်လာရန် တိုက်တွန်း ပြောဆိုလိုက်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဧပြီလ ၁ရက်နေ့လောက်ကစပြီး မြန်မာနိုင်ငံသား ခရီးသွားဧည့်သည်တွေကို လက်ရှိလေဆိပ်အခွန်ကို ကျပ် ၃၀၀၀ နှုန်း ကောက်ခံရာကနေ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေကို ကောက်ခံသလို ခရီးသည်တစ်ယောက်ကို အမေရိကန်ဒေါ်လာ၊ သို့မဟုတ် အက်ဖ်အီးစီ ၁၀ နှုန်းနဲ့ တိုးမြှင့်ကောက်ခံသွား မှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စီစဉ်သတ်မှတ် တာဖြစ်ပြီး လာမယ့်ဧပြီလကစပြီး စတင်ကောက်ခံသွားဖို့စီစဉ်နေပါတယ်"ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန် ရှိသူတစ်ဦး ကပြောသည်။

"နိုင်ငံတကာစံနှုန်းနဲ့အညီ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာဆိုလည်း အခုထက်တောင် ပိုပေးရပါတယ်" ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

ဧပြီ ၁ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ်(၅၁၂) တွင်ပါသည့် "ပြည်ပသို့ထွက်ခွာမည့် ပြည်တွင်းခရီးသည်များကို လေဆိပ်အခွန် တိုးမြှင့်ကောက်ခံရန်စီစဉ်" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ကျွန်တော်တို့ရဲ့ ကမ္ဘာတစ်ဝန်းအတွေ့အကြုံအရ ပြည်တွင်းအဖွဲ့တွေနဲ့ လက်တွဲလုပ်ဖို့ အရမ်းအရေး ကြီးတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ အကူအညီတွေကို နိုင်ငံတကာအဖွဲ့တွေမှာပဲ မြှုပ်နှံထားရင် သူတို့တွေ ထွက်ခွာ သွားတဲ့အခါ အဲဒီနိုင်ငံတွေမှာ ကျွန်တော်တို့ အကူအညီတွေ နည်းနည်းပဲကျန်ခဲ့မယ်" ဟု ၎င်းက ပြောသည်။

၎င်းက ဆက်လက်၍ ပြည်တွင်းအဖွဲ့အစည်းနှင့် လက်တွဲလုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဆန်သော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရန် ရည်ရွယ်ကြောင်း ပြောသည်။

"ကျွန်တော်တို့ ပြည်တွင်းအဖွဲ့အစည်းတွေကို ပေးလိုက်တဲ့ အကူအညီတွေကနေတစ်ဆင့် အောက်ခြေလူထုအနေနဲ့ သူတို့ ရဲ့ရပိုင်ခွင့်နဲ့ ရသင့်တာတွေကို ပိုနားလည်လာပြီး အဲဒီကနေတစ်ဆင့်  ပြည်သူတွေနဲ့ သက်ဆိုင်ရာမြို့နယ်အရာရှိတွေနဲ့ ကြားထဲမှာဆွေးနွေးမှုတွေ၊ ပြောဆိုမှုတွေ ဖြစ်ပေါ် လာစေဖို့ ရည်ရွယ်ပါတယ်" ဟု မစ္စတာ ပေါလ်ဝှစ်တင်ဂမ်က ပြောသည်။

ဧပြီ ၁ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ်(၅၁၂) တွင်ပါသည့် "မြန်မာလူမှုအဖွဲ့အစည်းများ ပိုမိုဖွံ့ဖြိုးရန်အတွက် ရောင်နီ သန်းလာ" သတင်းဆောင်းပါမှ ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးရေးဌာန၏ မြန်မာနိုင်ငံ အကြီးအကဲ မစ္စတာပေါဝှစ်တင်ဂမ် ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ပြောရရင် CB ဘဏ် အခက်အခဲဖြစ်တယ်ဆိုပြီး သတင်းထွက်တယ်၊ ငွေအပ်ထားတဲ့ သူတွေက စုပြုံပြီး ထုတ်ကြတယ်။ နောက်တစ်ကြိမ် ကမ္ဘာဇေဘဏ် ကောလာဟာလသတင်းထွင်ပေါ်ပြီး လူတွေစုပြုံ ထုတ်ယူလာကြတယ်။ အဲဒီလို ထုတ်ယူတာက ပိုဆိုးစေတယ်ဆိုတာကို ငွေအပ်နှံသူတွေက သိရှိစေချင်တယ်။ ဘဏ်တစ်ခုက အပ်ငွေလက်ခံထားရင် အဲဒီအပ်ငွေထဲက တချို့ကိုရင်းနှီးမြုပ်နှံတယ်၊ တချို့ကိုပြန်ထုတ်ချေးပြီး ငွေကြေးလည်ပတ်တာ၊ ဒါမှ ငွေအပ်နှံသူကို အတိုးပေးနိုင်မှာပါ။ သတင်းထွက်တယ်ဆိုတာနဲ့ စုပြုံထုတ်တော့ဘဏ်မှာ နည်းနည်းရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ငွေအပ်ထားတဲ့ သူတွေအတွက်လည်း ပြန်ထုတ်ယူတဲ့အတွက် ကိုယ်ရမယ့်အတိုးနှုန်း နစ်နာသွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ တကယ်လို့ တစ်စုံတစ်ခု ဖြစ်ခဲ့တယ်ဆိုရင်တောင် ကိုယ်အပ်ထားတဲ့ငွေ ဆုံးရှုံးမှုမရှိအောင်  ဗဟိုဘဏ်က စီမံထားပြီးသားဖြစ်လို့ သတင်းထွက်တိုင်း ငွေစုပြုံထုတ်ယူတာဟာ ဘဏ်ကိုလည်း အကျပ်အတည်းဖြစ်ပေါ်စေသလို ကိုယ်ရမယ့် အတိုးနှုန်း နစ်နာစေတာပဲရှိပါတယ်"

ဧပြီ ၁ ထုတ် Biweekly ELEVEN အတွဲ(၁) အမှတ်(၄) တွင်ပါသည့် "ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်နှံထားသူများ စိုးရိမ်ရန်မလိုကြောင်း ဗဟိုဘဏ်မှသိရှိရ" သတင်းမှ ဗဟိုဘဏ်၏ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

ယခုအခါ အဝေးသင်နှင့် နေ့စဉ်တန်းတက်ရောက်ပြီးသော ဘွဲ့ရလူငယ်ဦးရေမှာ နှစ်စဉ်သိန်းဂဏန်းရှိနေရာ ယင်းကဲ့သို့ ဘွဲ့ရပြီးခါစ လူငယ်များအတွက် အလုပ်နေရာကောင်း ရရှိရန်မှာ ခက်ခဲလာသည်။

ထို့ပြင် ဝန်ကြီးဌာနများမှ လစ်လပ်နေရာများအတွက် အလုပ်ခေါ်ယူသည့်အခါများ၌လည်း နေ့စဉ်တန်း ဘွဲ့ရများကိုသာ ဦးစားပေးခေါ်ယူပြီး အဝေးသင်ဘွဲ့ရ လူငယ်များမှာမူ အလုပ်ရရှိရန် နိုင်ငံခြားဒီပလိုမာများနှင့် အခြားဆက်စပ် ဘာသာရပ်များကိုသာ သင်ယူပြီး ကုမ္ပဏီနှင့် ပုဂ္ဂလိက လုပ်ငန်းခွင်များ၌ ဝင်ရောက်လာကြရသည်ဟု ရန်ကုန်ပညာရေးတက္ကသိုလ်မှ အငြိမ်းစား ဒုတိယပါမောက္ခချုပ်တစ်ဦးက ပြောပြခဲ့သည်။

ဧပြီ ၁ ထုတ် Biweekly ELEVEN အတွဲ(၁) အမှတ်(၄) တွင်ပါသည့် "အရည်အချင်းကန့်သတ်ချက် မြင့်မားလာသော အလုပ်ခေါ်စာ များကြောင့် သာမန်ဘွဲ့ရများမှာ အလုပ်ရရှိရန်ခက်ခဲလာ" သတင်းမှ ကောက်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

မျှတစွာ ယှဉ်ပြိုင်ပါမည်……

အသက် ၂၅ အရွယ် လူငယ်တစ်ဦးသည် ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်ဦးစီး ဌာနတွင် လက်ထောက်ရာဖြတ် အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။ ဝန်ထမ်းဘဝ၏ ထုံးစံအတိုင်း ယိုးဒယား အကလို(အထက်ဖား၊ အောက်ဖိ) လုပ်နေရသည့် အလုပ်ကို ပြုမူနေရသည်မှာ ထုံးစံလိုပင်ဖြစ်ပေတော့သည်။ ကြိုးစား၍ ရာထူးအဆင့်ဆင့် တက်လှမ်းသည့် အလုပ်မျိုးမှာ သူ့အတွက် ရင်ခုန်စရာမကောင်း။ ပျင်းရိရိဖြင့်သာ ဒီလမ်းကို လျှောက်နေရသည်။  သူလုပ်ချင်သည်မှာ စိန်ခေါ်မှုအပြည့်ပါသည့် အလုပ်မျိုး၊ သူရဲ့အင်အားကို အမြဲတမ်း သွေးတိုးစမ်း နေသည့် အခက်အခဲ၊ ထိုအလုပ်မျိုးကို သူနှစ်သက်သည်၊ လုပ်ချင်သည့် စိတ်ဆန္ဒအပြည့်ရှိသည်။ သူ၏ တစ်ခြားဝါသနာပါရာ အလုပ်တစ်ခုမှာ သီချင်းဆိုခြင်း ဖြစ်သည်။ သူက ဂီတဝါသနာအိုးလေ။

သို့နှင့် နောက်ဆုံး ခေတ်ကာလ၏ နိုင်ငံရေးအခြေအနေအရ စွန့်ဦးတီတွင်မှုကို အားမပေးသည့် အစိုးရဗျူရိုကရက်အလုပ်မှ ထွက်ကာ သူ့၏ကိုယ်ပိုင် စီးပွားရေးအလုပ်ကိုလုပ်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ် ချက်ချလိုက်လေသည်။ သူလုပ်ချင်သည့် စီးပွားရေးအိုင်ဒီယာမှာ တေးသီချင်း များကို အမြဲမပြတ်ဖွင့်ထားသော လာသောက်သူတိုင်း အေးအေး ငြိမ့်ငြိမ့်ရှိလှသည့် လူငယ်ထုကို ဆွဲဆောင်နိုင်သော ကော်ဖီဆိုင်မျိုးဖြစ်သည်။

အိုင်ဒီယာကို လက်တွေ့ အကောင်အထည် ဖော်ဖို့ရန် ရင်းနှီးမတည်ငွေရှိရမည်ဖြစ်ရာ ယင်းလိုအပ်သည့် ရင်းနှီးငွေကို သူစုဆောင်းထားသည့် စုဆောင်းငွေများနှင့် အသိမိတ်ဆွေများဆီက ချေးယူထားသောငွေများဖြင့် ပေါင်းပြီး လုပ်ငန်းစလုပ်သည်။ သူ၏ အားသွန်ခွန်စိုက် ကြိုးပမ်းမှုကြောင့် လုပ်ငန်းစတင် အကောင်အထည်ဖော်ပြီး အရင်းကျေကာလ လွန်မြောက်လာသောအခါ အမြတ်ငွေများ စတင်ရရှိလာသည်။ ဤမက်လုံးသည်ပင် သူ့အတွက် တွန်းအားလိုဖြစ်နေသည်။ ဤကဲ့သို့သော သူမျိုးကို စွန့်ဦးတီတွင်သူဟု ခေါ်ဆိုနိုင်လေသည်။ သူ့အား စွန်ဦးတီတွင်သူဟုတ်၊ မဟုတ် စမ်းသပ်ကြည့်လိုလျှင် သူလိုချင်သည့်ငွေအား ပုံပေးလိုက်သောအခါ ယခုအလုပ် ဆက်မလုပ်တော့ဘူးဟုဆိုပါက သူအား စွန့်ဦးတီထွင် စိတ်ဓာတ်ရှိသူဟု မဆိုနိုင်ပါ။ လိုချင်သည့် ငွေပမာဏရသည့်တိုင် အသစ်တီတွင်မှုကို လုပ်လိုသည့် စိတ်ဆန္ဒပြည့်ဝနေမှသာလျှင် ဦးစွန့်တီတွင်သူဟု ခေါ်ဆိုနိုင်ပေမည်။

ယင်းမှာ ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားတိုးတက်သွားသည့် လူငယ်တစ်ဦး၏ ကြီးပွားရေး ပုံပြင်လေးတစ်ပုဒ်သာ ဖြစ်သည်။ ဤနေရာ၌ ကျွန်တော် ပြောလိုသည်မှာ မြန်မာနိုင်ငံတွင် အထက်ပါလူငယ်ကဲ့သို့သော လူငယ်၊ လူလတ်မျိုး ရှိလာအောင် လူမှုစီးပွားရေးပတ်ဝန်းကျင်က မည်မျှထောက်ပံ့ အားပေးထားပါသနည်း။ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာသည်မှာ နှစ် ၂၀ ပင် ကျော်လာလေပြီ။ စွန့်စွန့်စားစားနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်သည့် စီးပွားရေး ပတ်ဝန်ကျင်မျိုး ဖန်တီးပေးမထားသည့်အတွက် မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးမှာ အရွယ်ရောက်သော်လည်း လူစဉ်မမီသည့် သက်ကြီးပုပုံစံ မျိုးဖြစ်နေရသည်။ ယခုအခါတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းမှာ အပြောင်းအလဲတစ်ခုကြုံတွေ့နေ ရလေသည်။ နိုင်ငံရေးသည် စီးပွားရေးနှင့် ဆက်စပ်နေသည်ဖြစ်ရာ စီးပွားရေးအခင်းအကျင်းများသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု ယူဆကောင်းယူဆနိုင်ပါသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍  မတ်လ ၂၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အောင်မြေသာဇံ မဲဆန္ဒနယ်မှ ဦးကိုကြီးက ပြည်တွင်းကူးသန်းရောင်းဝယ်မှု၊ ပြည်ပကူးသန်း ရောင်းဝယ်မှုတို့တွင် ဈေးကွက်စီးပွားရေးစနစ် မှန်မှန်ကန်ကန် ဖွံ့ဖြိုး တိုးတက်ပြီး ဈေးကွက်ထိခိုက်ပျက်ပြားစေမည့်  တစ်နည်းအားဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ မှန်ကန်စွာ ကူးသန်းရောင်းဝယ်သူများနှင့် စားသုံးသူ ပြည်သူတို့အတွက်  ထိခိုက်နစ်နာစေမည့် ဈေးကစားခြယ်လှယ်မှု၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုတို့ကို မည်သို့ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်သင့်သည်၊ လက်ရှိကျင့်သုံးနေသော ဥပဒေများဖြင့် မည်သို့ကာ ကွယ်တားဆီးထိန်းသိမ်းသွားသင့်သည်နှင့် ဥပဒေ လုပ်ထုံးလုပ်နည်း အသစ်များ ပြဋ္ဌာန်းဆောက်ရွက်ရန် လိုအပ်ပါက မည်သို့ဆောင်ရွက်သွားမည်တို့ကို သိရှိလို ကြောင်းမေးမြန်ခဲ့လေသည်။

ထိုသို့ မေးမြန်းမှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဝန်ကြီးဌာနဝန်ကြီး ဦးတင်နိုင်သိန်းက ဈေးကစားခြယ်လှယ်၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုတို့ကြောင့် အများပြည်သူထိခိုက်မှုများအတွက် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မည့် လက်ရှိတည်ဆဲဥပဒေများမှာ သွင်းကုန် ပို့ကုန်ကြီးကြပ်ရေး(ယာယီ) အက်ဥပဒေ၊ အရေးကြီးသော ကုန်ပစ္စည်းနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေ၊ ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေ၊ ပဋိညာဉ် အက်ဥပဒေ၊ ကုန်ရောင်းခြင်းအက်ဥပဒေနှင့် ပြစ်မှုဆိုင်ရာ ဥပဒေတို့ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ ဆက်လက်ပြီး ဝန်ကြီးက ယခုပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိသော်လည်း အချို့ဥပဒေများသည် လက်ရှိ ဈေး ကွက်စီးပွားရေး စနစ်၊ ခေတ်ကာလ အခြေအနေများနှင့်ကိုက်ညီအောင်  ပြင်ဆင်ဖြည့်စွက်ခြင်း၊ ထပ်မံလိုအပ်သည့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း ပြုလုပ်ရန် လိုအပ်သည့် အလျောက် ဥပဒေလုပ်ထုံးလုပ်နည်းများကို လေ့လာပြုစုလျက်ရှိသည်။

ဤကဲ့သို့ ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်သွားပါက စီးပွားရေးလုပ်ငန်းရှင်များသည် စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီသော စနစ်တခုအတွင်း မျှတစွာ ဝင်ရောက်ယှဉ်ပြိုင်လာမည်ဖြစ်သည်။ လူနှင့်မူတွင် မူကို အဓိက အလေးပေးလိုက်ခြင်းဖြစ်သည်။ ယင်းယှဉ်ပြိုင်မှု ဥပဒေ ရေးဆွဲရေးအတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအနေဖြင့် လေ့လာမှုများ၊ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ် ညှိနှိုင်းမှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။ ထို့အပြင် အာဆီယံ၏ ASEAN Economic Community အရ ၂၀၁၅ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်များ အားလုံးက ယှဉ်ပြိုင်မှု ဥပဒေ(Competition Law) ကို အပြီးသတ်ရေးဆွဲရန် ရှိပါကြောင်း၊ ယခုလောလောဆယ်တွင် စင်ကာပူ၊ ဗီယမ်နမ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများ၌ ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။ ထိုအတွက်ကြောင့် မြန်မာနိုင်ငံ၏ စီးပွား ရေးမူဝါဒများချမှတ်သည့် ပုဂ္ဂိုလ်များအနေဖြင့် ပြည်တွင်း(တိုင်းရင်းသား) လုပ်ငန်းရှင်များအား ကမ္ဘာ့နှင့်ယှဉ်၍ လုပ်ကိုင် နိုင်သည့် အရည်အသွေးများရှိလာရန် စနစ်တကျ ပျိုးထောင်ပေးခြင်းနှင့်အတူ အလားအလာရှိသည့်လုပ်ငန်းများကို အထူး အခွင့်အရေးများ ပေးရန် လိုအပ်ပါသည်။ ဥပမာဆိုရလျှင်မူ အိန္ဒိနိုင်ငံဆိုလျှင် နည်ပညာနှင့်ဆိုင်သော (အထူးသဖြင့် IT) လုပ်ငန်းများကို အခွန်ကောက်ခံခြင်းလုံးဝ မရှိဟုသိရသည်။ ဤသည်မှာ ဝင်ရောက်ရင်းနှီးမြုပ်နှံသူလုပ်ငန်းရှင်များအတွက် မက်လုံး တစ်ခုပင်ဖြစ်လေသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆(ခ) တွင် စီးပွားရေး လုပ်ငန်းများ၌ တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောာက်ဖြစ်စေ၊ အစုအဖွဲကဖြစ်စေ လက်ဝါးကြီး အုပ်ဆောင်ရွက်မှု (သို့မဟုတ်) ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်သွားမည်ဟု ပြဋ္ဌာန်းဖော်ပြထားပြီးဖြစ်လေသည်။ သို့နှင့် အထက်ပါ ဖော်ပြထားသော ကြီးပွားရေး ပုံပြင်လေး အတိုင်း မြန်မာနိုင်ငံတွင် အမှန်တကယ် အကောင်အထည်ပေါ်လာမည်ဆို ပါက မြန်မာနိုင်ငံ ဝင်ငွေဖြန့်ခွဲမှုသည့် တဖြည်းဖြည်း မျှတမှု ရေချိန်သို့ရောက်ရှိလာမည်ဖြစ်သည်။ ဤကဲ့သို့ မျှတမှုရှိသည် ဝင်ငွေဖြန့်ခွဲမှုသည်ပင် လွတ်လပ်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ဖြစ်ထွန်းလာမှု၏ ကနေဦးခြေ လှမ်းများဖြစ်လာမည်မှာ အသေအချာပင်ဖြစ်လေသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment