Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၄.၂၀၁၁

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည် တစ်ကိုယ်တော်ရှိုး အဆင့်တွင် ကျန်နေခဲ့သည့် မြန်မာ ဒီမိုကရေစီ ပါတီ

(The Globe and Mail မှ 3 April 2011 ရက်စွဲပါ “Democracy party in Myanmar still a one-woman show” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

             ပြီးခဲ့သော အပတ်က မြန်မာနိုင်ငံတွင် တပ်မတော် အစိုးရကို တရားဝင် ဖျက်သိမ်းပြီး ဗိုလ်ချုပ်ဟောင်းများ ပါဝင်သည့် အရပ်ဖက် အစိုးရဖြင့် ကိုယ်တိုင် အစားထိုး လိုက်ကြပြီ ဖြစ်ရာ မြန်မာ့ ဒီမိုကရေစီ အရေးကို ကာလရှည်ကြာ ဦးဆောင်ခဲ့သည့် ပါတီ၏ အရေးပါ အရာရောက်မှု ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

             ၁၉၈၈ ခုနှစ်က အာဏာ သိမ်းပြီးနောက်ပိုင်း အာဏာကို ချုပ်ကိုင်ထားခဲ့သည့် စစ်ဗိုလ်ချုပ် တစ်စုကို ရည်ညွှန်းကာ ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင် ရုပ်သံတွင် “နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို တရားဝင် ဖျက်သိမ်းလိုက်ကြောင်း” ထုတ်ပြန် ကြေညာခဲ့သည်။ ၁၉၉၂ မှစ၍ အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ခဲ့ပြီး ယခုအချိန်တွင် နောက်ကွယ်မှ ကြိုးကိုင်ခြင်း ရှိ/မရှိ မသဲကွဲသေးသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရားဝင် ဖျက်သိမ်းသည့် အမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

             ယခုအခါ အစိုးရသစ်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်၍ တပ်မတော် လွှမ်းမိုးထားသော လွှတ်တော်သစ်တွင် NLD ပါတီ ကိုယ်စားပြု ပါဝင်နိုင်ခြင်း မရှိတော့သလို၊ ပါတီ ထောက်ခံသူများ ကိုလည်း လမ်းများပေါ် ထွက်လာအောင် စည်းရုံးလိုပုံ မရတော့ပါ။ ထိုမျှသာမကပဲ NLD ပါတီသည် လှုပ်မရသည့် ထောင်ချောက်တွင် ပိတ်မိနေသည့်အပြင် တိုင်းပြည်၏ အသွင် ကူးပြောင်းမှုသည် စစ်မှန်သည့် ပြုပြင်ပြောင်းလဲမှုကို ဦးတည်သော ပထမအဆင့်လား (သို့) ဗိုလ်ချုပ်ကြီးများ အာဏာ ခိုင်မြဲအောင် ပြုလုပ်သည့် စက်ဆုပ်ဖွယ် လှုပ်ရှားမှုလား ဆိုသည်ကို အကူအညီမဲ့စွာ စောင့်ကြည့်ရသည့် အခြေအနေသို့ ရောက် ရှိနေသည်။

             လွန်ခဲ့သော ၂၁ နှစ်ခန့်က ငြိမ်းချမ်းသော ဆန္ဒပြ တော်လှန်ရေး၏ ဝဲဂယက် ဗဟိုချက် ဖြစ်ခဲ့သော NLD ပါတီ ဌာနချုပ်သည် ယခုအခါ ဗိုလ်ချုပ်ကြီးများ၏ ဗျူဟာများကို ခြိမ်းခြောက်နိုင်သော ဗဟိုဝင်ရိုးတစ်ခု နှင့်မတူတော့ပဲ စိတ်လှုပ်ရှားဖွယ် ကာလဟောင်း၏ ပြတိုက်တစ်ခုနှင့် ပို၍ တူနေ တော့သည်။

             ပါတီဌာနချုပ် နှစ်ထပ် အဆောက်အဦး၏ အပေါ်ထပ်တွင် NLD ၏ အန်ကယ်ကြီးများဟု ခေါ်သည့် လူတစ်စုသည် သစ်သား ခေါက်ကုလားထိုင်များ ပေါ်တွင် ထိုင်ကာ ပရင့် ထုတ်ထားသည့် အီးမေးလ် တစ်ထပ် ကြီးကို မှုန်တိမှုန်မွှား ဖတ်ရှုနေကြသည်။ အဆိုပါ ဌာနချုပ်သို့ ယခုနှစ် အစောပိုင်းက Globe and Mail သတင်းဌာနက ရောက်ရှိခဲ့ချိန်တွင် ရုံးခန်းထဲ၌  ကွန်ပြူတာ တစ်လုံးမှ မရှိပဲ စားပွဲပေါ်မှ တယ်လီဖုန်း စာအုပ်ပုံဘေးရှိ GE တံဆိပ် ရှေးဟောင်း တယ်လီဖုန်း တစ်လုံးဖြင့် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်နေသည်ကို တွေ့မြင်ခဲ့ရသည်။ (ထို့နောက်ပိုင်းတွင် ကွန်ပြူတာ တပ်ဆင်ခဲ့ပုံ ရသော်လည်း အင်တာနက် ချိတ်ဆက်နှုန်း နှေးလွန်းသောကြောင့် အီးမေးလ် တစ်စောင်စစ်ရန် အတွက်ပင် အချိန်များစွာ ပေးရ သည်။)

             အချိန်ကာလ နှင့်အတူ ပြောင်းလဲသွားသည့် တစ်ခုတည်းသော အရာမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများသာ ဖြစ်သည်။ သူမ၏ ရုံးခန်းနှင့် အနီးဆုံး နေရာရှိ ဓာတ်ပုံတစ်ပုံသည် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီ ဆန္ဒပြလူအုပ်ကို မိန့်ခွန်း ပြောနေစဉ် ရိုက်ကူးထားခြင်း ဖြစ်ပြီး သူမ၏ မျက်လုံးတွင် ဒီမိုကရေစီ စိတ်ကူး မျှော်လင့်ချက်များ လင်းလက်နေသည်။ နောက်တစ်ပုံမှာ သူမအကျယ်ချုပ် ကျခံနေရစဉ် ရေးဆွဲထားသော ပုံတူ ပန်းချီကား ဖြစ်ပုံရပြီး ဝါးခမောက် အောက်မှ သူမ၏ ကျက်သရေ ရှိသော အပြုံးကို တွေ့ မြင်ရသည်။ တတိယမြောက်နှင့် အကြီးဆုံး ဓာတ်ပုံမှာ နိုဝင်ဘာလက နောက်ဆုံး လွတ်မြောက် လာသည့်နေ့တွင် ရိုက်ကူးထားခြင်း ဖြစ်ပြီး သူမ၏ မျက်နှာတွင် ဇရာ အရေးအကြောင်းများ ထင်ဟပ်နေသလို သူမ၏ အကြည့်တွင် ဥာဏ်ပညာ ကြီးမှု၊ သတိကြီးမှုများ ပြည့်လျှမ်းနေသည်။

             ဤနေရာတွင် အနည်းငယ် မေးစရာ ရှိသည်မှာ NLD ပါတီသည် ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်သော ပါတီခေါင်းဆောင် အပေါ်တွင် မျှော်လင့်ချက်များကို ပုံအပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် တစ်ကိုယ်တော်ပြပွဲ အဆင့်တွင် ကျန်နေခဲ့တော့မည်လား ဟူသော မေးခွန်း ဖြစ်သည်။

             ကြီးလေးသော တာဝန်များကို သယ်ပိုးနိုင် လောက်အောင် ကျန်းမာရေး မကောင်းတော့ဟု Globe and Mail သတင်းဌာနက သိရှိထားသော အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး အပေါ်တွင် ပုံအပ်ထား သော မျှော်လင့်ချက်များမှာ များလွန်း အားကြီးပါသည်။

             တက်ကြွ မျှော်လင့်မှုများ ဖြစ်ပေါ်စေခဲ့သော သူမ လွတ်မြောက်မှု နောက်ပိုင်း ၄ လခန့် အကြာတွင်မူ သူမက “ငြိမ်းချမ်းသော တော်လှန်ရေး” ဟု ခေါ်သည့် လှုပ်ရှားမှုများ အလှမ်း ဝေးလာသည့် လက္ခဏာ ရှိနေသည်။ မြန်မာနိုင်ငံ၏ စစ်ဖက် အုပ်ချုပ်သူများက “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ” ဟု ခေါ်သည့် စနစ် သစ်တစ်ခုကို NLD ပါတီ သပိတ်မှောက်ခဲ့သည့် ရွေးကောက်ပွဲ အတုမှ တဆင့် သွတ်သွင်း ပေးလိုက်ပြီ ဖြစ်၍ လေဒီဟု ခေါ်ကြသော ဒီမိုကရေစီ ခေါင်းဆောင်မှာ နိုင်ငံရေး စည်းဝိုင်း၏ ဘေးစည်းတွင် ကျန်နေခဲ့ပြီ ဖြစ်သည်။

             တပ်မတော် အစိုးရ၏ တရားဝင် ဖျက်သိမ်းမှုသည် အပေါ်ယံရှပ် ပြောင်းလဲမှု ဖြစ်ကာ တစ်စုံတစ်ရာ အခွင့်အလမ်း ရှိသည်ဟု ယူဆသူ အနည်း ငယ်သာ ရှိပါသည်။ ယခု သမ္မတသစ် ဦးသိန်းစိန်သည် ယခင် အစိုးရဟောင်း၏ ဝန်ကြီးချုပ်ဖြစ်ပြီး၊ တိုင်းပြည်ရေးရာ များကို ဆက်လက် ထိန်းချုပ်မည်ဟု မျှော်လင့်ရသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သစ္စာရှိ သြဇာခံတစ်ဦးသာ ဖြစ်သည်။

             NLD ပါတီ၏ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို တပ်မတော်က အသိအမှတ် ပြုရမည်ဟု ယခုတိုင် ပြောဆိုနေသေးသည့် ဒေါ်အောင်ဆန်း စုကြည်က သူမနှင့် နိုင်ငံခြား သံတမန်များ၊ သတင်းထောက်များနှင့် တွေ့ဆုံပွဲများတွင် ယခု စနစ်သစ်သည် ဒီမိုကရေစီ အယောင်ဆောင်မှုသာ ဖြစ်ကြောင်း ပြစ်တင် ရှုတ်ချခဲ့ သော်လည်း သူမ၏ ပြောကြားမှုသည် ပြည်ပ ပရိသတ်များ ထံသို့သာ ရောက်ရှိ နိုင်ပါလိမ့်မည်။ တကယ် လက်တွေ့ အမှန် တရားမှာ ဆင်းရဲ နွမ်းပါး၍ ဖိနှိပ် ချုပ်ချယ် ခံနေရသော နိုင်ငံတွင် သူမအား ၁၅ နှစ်ခန့် အကျယ်ချုပ် ဖမ်းဆီးကာ ပြင်ပကမ္ဘာနှင့် အဆက်ဖြတ် ထားသည့် အတွက် လက်တွေ့ ပြောင်းလဲနေသော (တိုးတက်ခြင်း မဟုတ်ပါ) အနေ အထားများကို သူမအနေဖြင့် လိုက်ပါ သိရှိ နားလည်နိုင်မှု မရှိတော့ခြင်းပင် ဖြစ်သည်။

             ယင်းကဲ့သို့ သူမ၏ သိမြင် ခံစားနိုင်မှု လျော့နည်းသွားခဲ့ရခြင်းမှာ သူမအား အဆက်ဖြတ် ကန့်သတ် ထားရန် ဗိုလ်ချုပ်ကြီးများက ကြိုးပမ်း ခဲ့ကြ ခြင်းကြောင့် ဖြစ်သည်။

             “ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခင် သူမ လွတ်မြောက်ခဲ့စဉ် ကာလများက အာဏာပိုင်များကို ဆက်ဆံခဲ့သည့် ပုံစံထက် ယခု ပို၍ သတိ ကြီးစွာ ထားရန် သူမကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်း နှင့်အတူ ထပ်မံ ဖျက်ဆီးခြင်း မခံရအောင် သတိထားကာ မည်မျှပြောဆို၊ ဆောင်ရွက် လုပ်ကိုင်နိုင်မည် ဆိုသည်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါ” ဟု သူမ၏ လုပ်ဖော်ကိုင်ဖက်များက ဆိုသည်။

             ထို့အပြင် ဇန်နဝါရီ လကုန်နှင့် ဖေဖော်ဝါရီလဆန်း သီတင်းပတ်များ အတွင်း သူမ အိပ်ရာပေါ်မှ မထနိုင်အောင် ဖြစ်စေခဲ့သည့် ရောဂါ တသီ တတန်းကြီး၏ နှိပ်စက် နှောင့်ယှက်မှု ကိုလည်း ကြုံတွေ့နေရ သည်။

             ဖေဖော်ဝါရီလ အတွင်း သူမ ရုံးပြန်တက်ပြီးနောက် Globe and Mail က တယ်လီဖုန်းဖြင့် အင်တာဗျူး ပြုလုပ်ခဲ့ရာ သူမက အကျယ်ချုပ်မှ လွတ်မြောက်ပြီး ပထမဆုံး သီတင်းပတ်များမှစ၍ ယခုအထိ အလွန်ပင် အလုပ်များနေကြောင်း၊ ယခုမှစ၍ လက်တွေ့ကျသည့် အစီအစဉ်များ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။

             ဒေါ်အောင်ဆန်းစုကြည်၏ နာမကျန်းဖြစ်မှုသည် သူမ လွတ်မြောက်လာပြီး စိတ်လှုပ်ရှားဖွယ် မိန့်ခွှန်းများ ပြောကြားခဲ့ခြင်း၏ နောက်ဆက်တွဲ ရရှိခဲ့သော အရှိန်အဟုန် များစွာကို လက်လွှတ် ဆုံးရှုံးစေခဲ့သည်။ သို့ရာတွင် သူမအနေဖြင့် ရန်ကုန်မြို့တော်ကို ကျော်လွန်၍ ခရီးသွားခြင်းဖြင့် သူမ၏ လွတ်လပ်ခွင့် နယ်နမိတ် ကို စစ်ဆေးကြည့်နေဆဲ ဖြစ်သည်။

             ထောင်ဒဏ် ၁၉ နှစ် ကျခံပြီးနောက် ၂၀၀၈ ခုနှစ်က လွှတ်လာသော NLD ထိပ်တန်း ခေါင်းဆောင် ဦးဝင်းတင်က “နယ်ဖက်ကို ကျွန်တော်တို့ ခရီးလှည့်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သတိတော့ ထားရမှာပါ။ ရန်ကုန်မြို့ပေါ်မှာတောင် ဒေါ်အောင်ဆန်းစုကြည် အချိန်မရွေး လုပ်ကြံ ခံရနိုင်ပါတယ်။ တကယ်လို့ ဒေါ်စုနယ်ကို ခရီးသွားမယ် ဆိုရင် ကျွန်တော်တို့ နှစ်ခါပြန် စဉ်းစားရမှာပါ” ဟု ပြောကြားသည်။

             ဦးဝင်းတင်က ဆက်လက်၍ “လတ်တလော အရှေ့ အလယ်ပိုင်း တစ်ခွင်မှာ ခေတ်စားနေတဲ့ ဆန္ဒပြ ပွဲတွေကြောင့် ကျွန်တော်တို့ပါတီ စိတ်အားတက်ကြွမှု ရှိနေပါတယ်။ ဒါပေမဲ့ ဒီလို လှုပ်ရှားမှုတွေ ဖြစ်လာအောင် ကျွန်တော်တို့ပါတီ ဦးဆောင်မှာလားလို့ မေးရင် မလုပ်ပါဘူးလို့ ဖြေရမှာပါ။ အမှန်တကယ်တော့ ကျွန်တော်တို့ ခေါင်းဆောင်ပိုင်းဟာ ပြည်သူနဲ့ အထိအတွေ့ နည်းနေပါတယ်။ ထောင်ထဲမှာ နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ရ တဲ့အပြင် ပြည်သူတွေနဲ့ ထိတွေ့မှုကလည်း အကန့်အသတ် ရှိနေပါတယ်”ဟုပြောဆိုသည်။

             “ကျွန်တော်တို့မှာ နှစ်ပေါင်းများစွာ လစ်လျူရှု ခံရတဲ့ အတွေ့အကြုံတွေ ရှိပြီးသားပါ။ ဒါပေမဲ့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ကျွန်တော်တို့ ဖက်မှာ ရပ်တည် နေကြတာကြောင့် ကျွန်တော်တို့ ဂရုမစိုက်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် မရှိသည့် ကာလက ဦးတည်ချက် ပျောက်နေခဲ့ပြီး ယခု ရုံးခန်း တဝက်စာ လူလျော့နေသော ရုံးခန်းထဲတွင် ထိနေသည့် ဦးဝင်းတင်က မှတ်ချက်ပေးသည်။ တစ်နေ့နေ့ ဒါမှမဟုတ် မဝေးတော့တဲ့ အနာဂတ်မှာ သူတို့ (ဗိုလ်ချုပ်ကြီးများ) နဲ့ ကျွန်တော်တို့ တွေ့ဆုံ ဆွေးနွေးရမှာပါ ဟု ဦးဝင်းတင်က ဆိုသည်။

××××××××××××××××××××                        ××××××××××××××××××××

အာဏာရှင်ဟောင်း ဦးသန်းရွှေ အာဏာ အပြည့်အဝလွှဲပေးမည့်ပုံ မရှိ

(5 April 2011 ရက်စွဲပါ The Aurtralian မှ Elizabeth Hugheo ရေးသားသော “Departing strongman of Burma Than Shwe unlikely to fully relinquish power” ကို ဘာသာ ပြန်သည်)

             ဆယ်စုနှစ် နှစ်ခုခန့် စစ်တပ်မှ အုပ်ချုပ်ခဲ့ပြီးနောက်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် စစ်အစိုးရ ခေါင်းဆောင် အဖြစ်မှ နုတ်ထွက်သွားပြီ ဖြစ်သည်။ သို့သော် အနည်းငယ်ကမူ နိုင်ငံရေးရာ ကိစ္စများတွင် ၎င်း၏ သြဇာ လွှမ်းမိုးမှု ဆက်လက် ရှိလိမ့်ဦးမည်ဟု ယုံကြည်နေသည်။

             စစ်အာဏာရှင်ကြီးသည် ယခုအခါ ဗိုလ်ချုပ်မှူးကြီး ဟူသော ရာထူးကို စွန့်လွှတ်၍ အရပ်သား ဦးသန်းရွှေ ဖြစ်သွားပြီ ဖြစ်သည်။

             ထိုင်းနိုင်ငံ အခြေစိုက် Forum for Democracy in Burma မှ ခင်ဥမ္မာက ပြောကြားရာတွင် ဦးသန်းရွှေသည် အာဏာ ဆက်လက် ဆုပ်ကိုင်ထား ဦးမည် ဆိုသည်မှာ ထင်ရှားကြောင်း ပြောသည်။

             “သူထွက်သွားတာ ကောင်းပါတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ သူထွက် မသွားသေးပါဘူး” ဟု သူမက ပြောသည်။

             အာဏာရှင်ဟောင်းက နေရာလဲ ပေးခဲ့သော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အသက် (၅၄) နှစ်သာ ရှိသေးပြီး၊ ယင်းနှင့် စာလျှင် အလွန် ငယ်နေသည်။ “သူက ဘာမှ ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး။ ဒါကသာ အစီအမံ တွေပေါ့” ဟု သူမက ပြောသည်။ အရပ်သားသမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်(၁၁)ဦး ပါဝင်သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ စစ်တပ်ရေးရာ ကိစ္စများကို ကိုင်တွယ်မည် ဖြစ် သည်။ ဦးသန်းရွှေသည် အဆိုပါ ကောင်စီတွင် မပါဝင်သော်လည်း ဦးသိန်းစိန်သည် ၎င်း၏ သစ္စာခံ ဖြစ်သည်။ ဝေဖန် သုံးသပ်သူ များကမူ ဦးသန်းရွှေသည် ကာကွယ်ရေး မဟာဗျူဟာကို ဆက်လက် ချုပ်ကိုင်နေဦး မည်ဟု ယုံကြည်နေသည်ဟု ဆိုသည်။

             အကယ်၍ ဦးသန်းရွှေက အဆိုပါ သြဇာလွှမ်းမိုးမှုဖြင့် မလုံလောက်ဟု ယူဆခဲ့ပါလျှင် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ မတိုင်မီက ပြဌာန်းထားခဲ့သော စစ်တပ်အတွင်း ပြန်လည် ဝင်ရောက်နိုင်သော ဥပဒေ ရှိနေခြင်းကြောင့်၊ အရာရှိများသည် တူညီသော ရာထူးဖြင့် ငါးနှစ်အတွင်း စစ်တပ်သို့ ပြန်လာနိုင် သေးသည်။

             အဆိုပါ ဥပဒေသည် ယင်းကိုယ်တိုင် အတွက် အာမခံချက် ပေးထားသော မူဝါဒတစ်ခု ဖြစ်ပြီး၊ ၎င်းအနေဖြင့် လိုအပ်သည်ဟု ယူဆလျှင် ပြန်လာ နိုင်ရန် ခွင့်ပြုထားခြင်း ဖြစ်သည်။

             အသက် ၇၈ နှစ်ရှိ သန်းရွှေသည် ၎င်းအာဏာ ရှိစဉ်က စုဆောင်းခဲ့သော ပြောမပြနိုင်သည့် စည်းစိမ် များကို လုံလောက်၍ အနားယူသင့်ပြီဟု ခံစားမိပုံ ရ၍ ယခုကဲ့သို့ အာဏာ လွဲပြောင်း ပေးလိုက်ခြင်း ဖြစ်နိုင်ပါသည်။

             ထိုင်းနိုင်ငံတွင် နေထိုင်သော နိုင်ငံရေး သုံးသပ်သူ အောင်နိုင်ဦးက ပြောကြားရာတွင် စောင့်ကြည့် လေ့လာသူများ အနေဖြင့် ၎င်းအာဏာနှင့် မည်မျှလောက် ဝေးဝေး နေနိုင်မည်နည်း ဆိုသည်မှာ မသေချာကြောင်း ဆိုသည်။ “လောလောဆယ်တော့ အရာရာကို မမြင်နိုင်သေးပါဘူး” ဟု ၎င်းက ပြောသည်။ လူ့ အခွင့်အရေး ကျူးလွန်မှုများ၊ မှားယွင်းသော စီးပွားရေး စီမံ ခန့်ခွဲမှုဖြင့် ဆိုးရွားလှစွာ နာမည်ကြီးသော စစ်အစိုးရသည် ပြီးခဲ့သည့် အပတ် က ဖျက်သိမ်းသွားခဲ့ပြီ ဖြစ်သည်။ အာဏာကို အရပ်သားဟု ခေါ်သော အစိုးရသစ်ထံ လွှဲပေးခဲ့ပြီး တင်းကြပ်စွာ ထိန်းချုပ်ထားသော ပါလီမန်တွင် ဒီမိုကရေစီ အတိုက်အခံသည် နေရာ အနည်းငယ်သာ ရရှိလိုက်သည်။

             သို့သော် ဦးသန်းရွှေ၏ နောက်လိုက် ဗိုလ်ချုပ်အများစုသည် ယူနီဖောင်းချွတ်၍ ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အစိုးရ အဖွဲ့သစ်တွင် အသီးသီး နေရာများ ရယူခဲ့ကြသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment