Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၇.၄.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

ဆုတ်ယုတ်ပျက်စီးမှု လမ်းပေါ်တွင်သာ ရှိနေသေးသည့် မြန်မာ

(Bangkok Post မှ 4 April 2011 ရက်စွဲပါ “Burma still on road to ruin” အယ်ဒီတာ့အာဘော် ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

တပ်မတော် အစိုးရက မြန်မာနိုင်ငံအပေါ် သူတို့၏ ချုပ်ကိုင်မှုကို အဆုံးသတ် လိုက်ပြီးနောက် မြန်မာနိုင်ငံတွင် အာဏာရှင် စနစ် မရှိတော့ပဲ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်ဖြင့် အစားထိုး လိုက်ပြီ ဖြစ်သည်။ ယခင် စစ်ကောင်စီ၊ စစ်အစိုးရအစား တိုင်းပြည်တွင် လွှတ်တော်ကို ရွေးကောက် တင်မြှောက်ကာ လွှတ်တော်ထဲတွင် သမ္မတတစ်ဦး ထိုင်နေချေပြီ။ အထက်ပါ အကြောင်း အရာ များသည် မြန်မာနိုင်ငံက နိုင်ငံတကာသို့ ဖြန့်ချိရန် ကြိုးစားနေသည့် ပုံရိပ်ဖြစ်ပြီး ပြည်တွင်း၌မူ ထိုမျှလောက် အရေးတယူ ဖြန့်ချိခြင်း မရှိပါ။

အထက်ပါ ပုံရိပ်သည် အတုအယောင် ပုံရိပ်သာ ဖြစ်၍ ယခုအခါ စစ်ဖက် အုပ်ချုပ်သူများအား ခေတ္တ နားချိန်ပေး၍ စောင့်ကြည့်ရန် တစ်ကမ္ဘာလုံးက ဝိုင်းဝန်း ဆုံးဖြတ်ခဲ့ကြခြင်းမှာ ရှက်စရာကိစ္စ တစ်ခုသာ ဖြစ်ပေသည်။

မြန်မာနိုင်ငံသည် ဒေသတွင်း အဆိုးဆုံး အာဏာရှင် နိုင်ငံ ဖြစ်နေသေးသည့် အပြင် ထိုနိုင်ငံမှ အာဏာပိုင် များသည်လည်း မကြာမီ အနာဂါတ် ကာလ အတွင်း ထိန်းချုပ်မှုများ လျှော့ပေါ့ပေးရန် ရည်ရွယ်ခြင်း မရှိ ဟူသော အချက်နှင့် ပတ်သက်၍ ပွင့်လင်းကြသူများ ဖြစ်သည်။

ယခု အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အုပ်ချုပ်မည့် မြန်မာနိုင်ငံသည် ယခင် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက အုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံနှင့် နေရာတိုင်း ကြည့်မလွဲ တစ်ထေရာတည်း တူညီနေသည်။ ယခင် သီတင်းပတ် အတွင်း ပြောင်းလဲမှုများ သည်လည်း ရေမရောသည့် အပေါ်ယံ စစ်စစ်သာ ဖြစ်သည်။ ယခင် စစ်တော်ကောက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယခု စင်တော်ကောက် သမ္မတကြီး ဦးသိန်းစိန် ဖြစ်လာကာ တပ်မတော် အရာရှိ ၂၅ရာခိုင်နှုန်း ပါဝင်ရန် အခြေခံ ဥပဒေက ဖန်တီး ပေးထားသော လွှတ်တော်ထဲတွင် သမ္မတ မိန့်ခွန်းကိုပင် ခြွေခဲ့ပြီ ဖြစ်သည်။

အမှန်စင်စစ် တပ်မတော်၏ “လက်ရွေး” ဖြစ်သော နိုင်ငံရေး ပါတီသည် ခြိမ်းခြောက်ခြင်း၊ မဲလိမ်ခြင်း များဖြင့် နိုဝင်ဘာလက ရွေးကောက်ပွဲ အတုကို အနိုင်ယူခဲ့ပြီး ယူနီဖောင်းဝတ် လွှတ်တော် အမတ်များနှင့် ပေါင်းကာ လွှတ်တော် ကိုယ်စားလှယ်နေရာ ၇၇ ရာခိုင်နှုန်းကို လွှမ်းမိုးထားခြင်း ဖြစ်သည်။

နိုဝင်ဘာလက ရွေးကောက်ပွဲ များသည် ဒီမိုကရေစီ စံနှုန်းများနှင့် လုံးဝ မကိုက်ညီ ဟူသော အချက်အတွက် ယနေ့ မြန်မာနိုင်ငံသည် အကောင်းဆုံး သက်သေပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အာဏာရှင် စနစ်တိုင်း၊ အာဏာရှင် နိုင်ငံတိုင်းတွင် ရွေးကောက်ပွဲများ ရှိကြသည်။ ယင်းတို့အနက် ထင်ရှားသော နိုင်ငံများမှာ မြောက်ကိုရီးယား၊ လစ်ဗျား၊ ကျူးဘား၊ ဆီးရီးယားနှင့် ဥဇဘက် ကစ္စတန်တို့ ဖြစ်သည်။ ယင်းနိုင်ငံများ ကဲ့သို့ပင် မြန်မာနိုင်ငံ သည်လည်း ဒီမိုကရေစီ ဟူသော စကားလုံးကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေသည်။ လွတ်လပ်သော ရွေးကောက်ပွဲများ၊ နိုင်ငံရေး ပါတီများ၊ စည်းရုံးရေး ခရီးစဉ်များ၊ အခြေခံဥပဒေ ဆန္ဒခံယူပွဲများ စသည်တို့သည် ယင်းနိုင်ငံများ အတွက် အသုံးဝင်သော ဝါဒဖြန့် ကြွေးကြော်သံ များသာဖြစ်သည်။

ဒီမိုကရေစီ၏ စစ်မှန်သော ဝိသေသများ၊ အထူးသဖြင့် မဲဆန္ဒရှင်များ အပေါ် တာဝန်ယူရမည့် ဦးစားပေး တာဝန်ကို ယင်းနိုင်ငံများတွင် အမှန်တကယ် ထမ်းရွက်ခြင်းမရှိပါ။

သမ္မတ ဦးသိန်းစိန် အနေနှင့်လည်း ပြည်သူတို့၏ မေးမြန်း စစ်ကြောမှုကို ဖြေကြားရန်၊ အစိုးရ၏ ဥပဒေ ဘောင်ကျော်သော လုပ်ရပ်များကို ရှင်းလင်းရန် နိုင်ငံသားများ ညှင်းပမ်းခံရမှုကို ကာကွယ်ပေးရန် အတွက် ဥပဒေအရ တရားဝင် ဖိအားပေး ခဲ့ရခြင်းမျိုး မရှိပါ။

ဤကိစ္စအတွက် အကောင်းဆုံး ဥပမာမှာ မြန်မာ နိုင်ငံ၏ ကမ္ဘာကျော်၊ ဒီမိုကရေစီခေါင်းဆောင်၊ လွတ်လပ်ခွင့် တိုက်ပွဲဝင်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် တင်းကြပ်ထားသည့် ဂရုဏာ ကင်းမဲ့သော ဖိအားများပင် ဖြစ်သည်။ တပ်မတော် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား တရားမဝင် ထိန်းသိမ်း ထားရာမှ လွှတ်ပေးခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို စည်းရုံးသည့် အစီအစဉ်တွင် သူမအား အသုံးချခဲ့ကြသည်။

မကြာသေးမီက သီတင်းပတ်များ အတွင်း အစိုးရအာဘော် သတင်းစာများက ဒေါ်အောင်ဆန်း စုကြည်နှင့် လုပ်ဖော် ကိုင်ဖက်များအား “အကယ်၍ sanctions များ ရုတ်သိမ်းရေးကို ဆက်လက် ကန့်ကွက်နေမည် ဆိုပါက ကြေကွဲဖွယ် လမ်းဆုံးနှင့် ကြုံတွေ့ရလိမ့်မည်” ဟု သတိပေး ဖော်ပြ ခဲ့ကြသည်။

မည်သို့ပင် ဆိုစေ၊ ကမ္ဘာပေါ်တွင် အချို့သော စစ်ဖက် အုပ်ချုပ်သူများ စစ်အစိုးရများက သူတို့၏ တိုင်းပြည်များတွင် တာဝန်ယူ ထိန်းချုပ်ကာ ဒီမိုကရေစီ စနစ်သို့ ဦးဆောင်ခဲ့သည့် ဖြစ်ရပ်များလည်း ရှိနေသည်။ အရှေ့တောင် အာရှဒေသမှ လက်ရှိ အထင်ရှားဆုံး သာဓကမှာ အင်ဒိုနီးရှား နိုင်ငံပင် ဖြစ်သည်။ ၁၉၉၈ ခုနှစ်က ဆူဟာတိုကို ဖြုတ်ချခဲ့ကြသော နာမည်ကြီး လူထု အုံကြွမှုများ အပြီးတွင် အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးများက ပြုပြင် ပြောင်းလဲရေး ကာလကို ဦးဆောင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ဆူဟာတိုနှင့် ဗိုလ်ချုပ်ကြီးများက နိုင်ငံကို ကြပ်မတ် ထိန်းချုပ် ခဲ့ချိန်တွင် မြန်မာ ခေါင်းဆောင်များက အင်ဒိုနီးရှားတို့၏ စနစ်ကို သဘောကျ လေးစားကြောင်း အုပ်ချုပ်သူများက အင်ဒိုနီးရှားတို့၏ ဥပမာအတိုင်း ထက်ချပ်မကွာ လိုက်ပါကြမည်ဆိုပါက အဓိကကျသော လေးစားဖွယ် ခြေလှမ်းတစ်လှမ်း၊ တိုးတက်မှုတစ်ခု ဖြစ်လာ ပါလိမ့်မည်။ သို့သော်လည်း မြန်မာ ခေါင်းဆောင်များက ထိုသို့ လုပ်ဆောင်ရန် ရည်ရွယ်ချက် မရှိကြောင်း သိသာ ထင်ရှား လွန်းသည်။

မြန်မာ့ တပ်မတော်သည် ၁၉၆၂ ခုနှစ်မှ စ၍ မြန်မာနိုင်ငံနှင့် ပြည်သူများကို ရိုက်ချခဲ့သည်။ ဟိုးအရင်က မြန်မာနိုင်ငံသည် လွတ်လပ်သော စိတ်အား ထက်သန်မှု မျှော်လင့်ချက်များနှင့် တောက်ပ နေခဲ့ပြီး ဒေသတွင်း စီးပွားရေး ဦးဆောင်နိုင်ငံ တစ်ခု ဖြစ်ခဲ့သည်။ ထိုနောက်ပိုင်းမှ စ၍ မြန်မာ ဗိုလ်ချုပ်ကြီးများသည် သူတို့၏ တိုင်းပြည်နှင့် လူမျိုးကို အောက်ဆုံးသို့ ဆွဲချခဲ့ကြပြီး အတိုက်အခံ ခေါင်းဆောင်များကိုလည်း (အစိုးရ ဟူသော ဂုဏ်သိက္ခာကိုပင် မထောက်တော့ပဲ) ပြောင်ပြောင် တင်းတင်း အကြမ်းဖက် တိုက်ခိုက်ခဲ့ကြသည်။

မြန်မာ့နည်း မြန်မာ့ဟန် အကျဉ်းထောင်များ၊ နှိပ်စက် ညှင်းပမ်းမှုများ၊ တိတ်တဆိတ် ဖမ်းဆီးမှုများ သည်လည်း အစိုးရ၏မူဝါဒ အဖြစ် ကျန်ရှိနေဆဲ ဖြစ်ကြောင်း တွေ့ရသည်။ အပြစ်မဲ့ နိုင်ငံသား ၂၀၀၀ ကျော်မှာ အကျဉ်းထောင်များ ထဲတွင် နိုင်ငံရေး အကျဉ်းသား အဖြစ် ချုပ်နှောင် ထိန်းသိမ်းခြင်း ခံနေကြရသည်။ ဤကိစ္စမှာ စိတ်မကောင်းစရာ ဖြစ်သော်လည်း ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် မြန်မာနိုင်ငံ ရောက်နေပြီ ဟူသော အလှည့်အပတ်၊ အဖြီးအဖြန်း စကားလုံးများ ထဲတွင် မြန်မာ အိမ်နီးချင်းများနှင့် နိုင်ငံတကာ သဘောထားတို့ နစ်မြှုပ် သွားကြပြီ ဖြစ်ပေရာ “ဒီလောက်လဲ စိတ်မကောင်း ဖြစ်မနေပါနဲ့တော့” ဟုသာ ဆိုရပါတော့မည်။

တကယ့် အဖြစ်မှန်မှာမူ ဒီမိုကရေစီလမ်း ပေါ်တွင် ရောက်နေခြင်း မဟုတ်ပဲ ပျက်စီး ဆုတ်ယုတ်မှု လမ်းပေါ်တွင် ဆက်၍ ရှိနေခြင်းသာ ဖြစ်သည်။

******************************************************************************************************************************

သမ္မတသစ် ဦးသိန်းစိန် နောက်တစ်ဆင့် ဘာလုပ်မည်လဲ

(Asia Correspondent မှ 2 Apr 2011 ရက်စွဲပါ “What will be the next move of Burma’s president Thein Sein” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် နောက်ဆုံးပေါ် မြန်မာအစိုးရသစ် အကြောင်းကို မြန်မာ ပြည်သူ အများစုက ကောင်းစွာ နားလည် သဘောပေါက် ထားကြသည်။ ယခု အစိုးရသည် မနှစ်က ရွေးကောက်ပွဲ အတုများမှ တဆင့် ပြည်သူများအား ကိုယ်စားပြု ဟန်ဆောင်နေသော အရေခွံ လဲထားသည့် မြွေတစ်ကောင်နှင့် အတူတူပင် ဖြစ်သည်ဟု ပြည်သူ အချို့က ဆိုသည်။

တပ်မတော်အစိုးရက ယင်းကိုယ်ယင်း နာမည်ခံ အရပ်ဖက်အစိုးရ အဖြစ် နာမည်ပြောင်းရန် ကြိုးစားမှုကို ပြည်တွင်း ပြည်ပက ဝိုင်းဝန်း ပြစ်တင် ဝေဖန်နေကြခြင်း၏ အကြောင်းရင်းမှာ တပ်မတော်က ရေးဆွဲခဲ့သော ၂၀၀၈ အခြေခံဥပဒေ အရ ဖော်ထုတ်လိုက်သော အစိုးရ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ တပ်မတော် အာဏာကို ကန့်လန့်ကာ နောက်ကွယ်သို့ ပြောင်းရွှေ့ရုံမျှ ဖြစ်၍ ဝေဖန် ဆန်းစစ်သူ အများစုက စိုးရိမ် ပူပန်ကြောင်း ပြောကြားခဲ့ကြသည်။

ယခုအာဏာ လွှဲပြောင်းမှု ဖြစ်ရပ်အတွင်း တစ်မိုးအောက် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ၏ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကိုပါ လွှဲပြောင်း ပေးခဲ့သော်လည်း နိုင်ငံရေးစင်မြင့် နောက်ကွယ်တွင် သူ့အတွက် “နေရာ” ရမည့် နည်းလမ်းကို ရှာဖွေလိမ့်မည်ဟု အကဲခတ် လေ့လာသူများက ခိုင်မာစွာ ယုံကြည် ထားကြသည်။

New Lighr of Myanmar သတင်းစာတွင် ဖော်ပြထားသည့် အကြုံစဖူး နှုတ်ခွန်းဆက် မိန့်ခွန်းတွင် ဦးသိန်းစိန်က “ သူ၏ အစိုးရကို ပြည်သူများက ရွေးချယ် တင်မြှောက်ကာ စီမံအုပ်ချုပ်ခွင့် အာဏာကို လွှဲအပ်ခဲ့ကြသည်” ဟု ကာကွယ် ပြောဆိုခဲ့သည်။

ထို့အပြင် မြန်မာ လူ့အဖွဲ့အစည်း အတွင်း ဒီမိုကရေစီ ထွန်းကား၍ စီးပွားရေး ဖွံ့ဖြိုးသည်ကို တွေ့မြင်လိုသော နိုင်ငံများ အနေဖြင့် မြန်မာ အစိုးရသစ်နှင့် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ဖိတ်ခေါ်သည် ဟုလည်း ပြောကြားခဲ့သည်။

ယခင် တပ်မတော်အစိုးရ အဖွဲ့တွင် ဝန်ကြီးချုပ် တာဝန် ယူခဲ့သော ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သြဇာခံ သစ္စာရှိ တပည့်တစ်ဦး ဖြစ်ပြီး ယင်းဦးဆောင်သော တပ်မတော် နောက်ခံ ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော် ကိုယ်စားလှယ် နေရာ ၄၉၃ နေရာအနက် ၃၈၈ နေရာ အနိုင် ရရှိသည့် အပြင် တပ်မတော်သား ကိုယ်စားလှယ်များ ကလည်း လွှတ်တော်နေရာ လေးပုံ တစ်ပုံကို ကြိုတင် ရယူထားပြီး ဖြစ်သည်။

မတ်လ ၃၁ ရက်ထုတ် Bangkok Post သတင်းစာတွင် ဘန်ကောက် အခြေစိုက် မြန်မာ့ရေးရာ ကျွမ်းကျင်သူ Larry Jagan က “ဦးသန်းရွှေသည် အာဏာကို အပြည့်အဝ လက်လွှတ်မည် မဟုတ်ပဲ မြင်ကွင်း နောက်ကွယ်မှ စီမံခန့်ခွဲရန် ကြိုးစားဖို့ သေချာသလောက် ရှိသည်” ဟု သုံးသပ် ထားသည်။

Larry Jagan က ဆက်လက်၍ “ ယခု သီတင်းပတ်များ အတွင်း ဦးသန်းရွှေက နိုင်ငံ့ ဦးသျှောင် ကောင်စီ ဖွဲ့စည်းဖို့ ကြံစည်နေသည် ဟူသော မှန်းဆချက်များ ထွက်ပေါ်နေသည်။ နေပြည်တော် သတင်းရပ်ကွက်၏ အဆိုအရ ယင်းကောင်စီသည် အစိုးရအဖွဲ့၏ အထက်တွင် နေရာယူကာ အရပ်ဖက် အစိုးရသစ်ကို အကြံပေးသည့် ကဏ္ဍကို ရယူရန် ရည်ရွယ်သည်ဟု သိရှိရသည်။ အဖွဲ့ဝင် ရှစ်ဦးပါ ကောင်စီတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဦးရွှေမန်း၊ ဦးသိန်းစိန်၊ ဦးတင်အောင်မြင့်ဦး၊ ဦးတင်အေးနှင့် နောက်တက်လာမည့် တပ်မတော် ခေါင်းဆောင် ၂ ဦးတို့ ပါဝင်သည်ဟု ဆိုသည်” ဟု ရေးသား ဖော်ပြထားသည်။

အမှန်စင်စစ် အဆိုပါ ကောင်စီသည် အခြေခံ ဥပဒေနှင့် မကိုက်ညီ သော်ငြားလည်း အစိုးရ အဖွဲ့၏ အပေါ်မှ လွှမ်းမိုးမည့် အချက်မှာ သံသယ ရှိစရာ မလိုဟု Larry Jagan က ဆိုသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် NLD ပါတီ၏ လူကြိုက်များမှုကို လစ်လျူရှု ပစ်ပယ်ထားသော ဖိနှိပ်ချုပ်ချယ်သည့် နိုင်ငံရေး နယ်ပယ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ပြောဆိုထားသည်။

ထို့အပြင် အမေရိကန် အထက် လွှတ်တော် အမတ်များကလည်း “မြန်မာတပ်မတော် အစိုးရကို တိုက်တွန်းသည့် ပေးစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။ “တပ်မတော် အစိုးရ၏ လက်ရှိ လုပ်ရပ်များနှင့် လူ့အခွင့်အရေး ဆက်လက်ညှင်းပမ်းနေမှု အခြေအနေများသည် sanctions များရုတ်သိမ်းဖို့ စဉ်းစားရန် လိုအပ်သော စံသတ်မှတ်ချက်နှင့် လတ်တလောကိုက်ညီမှု မရှိသေးပါ” ဟု အထက်လွှတ်တော် အမတ်များက နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ထံ ပေးစာတွင် ရေးသား ဖော်ပြထားသည်။

အမေရိကန် အထက်လွှတ်တော် အမတ်များ အုပ်စုက “sanctions များ ပိုမိုထိရောက် အသုံးဝင် စေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် အတူ ဆောင်ရွက်နိုင်ရန် မူဝါဒ ညှိနှိုင်းရေး အထူး ကိုယ်စားလှယ် တစ်ဦး အမြန်ဆုံး ခန့်အပ်ရန် ဝန်ကြီး ကလင်တန်ကို တိုက်တွန်းခဲ့ကြသည်။

ထိုအတောအတွင်း NLD ပါတီကလည်း “မိမိတို့ပါတီသည် အမျိုးသားပြန်လည် စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ရေရှည် ကိုင်စွဲခဲ့သည့် အားလျှော်စွာ အစိုးရ အဖွဲ့သစ်နှင့် စစ်မှန်သည့် ဒိုင်ယာလော့ ဆွေးနွေးရန် မျှော်လင့်ထားကြောင်း” ထုတ်ဖော် တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း “ယခု အပြောင်းအလဲကို စစ်မှန်ကြောင်း သက်သေပြရန်”  မြန်မာ အစိုးရကို တိုက်တွန်းခဲ့သည်။

မြန်မာ အစိုးရသစ် အာဏာ လွှဲပြောင်းယူပြီး နောက်တစ်ရက်တွင် ဂျာမန် ချန်ဆယ်လာ Angela Merkel က ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် အရပ်ဖက် အစိုးရသစ်ကို တိုက်တွန်းလိုက်သည်။

မြန်မာ ပြည်သူလူထုကလည်း သမ္မတ ဦးသိန်းစိန် အစိုးရ၏ နောက်တစ်ဆင့် လုပ်ဆောင်မှု အဖြစ် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော်အား လွှတ်ပေးခြင်း ရှိ/မရှိကို ဆန္ဒစောစွာ စောင့်စား ကြည့်ရှုနေကြသည်။ ထို့အပြင် ကံမကောင်း၊ အကြောင်းမလှသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည် တည်ဆောက်ရေး အတွက် အဓိက Stake-holder တစ်ဦး အဖြစ် ရုန်းကန် ရပ်တည်ခဲ့သည်။ NLD ပါတီ၏ ဖြစ်ပေါ် တည်ရှိမှု ကိုလည်း အစိုးရ အဖွဲ့သစ် အနေဖြင့် အသိအမှတ် ပြုရန် လိုအပ်ကြောင်း တင်ပြ လိုက်ရသည်။

********************************************************************************************************************************

အမေရိကန်က မြန်မာအပေါ် sanctions များ ဆက်ထားဦးမည်

(AFP သတင်းမှ 7 April 2011 ရက်စွဲပါ “US to maintain Myanmar sanctions” သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာအစိုးရ ခေါင်းဆောင်သစ်များနှင့် ဆက်ဆံ ညှိနှိုင်းရန် ကြိုးစားနေချိန်တွင် မြန်မာနိုင်ငံ အပေါ် sanctions များ ဆက်လက် ချမှတ်ထားဦးမည် ဖြစ်ပြီး မြန်မာ အိမ်နီးချင်း တရုတ်နိုင်ငံတွင် အတိုက်အခံ များအား နှိမ်နင်း ဖြိုခွဲနေမှု ကိုလည်း စိုးရိမ် ပူပန် နေသည်ဟု အမေရိကန် အရာရှိကြီး တစ်ဦးက မနေ့က ပြောကြားသည်။

အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က “မြန်မာနိုင်ငံတွင် ယခင်လက အရပ်ဖက် အစိုးရထံ အာဏာ လွှဲပြောင်းမှု ပြုလုပ် ခဲ့သည်ဟု ဆိုသော်ငြားလည်း ဝါရှင်တန် အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော sanctions များကို ရုတ်သိမ်းဦးမည် မဟုတ်” ဟု ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ အခြေအနေ အပေါ် ကျွန်တော်တို့ရဲ့ ယေဘုယျ သဘောထား ရပ်တည်ချက်ကို ပြောရမယ် ဆိုရင် sanctions တွေ ရုတ်သိမ်းပေးဖို့ ကိစ္စဟာ အမေရိကန် ပြည်ထောင်စုအတွက် ဆီလျှော် မှန်ကန်မှု မရှိသေးဘူးလို့ ထင်ပါတယ်” ဟု Kurt Campbell က စင်္ကာပူတွင် သတင်းထောက် များအား ပြောကြားခဲ့သည်။

“သူတို့ အစိုးရကို ဘယ်ပုံ ဘယ်နည်းနဲ့ စတင် ထူထောင်ကြမှာလဲ၊ သူတို့ ခေါင်းဆောင်ပိုင်းနဲ့ အပြုသဘော ဆောင်တဲ့ ဒိုင်ယာလော့ ဆွေးနွေးဖို့ ဖြစ်နိုင်ခြေ ရှိရဲ့လား ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့် လေ့လာနေပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာ အစိုးရ ခေါင်းဆောင်သစ်များနှင့် ဆက်ဆံရန် ကြိုးစားနေသည့် အမေရိကန် ပြည်ထောင်စု၏ အားထုတ်မှုများကို ဒီမိုကရေစီ အရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည် ကလည်း ထောက်ခံ အားပေးသည်ဟု Kurt Campbell က ပြောကြားခဲ့သည်။ “နောက်တက်လာတဲ့ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေး နိုင်အောင် ကြိုးစားဖို့ သူမက အားပေး တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်တို့ ကလည်း ဒီလို လုပ်ဖို့ ရည်ရွယ် ထားပြီးသားပါ” ဟု ၎င်းက ပြောကြားသည်။

***************************************************************************************************************************************

sanction ကိစ္စ ငြင်းခုန်မှု ပိုမိုပြင်းထန်လာ

(Eurasia Review ပါ Kyaw San Wai ရေးသားသော Myanmar Sanctions:Debate Intensifies-Analysis ကို ဘာသာ ပြန်သည်)

မတ်လ (၃၀) ရက်၊ ၂၀၁၁ က မြန်မာနိုင်ငံ၏ အရပ်သား အစိုးရသစ်သည် နေပြည်တော်တွင် လုံခြုံရေး တင်းကြပ်သည့် ကြားမှ စတင် တာဝန် ယူခဲ့သည်။ အတိုက်အခံ အများစုနှင့် အနောက်နိုင်ငံ အစိုးရများက မသမာမှုများ၊ တရားမျှတမှု မရှိဟု ကန့်ကွက်နေသည့် ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင် ယခုကဲ့သို့ အစိုးရသစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ စစ်အစိုးရသည် တရားဝင် ဖျက်သိမ်းသွားပြီ ဖြစ်သော်လည်း၊ ၎င်း၏ အဖွဲ့ဝင်များသည် နိုင်ငံရေးစနစ်တွင် လွှမ်းမိုးနေဆဲ ဖြစ်သည်။ စစ်အစိုးရ နောက်ခံပြုသော ပါတီသည် ရွေးကောက်ပွဲတွင် အမတ်နေရာ၏ ၇၆% အနိုင် ရရှိထားသည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေအရ စုစုပေါင်း အမတ်နေရာ၏ ၇၅% ကိုသာ တိုက်ရိုက် ရွေးကောက် တင်မြှောက်နိုင်ပြီး ကျန် ၂၅% ကိုစစ်တပ်မှ ခန့်ထားသည့် ကိုယ်စားလှယ်များ အတွက် ချန်ထားရသည်။ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခွဲထွက်သောပါတီ အပါအဝင် အတိုက်အခံ ပါတီများ၊ တိုင်းရင်းသား ပါတီများ ပါဝင် ယှဉ်ပြိုင်ခဲ့ရာ နေရာအချို့ အနိုင် ရရှိခဲ့သော်လည်း ပါလီမန်တွင် အစိုးရပါတီကသာ အင်အား များခဲ့သည်။

မြန်မာ့ နိုင်ငံရေးနှင့် ပတ်သက်၍ စကား အခြေအတင် ပြောနေကြသော အဓိက အရေးကိစ္စ တစ်ခုမှာ မြန်မာနိုင်ငံအပေါ် အရေးယူထားသော အနောက်နိုင်ငံများ၏ sanction အနေအထားပင် ဖြစ်သည်။ ယင်းဆွေးနွေး ငြင်းခုန်မှုများမှာ အချိန် အတော်ကြာနေပြီ ဖြစ်သည်။ သို့သော် sanction ကို သဘော မတူသူများ၏ အသံများသည် မကြာသေးမီ ကာလအတွင်းက ပိုမို ကျယ်လောင်လာခဲ့သည်။ ၎င်းတို့က ဖော်ပြရာတွင် နိုင်ငံတွင်း အခြေအနေများ တိုးတက်လာရေး အတွက် အချို့ sanction အစိတ်အပိုင်းများ ဖယ်ရှားသင့်ကြောင်း၊ အစိုးရသစ်အား ကောင်းမွန်သော ဆက်ဆံရေးဖြင့် ပိုမို ပူးပေါင်း ဆောင်ရွက်လာအောင် ဆွဲဆောင်သင့်ကြောင်း ပြောသည်။ sanction ဘက်တော်သား များကမူ စစ်အစိုးရကို ဖယ်ရှားရေး အတွက် ပိုမို ပြင်းထန်သော sanction များ ချမှတ်ရန် မြန်မာ၏ အိမ်နီးချင်းများနှင့် ဒေသတွင်း နိုင်ငံများအား ဖိအားပေးရန် တောင်းဆိုကြသည်။

sanction နှင့်ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို နှစ်ဘက်စလုံးကို သဘောတူညီမှု မရှိကြပေ။ ဥပဒေဖြင့် ပြဋ္ဌာန်းထားခြင်း မရှိသော sanction များနှင့် ပတ်သက်၍ သဘောထား ကွဲလွဲလျက် ရှိသည်။ sanction ဆန့်ကျင်ရေး အုပ်စုများက သတ်သတ်မှတ်မှတ် ချမှတ်ထားခြင်း မရှိသော sanction အများစုကို မြန်မာပြည်သူများ အကျိုးငှာ ရုတ်သိမ်းပေးသင့်ကြောင်း ပြောသည်။ sanction ဘက်တော်သားများကမူ အဆိုပါ sanction များ ဆက်လက် ရှိနေသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြည်သူအများကို မထိခိုက်ဟု ဆိုသည်။ International Crisis Group က မကြာသေးမီက ထုတ်ဝေသော အစီရင်ခံစာတွင် sanction များသည် မြန်မာနိုင်ငံ၏ တိုးတက်မှုနှင့် ပြောင်းလဲမှုအတွက် လုပ်ဆောင် ပေးနိုင်ခြင်း မရှိကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ ရပ်တည်ချက်များကို ပါလီမန်ရှိ အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ပရောက် မြန်မာအုပ်စုများနှင့် နိုင်ငံရေး လှုပ်ရှားသူ အများစုက sanction များသည် ပြည်သူများကို ထိခိုက်ခြင်း မရှိကြောင်း၊ အစိုးရကလည်း နိုင်ငံရေးအရ အလျော့ပေးမှုများ မရှိသဖြင့် sanction များ ယခင်အတိုင်း ဆက်ရှိသင့်သည်ဟု ဆိုကြသည်။

ဂျာမနီသည် အီတလီ၊ စပိန်နှင့် သြစတြေးလျတို့၏ ထောက်ခံမှုဖြင့် အီးယူအား မြန်မာနိုင်ငံအပေါ် အပြောင်းအလဲဖြစ်ရေး အတွက် မိမိက စတင် ဆက်ဆံရေး ပြုလုပ်ရန် ဆွဲဆောင်လျက် ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ sanction ဆန့်ကျင်ရေး ဘက်တော်သား အများစုက ဥပဒေ ပြုထားသော အရေးယူမှုများရော၊ ဥပဒေဖြင့် ပြဌာန်းထားခြင်း မရှိသော အရေးယူမှုများ အားလုံးသည် အောင်မြင်မှုမရှိဟု ပိုမို ကျယ်လောင်စွာ ပြောလာကြသည်။ အဆိုပါ အရေးယူမှုများတွင် ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားခြင်း၊ ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းများ၏ ငွေကြေး အကူအညီများ ပိတ်ပင်ထားခြင်း၊ စားသုံးသူများ သပိတ်မှောက်ခြင်းနှင့် အမေရိကန်မှ မြန်မာ့သွင်းကုန် ပိတ်ပင်ထားခြင်းများ ဖြစ်သည်။

ဥပဒေဖြင့် ပြဌာန်းထားခြင်း မဟုတ်သော sanction များတွင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို ကန့်သတ်ထားမှုများ ပါဝင်သည်။ မြန်မာသည် အာရှတွင် အဆင်းရဲဆုံး နိုင်ငံများတွင် ပါဝင်သော်လည်း မြန်မာနိုင်ငံတွင် တစ်ဦးချင်း တစ်နှစ်လျှင် ရရှိသော ထောက်ပံ့ငွေသည် ကမ္ဘောဒီးယားနှင့် လာအိုတို့ ရသော ပမာဏထက် စာလျှင် များစွာ နည်းပါးလှသည်။ အဆိုပါ နိုင်ငံများတွင် တစ်ဦးချင်းသည် လူနေမှု အဆင့်အတန်း မြင့်မြင့် နေနိုင်ကြသည်။ sanction ဆန့်ကျင်ရေး လုပ်ငန်းများက ငြင်းချက် ထုတ်ရာတွင် တိုင်းပြည်တွင်းမှာ ဖော်ပြ၍ မရနိုင်သော ပြဿနာများသည် ဆယ်စုနှစ်များနှင့် ချီသော အုပ်ချုပ် စီမံခန့်ခွဲမှု အမှားများကြောင့် အဓိက ဖြစ်ရသည် ဆိုသော်လည်း အချို့ sanction များကို ရုတ်သိမ်းခြင်းဖြင့် ကြီးမားသော လူဦးရေကို အသေအချာ အထောက်အကူ ပြုမည်ဖြစ်ပြီး၊ ထားရှိရန် လိုအပ်သော sanction များလည်း ဆက်လက် ရှိနေမည်သာ ဖြစ်သည်ဟု ဆိုကြသည်။

ပြည်ပရောက် အုပ်စုများနှင့် အတိုက်အခံ အုပ်စု အတော်များများက sanction ရုတ်သိမ်းရေးကို ခိုင်ခိုင်မာမာ ဆန့်ကျင်လျက် ရှိသည်။ အနောက်နိုင်ငံများတွင် အခြေစိုက်သော အုပ်စုများသည် sanction ဆန့်ကျင်ရေး ကြေညာချက်များကို ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပြီး၊ လက်ရှိ sanction များကို တိုးချဲ့ပြီး အစိုးရသစ်မှာ အဖွဲ့ဝင်များကိုပါ ထည့်သွင်းသင့်ကြောင်း ပြောဆို ခဲ့ကြသည်။ ၎င်းတို့က sanction ဆန့်ကျင်ရေး အုပ်စုများကို စီးပွားရေးအကျိုးစီးပွားကို ရှေ့တန်း တင်သူများ၊ အုပ်စုနှစ်ခုကြား တွေ့ဆုံ ဆွေးနွေးရေး ဖြစ်နိုင်ချေများကို ဖျက်ဆီးပစ်သူများ အဖြစ် ဝေဖန်ခဲ့သည်။ ဗြိတိသျှအစိုးရသည် sanction ထောက်ခံသူအုပ်စု၏ အင်အားကောင်းစွာ ရပ်တည်မှုဖြင့် လက်ရှိ sanction များကို လာမည့်နှစ်အထိ ဆက်ထားရန် တွန်းအားပေးလျက် ရှိသည်။ ၎င်းအား ဒိန်းမတ်၊ နယ်သာလင်နှင့် ချက်ရီပဗလစ်တို့က ထောက်ခံကြသည်။

ပြည်တွင်းနိုင်ငံရေး

ဒီမိုကရေစီကို မြန်မာ ပြည်သူများက နိုင်ငံ၏ ပြဿနာများအတွက် အဖြေဟု ယူဆလျက် ရှိနေသည်။ မညီမျှဟု ယူဆသော တိုင်းရင်းသားများ၊ ဘာသာရေးအရ ဖိနှိပ်မှုများ၊ ဆိုးရွားသော စီးပွားရေးနှင့် အခြေခံ အဆောက်အဦးများ သုံးမရ ဖြစ်ရသည်များ အတွက် ဒီမိုကရေစီက ဖြေရှင်း ပေးလိမ့်မည်ဟု ယူဆနေကြသည်။ ဒီမိုကရေစီသည် ဖွံ့ဖြိုး တိုးတက်မှုအတွက် ပိုမို ကောင်းမွန်သော အခွင့်အလမ်းများကို ယူဆောင်ကောင်း ယူဆောင်လာနိုင်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းကောင်း ရပ်သွားနိုင်သည်။ သို့သော် နိုင်ငံရေး သမားများနှင့် အုပ်စုအများစုသည် အစိုးရ ပြောင်းလဲရေး ဦးတည်ချက်မှတပါး ရှင်းလင်း ပြတ်သားသော ရည်မှန်းချက်များ မရှိပေ။ တိုင်းရင်းသား အရေး တင်းမာမှုများသည် ရွေးကောက်ခံ ဒီမိုကရေစီလက်ထက် ဦးနုခေတ်မှာပင် ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။ အတိုက်အခံအုပ်စု အတော်များများ၏ ရပ်တည်ချက်မှာ စစ်အစိုးရကို ဖြုတ်ချရေး အတွက်သာ ဖြစ်၍၊ နိုင်ငံရေးတွင် ထိပ်တိုက် ရင်ဆိုင်မှုများကို ဖြစ်စေသည်။

ယခုလက်ရှိ နိုင်ငံရေးကို တစ်ဖက်က အသာစီးရပြီး အခြားတစ်ဖက်က အရှုံးပေးရမည့် အခြေအနေ သဖွယ် ပြုမူနေကြပြီး၊ ညှိနှိုင်းရေးကိုပင် အားနည်းချက် ရှိခြင်းကြောင့် အလျော့ပေးခြင်း သဖွယ် နှစ်ဖက်စလုံးက ခံယူနေကြသည်။ နိုင်ငံရေး အုပ်စုများကြားတွင် စစ်မှန်သော စကား အခြေအတင် ပြောဆိုမှုများ ပျေက်ဆုံးလျက် ရှိသည်။ အများစုသည် မိမိ၏ မူပေါ်တွင်သာ ခေါင်းမာစွာ ဖက်တွယ်ထားပြီး၊ အမြင်ချင်း ဖလှယ်ကြရင်းပင် ငြင်းရင်းခုံရင်း ကိုယ်ရေးကိုယ်တာ ကိစ္စများကို ထိခိုက် ပြောဆိုလာပြီး၊ စကားလုံး ကြမ်းကြမ်း တမ်းတမ်းများကို သုံးစွဲသည်အထိ အဆင့်အတန်း နိမ့်ဆင်း သွားခဲ့ကြသည်။ စစ်အစိုးရကော အစဉ်အလာ ရှိသော အတိုက်အခံကပါ မိမိတို့ကိုယ် မိမိ ပြည်သူများအတွက် အကောင်းဆုံး ဆိုသည်များကို သိရှိသည်ဟု ခံယူကြရင်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေး မဖြစ်နိုင်တော့ လောက်အောင် ဝေးကွာသွားခဲ့ရသည်။

တရားဝင် ရပ်တည်မှု သဘောထား အပေါ် သဘော ကွဲလွဲမှု၊ ဝေဖန်မှုကိုလည်း နှစ်ဖက်စလုံးက သစ္စာဖောက်များဟု ရှုမြင်ကြသည်။ ကွဲပြား ခြားနားသည့် သဘောထား ရှိသူများလည်း စစ်အစိုးရ ရောင်းရင်းများ(သို့) ကိုလိုနီ လက်သစ်များဟု အမြန်ဆုံး နာမည်ပေးခြင်း ခံကြရသည်။ မြန်မာ့ နိုင်ငံရေး နယ်ပယ်တွင် ထိုကဲ့သို့ အမြင် ကျဉ်းမြောင်းမှုများ ရှိနေသောကြောင့် အကယ်၍ နိုင်ငံတွင်း၌ ဒီမိုကရေစီ တိုးတက်မှု၊ စီးပွားရေး တိုးတက်မှုနှင့် ပတ်သက်သည့် သဘောတူညီမှု ရရှိခဲ့သည့် တိုင်အောင် တိုင်းပြည်၏ ကာလရှည်ကြာ အမြစ်တွယ်နေသော ပြဿနာများမှာ နာတာရှည် ရောဂါအဖြစ် ဆက်၍ ကျန်နေပါလိမ့်မည်။

အလားအလာများ

အုပ်စု အားလုံးသည် မိမိတို့၏ ဆိုင်ရာဆိုင်ရာ အမြင်များတွင်သာ ခိုင်မာစွာ အမြစ်တွယ်လျက် ရှိပြီး၊ မတူညီသော အမြင်များအပေါ် သည်းခံနိုင်စွမ်း မရှိကြပေ။ sanction များနှင့် ပတ်သက်သော ငြင်းခုံမှုများသည် မြန်မာနိုင်ငံရေး ပဋိပက္ခ၏ နောက်ဆုံးပေါ် အရေးကိစ္စ ဖြစ်လာပြီး၊ မြန်မာ့နိုင်ငံရေး ပလေယာများ အတွက် စိတ်ပျက်စရာ အနာဂတ်ကိုသာ တွေ့နေရသည်။ မြန်မာ စစ်အစိုးရသည် အခြေခံ ဥပဒေအတိုင်း အာဏာ လွှဲပြောင်းပေးပြီး ဖြစ်သော်လည်း မြန်မာပြည်သူများ ပိုမို ကောင်းမွန်သော အနာဂတ် မည်သို့ ရရှိမည်လည်း ဆိုသည်မှာ မေးခွန်း ထုတ်စရာ ဖြစ်နေဆဲ ဖြစ်သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment