Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၅.၄.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

အီးယူက မြန်မာ အလုပ်သမားဝန်ကြီး အချို့အပေါ် sanction များဖြေလျှော့

(BBC News မှ 13 April 2011 ရက်စွဲပါ “EU eases Burma sanctions on some civilian ministers” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဥရောပ သမဂ္ဂက မြန်မာအစိုးရ အဖွဲ့ဝင်များအပေါ် ချမှတ်ထားသော sanctions အချို့ကို ဖြေလျှော့ပေးခဲ့ပြီး အနောက်နိုင်ငံများ၏ ပိုမို ပျော့ ပြောင်းလာသော သဘောထားကို ပြသလိုက်ပြီ ဖြစ်သည်။

မြန်မာ အစိုးရသစ်၏ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဝန်ကြီး ၄ ဦးနှင့် ဒုတိယဝန်ကြီး ၁၈ဦး တို့အပေါ် ချမှတ်ထားသော ခရီးသွားလာခြင်းနှင့် ငွေကြေးဆိုင်ရာ တင်းကြပ်မှုများကို ရပ်ဆိုင်းထား လိုက်သည်ဟု သိရှိရသည်။

မြန်မာတပ်မတော် အစိုးရ၏ လူ့အခွင့်အရေး ညှင်းပမ်းနှိပ်စက်မှုများကို တုန့်ပြန် ဆောင်ရွက်သည့် အနေဖြင့် အနောက်နိုင်ငံများက ၁၉၉၆ မှစ၍ sanctionများ ချမှတ်ထားခဲ့ပြီး နောက်ပိုင်း ယခု ပထမဆုံးအကြိမ် စတင် ဖြေလျှော့ပေးခြင်း ဖြစ်သည်။ ယခု အစီအစဉ်သည် နာမည်ခံ အရပ်ဖက် အစိုးရသစ် ယခင်လက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို နိုဝင်ဘာလက ကျင်းပခဲ့ပြီးနောက် တပ်မတော် ခေါင်းဆောင်များက “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဟု ခေါ်ဝေါ်ကြသော ခရီးရှည်၏ နောက်ဆုံးအဆင့် အဖြစ် အရပ်ဖက် အစိုးရသစ်ထံ အာဏာ လွှဲပြောင်းပေးခဲ့သည်။

သို့သော်လည်း ယခုအစိုးရသစ်ကို ဗိုလ်ချုပ်ဟောင်းအများစု၊ တာဝန်ထမ်းဆောင်ဆဲ တပ်မတော် ခေါင်းဆောင်အချို့နှင့် ပညာရှင် လက်တစ် ဆုပ်စာ ခန့်ဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်၍ အရပ်ဖက် အစိုးရဟု ခေါ်သော အစိုးရသစ်သည် အတုသာ ဖြစ်သည်ဟု ဝေဖန်ဆန်းစစ်သူများက တံဆိပ်ကပ် ပေးထားကြသည်။

မရှိမဖြစ်ကြားခံ ဆက်သွယ်သူ

မြန်မာအစိုးရအပေါ် ချမှတ်ထားသော အရေးယူမှု အချို့ ဖြေလျှော့ပေးမည့် အီးယူ၏ ဆုံးဖြတ်ချက်ကို အင်္ဂါနေ့က ပြုလုပ်သော ၂၇ နိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အီးယူကောင်စီက  ကြေညာချက်တွင် “မြန်မာအစိုးရ၏ အရပ်သား အဖွဲ့ဝင် အနည်းငယ် အတွက် ဗီဇာပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်း တို့ကို တစ်နှစ်တာ ရုတ်သိမ်းပေးမည် ဖြစ်ကြောင်း၊ အထူးသဖြင့် အနောက်နိုင်ငံများနှင့် မရှိမဖြစ် ကြားခံဆက်သွယ်သူ ဖြစ်သော နိုင်ငံခြားရေး ဝန်ကြီး အတွက် စီစဉ်ပေးခြင်း ဖြစ်ကြောင်း” ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး David Lipman က “အစိုးရ အဖွဲ့ထဲမှာ ပြောင်းလဲမှုတွေ ရှိတာကို ကျွန်တော်တို့ အသိအမှတ် ပြုပါတယ်၊ မြန်မာအစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေကို ကြည့်ပြီး ကျွန်တော်တို့ အကဲဖြတ်ရမှာပါ” ဟု ပြောကြားခဲ့သည်။

တားမြစ် ပိတ်ပင်မှုများကို ရပ်ဆိုင်းပေးလိုက်သူ အားလုံးသည် တပ်မတော်တွင် လုံးဝ တာဝန် ထမ်းဆောင်ဖူးသူများ မဟုတ်ကြပဲ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှာမူ တပ်မတော်မှ လွန်ခဲ့သော ၁၀ နှစ်ကျော်က အနားယူခဲ့သူ ဖြစ်သည်။

အဆင့်မြင့် အီးယူကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ သွားရောက်ခြင်းအား ပိတ်ပင်ထားခြင်း ကိုလည်း ရုတ်သိမ်းပေးမည်ဟု အီးယူကောင်စီက ပြောကြားသည်။

သို့ရာတွင် ကျန်အစိုးရဝန်ကြီးများ အပေါ်ချမှတ်ထားသည့် ပိတ်ပင်မှုများကိုမူ ဆက်လက် ထားရှိမည်ဖြစ်ပြီး ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ sanctions များကိုလည်း အနည်းဆုံး နောက်ထပ် တစ်နှစ် ဆက်လက် ထားရှိမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး sanctions များ အပေါ် ငြင်းခုံမှုများမှာ ပြည်တွင်း၊ ပြည်ပ အသိုင်းအဝိုင်း နှစ်ခုစလုံးတွင် အငြင်း ပွားစရာ ကိစ္စတစ်ခု ဖြစ်နေသည်ဟု လေ့လာ ဆန်းစစ်သူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး နောက်ပိုင်း ကြီးကြီးမားမား ထောက်ခံမှုရလာသည့် “sanctions ရုတ်သိမ်းစေလိုသူ” များက sanctions များသည် ပစ်မှတ်ထားသော အစိုးရ ခေါင်းဆောင်များထက် သာမန်ပြည်သူများကိုသာ ထိခိုက်နစ်နာစေပြီး ထိုင်းနှင့် တရုတ်ကဲ့သို့ နိုင်ငံများနှင့် ပြည်ပ ကုန်သွယ်ရေး ရှင်သန်နေမှုကြောင့် အနည်းငယ်သော အကျိုးသက်ရောက်မှုသာ ရှိသည်ဟု ထုတ်ဖော် ပြောဆို ထားကြသည်။

sanctions များကို ထောက်ခံသူများကလည်း sanctions များသည် မြန်မာအစိုးရ ခေါင်းဆောင်များကို ထိခိုက်စေပြီး လူ့အခွင့်အရေး ချိုးဖောက် မှုများ အဆုံးသတ်အောင် ဖိအားပေးရာတွင် အကူအညီ ဖြစ်စေသည်ဟု ခုခံပြောဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဖျက်သိမ်းခံ NLD ပါတီ ကလည်း sanctions များကို အချောကိုင် ပြုပြင်ရန် နိုင်ငံတကာ ဆွေးနွေး ပွဲများ ပြုလုပ်စေလိုသည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

လွန်ခဲ့သည့်လက ပြည်ပမီဒီယာနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က “sanctions တွေကို ဆက်ပြီး ထားရမှာပါ။ ဒီမှာ တစုံတရာ ပြောင်းလဲမှု ရှိလာမှသာ ရုတ်သိမ်းပေးရမှာပါ” ဟု ပြောကြားခဲ့သည်။

******************************************************************************************************

မြန်မာနိုင်ငံမှ တံခါးများကို ဖွင့်ရန် အမေရိကန် ပြင်ဆင်

(ABC Radio Australia မှ 15th April 2011 ရက်စွဲပါ “US prepares doors to open in Burma” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

ဝါရှင်တန် အစိုးရက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦးကို ခန့်အပ် တာဝန်ပေးရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ၎င်းရာထူး တာဝန်ကို ကာကွယ်ရေးဌာန အရာရှိ Derek Mitchell အား ခန့်အပ်မည်ဟု မျှော်လင့်ရပြီး ယခုအစီအစဉ်သည် ဝါရှင်တန်အတွက် မြန်မာနိုင်ငံမှ အစိုးရနှင့်ဖြစ်စေ၊ အတိုက်အခံများနှင့် ဖြစ်စေ ပြောဆို ဆွေးနွေးရန် တံခါးများ ဖွင့်ပေးနိုင်မည်ဟု အကဲခတ် စောင့်ကြည့်သူများက ပြောကြားကြသည်။ အမေရိကန် ပြည်ထောင်စုက မြန်မာ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရန် ကြိုးစားနေရင်း Sanction များကို ဆက်လက် ချမှတ်ထားမည့် မူဝါဒကို ဆက်လက် ကျင့်သုံးနေသည်။ မြန်မာ တပ်မတော် အစိုးရကို နှစ်ပေါင်း ၂၀ ခန့် ပစ်ပယ်ထားရန် ကြိုးစားမှုများက အကောင်းဘက်သို့ ပြောင်းလဲလာအောင် စွမ်းဆောင်နိုင်ခြင်း မရှိသောကြောင့် အထက်ပါ နှစ်လမ်းသွား မူဝါဒကို ကျင့်သုံးရန် အိုဘားမား အစိုးရက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါ အကြောင်းအရာကို မြန်မာနိုင်ငံနှင့် အာရှရေးရာ ကျွမ်းကျင်သူ Georgetown University မှ ပါမောက္ခ David Steinberg နှင့် သတင်းထောက် Liam Cochrane တို့က အောက်ပါအတိုင်း ဆွေးနွေးထားကြသည်။

Steinberg          : ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် Sanctions တွေရဲ့ ရလာဒ်တွေကြောင့် အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ ဆိုရမှာပါ။ Sanctions တွေဟာ အာဏာရှင် အစိုးတွေ ပြောင်းလဲလာအောင် ရည်ရွယ်ထားပေမယ့် တကယ်တမ်း ဖြစ်မလာပါဘူး။ ဒါ့ကြောင့် သူတို့ ပြောင်းလဲလာအောင် တစ်ခုခုဖြစ်ဖို့ လိုတယ်ဆိုတဲ့ ခံစားမှု အယူအဆက သိပ်ကို ကြီးမားနေပါတယ်။ ဒါပေမယ့် မြန်မာ အစိုးရက ပြောင်းလဲမှုကို ခွင့်ပြုဖို့ ဘာတစ်ခုကိုမှ မလုပ်ခဲ့ပါဘူး။ ဒါ့ကြောင့် မြန်မာ အစိုးရကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ညှိနှိုင်း အလျှော့ပေးမှုတွေ လုပ်လာအောင်၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးအောင်၊ အီးယူနဲ့ အမေရိကန် ပြည်ထောင်စုက ဖြစ်စေချင်တဲ့ အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြအောင် ကြိုးစားသိမ်းသွင်းဖို့ အတွက်ဆိုရင် ဒီနည်းလမ်းဟာ အစွန်းမရောက်တဲ့ အလယ်အလတ် ကြိုးပမ်း အားထုတ်မှု တစ်ခုပါပဲ။

Cochrane          : ဒီတစ်ချီမှာ တုတ်ကို မပြပဲ မုန်လာဥ ပြမယ်ဆိုတဲ့ သဘောလား။

Steinberg          : ဟုတ်ပါတယ်။ ကျွန်တော် ပြောတာက ဒီသဘောပါပဲ။ ဒါပေမယ့်လည်း မြန်မာတွေ ကတော့ ဒီလို ပြောတာမျိုးကို ကြိုက်မယ် မထင်ပါဘူး။ “ငါတို့က မြည်းသတ္တဝါတွေ မဟုတ်ဘူးဟေ့” လို့ သူတို့က ပြောမှာပေါ့။

Cochrane          : အမေရိကန် အထူးကိုယ်စားလှယ်ကို ခန့်အပ်လိုက်ပြီ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ Derek Mitchell အနေနဲ့ သူ့ရဲ့ကဏ္ဍမှာ ဘယ်လို လွှမ်းမိုးမှုမျိုး ရှိနိုင်မယ်လို့ ထင်သလဲ။

Steinberg          : ဒီလိုဗျာ။ Derek Mitchell က သံအမတ်ကြီး အဆင့်အတန်းကို ရမှာဆိုတော့ သူ့ကို အထက်လွှတ်တော် ဆီနိတ်က အတည်ပြုပေးရမှာပါ။ ဆိုလိုတာကတော့ ဒီလို ထောက်ခံ အတည်ပြုချက် ရဖို့ဆိုရင် သူ့အနေနဲ့ Sanctions တွေကို ခိုင်ခိုင်မာမာ လိုလား ထောက်ခံတဲ့ ပုံစံပြရမယ်လို့ ပြောချင်တာပါ။ အကြောင်းကတော့ မြန်မာ အစိုးရ ပြောင်းလဲလာအောင် မြန်မာနိုင်ငံနဲ့ ဆက်ဆံမှု ပုံစံတစ်မျိုး ရှိရမယ်။ Sanctions တွေဟာ ဒီလုပ်ငန်းစဉ်မှာ တစိတ်တပိုင်း ပါဝင်တယ်ဆိုတဲ့ နှစ်လမ်းသွား အယူအဆမျိုး အထက် လွှတ်တော်ထဲမှာ ဖြစ်ပေါ်နေလို့ပါ။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ သူ့ကို ခန့်အပ် တာဝန်ပေးတဲ့ ဥပဒေအရဆိုရင် မြန်မာတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့လည်း လိုအပ်နေပါတယ်။ ဒီတော့ မြန်မာတွေ ဘာလိုချင်သလဲဆိုတာနဲ့ အမေရိကန် အစိုးရက ဘာလိုချင်သလ ဆိုတဲ့ နှစ်ခုကြားမှာ ပြဿနာတစ်ခု ရှိနေပါတယ်။ Derek Mitchell က လူတော် တစ်ယောက်ပါ။ ဒီနယ်ပယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ အရမ်းကြွယ်ဝတယ်။ မြန်မာနိုင်ငံကို အရင်ကလည်း ရောက်ဖူးတယ်။ ဒီတော့ သူဟာ အလွန် အသုံးဝင်မယ့် ဗဟုသုတမျိုးနဲ့ ထွက်ပေါ်လာတယ် ဆိုပေမယ့် သူ့ရဲ့အနေအထားကတော့ အလွန့် အလွန်ကို ခက်ခဲ့ပါလိမ့်မယ်။

Cochrane          : ခင်ဗျား ရှင်းပြတဲ့ ခက်ခဲတဲ့ မူဝါဒ နှစ်ရပ်ကြားမှာ လှုပ်သာလှည့်သာ အခြေအနေ တစ်ခုခု ရှိနိုင်သလား။

Steinberg          : ရှိနိုင်တယ်။ မြန်မာ အစိုးရက အရေးကြီးတဲ့ တစုံတခု လုပ်ပြတာကို အမေရိကန် ပြည်ထောင်စုနဲ့ အီးယူ နှစ်ဖွဲ့စလုံးက စောင့်နေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ အနောက်နိုင်ငံတွေက အပြုသဘော တုန့်ပြန်နိုင်စေမယ့် အချက်ပြမှု တစ်ခုခုပေါ့ဗျာ။ အရေးကြီးဆုံး အချက်ပြမှု ဖြစ်နိုင်တာကတော့ နိုင်ငံရေး အကျဉ်းသား တစ်ပြုံ တစ်မကြီးကို လွှတ်ပေးတာပဲပေါ့။ အဲဒီနိုင်ငံက ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် ရှိနေတယ်လေ။ သူတို့က လွှတ်ပေးမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ အီးယူ အနေနဲ့ မြန်မာနိုင်ငံကို ချဉ်းကပ် ဆက်ဆံရာမှာ အလယ်အလတ် ကျတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ နိုင်ငံရေးအရ လုပ်ခွင့် သာလာပါလိမ့်မယ်။ ဒီနောက်မှာတော့ နှစ်ဖက်စလုံးက တစ်ဆင့်ပြီးတစ်ဆင့် ယုံကြည်မှု တည်ဆောက်ကြဖို့ လိုအပ်ပါတယ်။ အခုထိတော့ ဘာမှ ဖြစ်မလာသေးပါဘူး။ မြန်မာတွေမှာ အစိုးရ အဖွဲ့သစ်တော့ ရှိနေပြီ။ တာဝန် ယူကာစပေါ့။ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ မြန်မာပြည်သူတွေရဲ့ ကောင်းမွန်တဲ့ အသက်မွေး ဝမ်းကျောင်းမှုတွေ၊ လူ့အခွင့်အရေးတွေကို မြန်မာ အာဏာပိုင်တွေက ပိတ်ပင်ထားတုန်းပဲလို့ ကျွန်တော်တို့က ပြောဆိုနေတဲ့ တိုင်အောင် မြန်မာ အစိုးရကတော့ သူတို့ရဲ့ အနေအထားနဲ့ ပတ်သက်လို့ အတော်လေး အခြေအနေ ကောင်းနေပြီလို့ ယူဆနေကြပုံပါပဲ။

Cochrane          : တကယ်လို့ ခင်ဗျား ပြောသလို စေတနာမှန်တဲ့ အချက်ပြမှု တစ်ခုရှိပြီ ဆိုပါတော့။ နိုင်ငံရေး အကျဉ်းသား တစ်ပြုံကြီးကို လွှတ်ပေးတာမျိုးပေါ့ဗျာ။ ဒီအချက်ပြမှုအတွက် အမေရိကန် ပြည်ထောင်စုက အတုန့်အလှည့် ပြန်ပေးမယ့် ဆုက ဘာများဖြစ်မလဲ။

Steinberg          : သိပ်ကို ကောင်းတဲ့ မေးခွန်းပဲဗျာ။ သမ္မတကြီးက သူ့ရဲ့အာဏာပိုင် အဖွဲ့ကို အပြောင်းအလဲတွေ လုပ်ဖို့ မေတ္တာရပ်ခံ နှိုးဆော်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်ကို ပြောရရင် ဝါရှင်တန်က မြန်မာဆိုင်ရာ အထူး ကိုယ်စားလှယ်ကို အတည်ပြု ခန့်အပ်တဲ့ ကိစ္စဟာ အသင့်အတင့် တော်ရုံတန်ရုံ လောက်ပဲလို့ အကဲဖြတ်တယ် ဆိုပေမယ့် သင့်မြတ် လျော်ကန်တဲ့ ခြေလှမ်းတစ်ခုပါ။ နောက်တစ်ခု ကျွန်တော် ပြောနိုင်တာကတော့ တကယ်လို့ မြန်မာတွေဟာ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ စိတ်ဝင်စားနေပြီး ဒီကိစ္စကို ဆွေးနွေးနေကြပုံ ရတယ် ဆိုပါတော့။ သူတို့ လုပ်နေသလား ဆိုတာကို ကျွန်တော်တို့ မသိရပေမယ့် သူတို့ တကယ် ဆွေးနွေးနေကြပါတယ်။ တကယ်လို့ ဒါတွေသာ ဖြစ်လာပြီ ဆိုတဲ့နောက်တော့ ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံကို ငွေချေးမယ့်ကိစ္စကို ငါတို့ မကန့်ကွက်တော့ဘူးလို့ အမေရိကန် ပြည်ထောင်စုက ပြောလာနိုင်ပါတယ်။ တကယ်ကတော့ သူတို့က မြန်မာအစိုးရ၊ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်တို့ကို တွေ့ဆုံပြီးပါပြီ။ ပွင့်လင်း မြင်သာမှုနဲ့ အုပ်ချုပ်ပုံစနစ် ကောင်းဖို့အတွက် လိုအပ်ချက်တွေ ရှိနေလို့ ဖြစ်ပါတယ်။

***********************************************************************************************

တရုတ်၏ သတ္တုတူးဖော်ရေး စီမံကိန်း မြန်မာတွင် စတင်လုပ်ကိုင်

(People’s Daily မှ 15 April 2011 ရက်စွဲပါ “China’s mining project put into operation in Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံ China Nonferrous Group နှင့် Taiyuan Iron Steel (Group) Co,Ltd (TISCO) တို့ ဖက်စပ် ရင်းနှီး မြှုပ်နှံထားသော မြန်မာ တကောင်းတောင် နီကယ်သတ္တုရိုင်း တူးဖော်ရေး စီမံကိန်းကို စတင် အကောင်အထည်ဖော် လုပ်ကိုင်နေပြီဟု အာဏာပိုင်များက သောကြာနေ့တွင် ပြောကြားလိုက်သည်။

စီမံကိန်း၏ သတ္တုသန့်စင်မှု စနစ်ကို ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း TISCO ၏ ကွန်မြူနစ်ပါတီ ကော်မတီ အတွင်းရေးမှူး ယန်ဟိုင်ဂီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား သတ္တုတူးဖော်ရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ဖြစ်၍ စီမံကိန်း ပြီးဆုံးချိန်အထိ နှစ်စဉ် အရည်အသွေးမြင့် ဖယ်ရိုနီကယ် (Ferro-nickel) တန်ချိန် ၈၅၀၀၀ ထုတ်လုပ် ထွက်ရှိနိုင်ရန် မျှော်လင့်ထားကြသည်။

ယခုစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်မှုကြောင့် တရုတ်နိုင်ငံတွင် သယံဇာတ မလုံလောက်မှုကို ကူညီ ဖြေရှင်း ပေးနိုင်မည်ဟု ယန်ဟိုင်ဂီက ဆိုသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ဇီပြည်နယ် တိုင်ယွန်မြို့တော်မှ ဖန်ဟီမြစ် ကမ်းပါးတွင် တည်ရှိသော TISCO သည် ကမ္ဘာ့အကြီးဆုံး သံမဏိ ကုမ္ပဏီကြီး ဖြစ်ပြီး နှစ်စဉ် သံမဏိတန်ချိန် ၁၀ သန်း ထုတ်လုပ်လျက် ရှိသည်။ ကုမ္ပဏီ၏ ထုတ်ကုန်များတွင် သံချေး မတက်သော သံမဏိ၊ စွမ်းအားမြင့် မာကျောသော သံမဏိ၊ အအေး နည်းပညာသုံး ဆီလီကွန် သံမဏိတို့ ပါဝင်သည်ဟု သိရှိရသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment